Tuesday, December 3, 2013

မှောင်ခိုစက်သုံးဆီ စစ်ဆေးရေး ရာသီဥတုကြောင့် အခက်ကြုံ

0 comments


3.12.2013

မှောင်ခို ကုန်သွယ် ဝင်ရောက်မှုကို ဟန့်တားရန်အတွက် ဆီတွဲသင်္ဘောကြီးများ ကျောက်ချ ရပ်နားရာ ရန်ကုန်မြစ်အထွက် ပင်လယ်ဝအနီး (OEA -NEA) တွင် ရာသီဥတု ဆိုးရွားမှုကြောင့် ရွေ့လျားစစ်ဆေးရေးအဖွဲ့က မှောင်ခိုစစ်ရန် အခက်ကြုံနေ ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

မှောင်ခို စက်သုံးဆီ သယ်ဆောင်မှုကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က စတင်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိ စစ်ဆေးမှု၌ လိုင်စင်တွင် ဖော်ပြ ပါရှိသည့် စက်သုံးဆီ ပမာဏထက် ပိုမိုတင်ဆောင်မှု အပါအဝင် အမှု ၁၀ မှုခန့်သာ စစ်ဆေးတွေ့ရှိရကြောင်း ၎င်းက ရှင်းပြသည်။

“ကျောက်ချ ရပ်ထားတဲ့ သင်္ဘောကြီးနားကို ကပ်ဖို့ ခက်ခဲနေတုန်းပဲ။ ဘာလို့လည်းဆိုတော့ လှိုင်းက အရမ်းကြီးပြီး Boat (လှေ) က အရမ်းသေးနေတယ်။ ရာသီဥတုကလည်း ဆိုးနေတယ်။ ရဲရင့်ကြယ်သင်္ဘော ဒေါက်တင်ပြီးရင်တော့ အဆင်ပြေမှာပါ” ဟု ၎င်းက မှောင်ခို စက်သုံးဆီ စစ်ဆေးမှုတွင် တွေ့ရသည့် အခက်အခဲကို ပြောကြားသည်။

လူ ၅၀ ဦးဆံ့ သံကိုယ်ထည် သင်္ဘောဖြစ်သည့် ရဲရင့်ကြယ်သင်္ဘောမှာ လက်ရှိတွင် ဒေါက်တင် နေရသောကြောင့် မှောင်ခို စက်သုံးဆီ ဖမ်းဆီးမှုတွင် လူ ၁၂ ဦးခန့်ဆံ့ ဖိုင်ဘာလှေနှစ်စီးကိုသာ အသုံးပြုလျက် ရှိပြီး ဒီဇင်ဘာ ၁၅ ရက်ကျော်ပါက ရဲရင့်ကြယ်သင်္ဘောကို အသုံးပြုမည်ဟု ဦးညွန့်အောင်က ဆိုသည်။

ရန်ကုန်မြစ်ဝအပြင် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်နှင့် တွံတေးတူးမြောင်း အတွင်းရှိ စက်သုံးဆီ မှောင်ခိုနှင့် ကုန်ပစ္စည်း မှောင်ခိုများ ကိုလည်း စစ်ဆေးရန် စီစဉ်လျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

ဆီတွဲသင်္ဘောကြီးများသည် ပေါက်ကွဲ လွယ်သောကြောင့် ဆိပ်ကမ်းနှင့် နီးရာတွင် လည်းကောင်း၊ လူနေ အဆောက်အအုံ များနှင့် နီးရာတွင် လည်းကောင်း ကျောက်ချရပ်နား၍မရဘဲ အဆိုပါ အန္တရာယ်ကြောင့် ကျောက်ချ ရပ်နားရန် သတ်မှတ် ထားသည့် (OEA -NEA) နေရာတွင်သာ ရပ်နားရကြောင်း အဆိုပါရုံးထံမှ သိရသည်။

The  Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here