Wednesday, December 4, 2013

ပခုက္ကူနှင့် ညောင်ဦးမြို့ကြားရှိ ဧရာဝတီမြစ်ကြောင်း ကွေ့ကောက်မှု များပြားလာပြီး ရေစူးအနက် နည်းပါးလာခြင်းကြောင့် မော်တော်များ သောင်တင်မှု မရှိစေရန် သတိပြု မောင်းနှင်နေရ

0 comments

ဆန်ပို့မော်တော်များ ပခုက္ကူ ဆိပ်ကမ်းတွင် ကမ်းကပ်ရန် နေရာအခက်အခဲကြောင့် မြစ်လယ်တွင် ခေတ္တရပ်နားထားစဉ်

ပခုက္ကူနှင့် ညောင်ဦးမြို့ကြားရှိ ဧရာဝတီမြစ်ကြောင်း ကွေ့ကောက်မှု များပြားလာပြီး မြစ်ရေဆက်လက် ကျဆင်းနေခြင်းကြောင့် ရေစူး အနက်လည်း နည်းပါးလာသည့်အတွက် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ပခုက္ကူမြို့သို့ ဆန်၊ ဆား၊ ဆီနှင့် ဘိလပ်မြေများ သယ်ယူပို့ဆောင် ပေးနေသော ရေယာဉ်ကြီးများမှာ သောင်တင်မှု မရှိစေရန် သတိပြု မောင်းနှင်နေရကြောင်း ရေယာဉ်မောင်းများထံမှ သိရသည်။

ရေစူးအနက် နည်းပါးသော နေရာများတွင် မော်တော်များ သွားလာနိုင်ရန်အတွက် စက်လှေငယ်များ စေလွှတ်၍ ရေကြောင်း ရှာဖွေ မောင်းနှင်နေရသည့် ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာပြီး ယခင်မြစ်ရေတက်ချိန်တွင် ရေစူးအနက် ပြသ ထားသော ရေကြောင်းပြ အမှတ်အသားများမှာလည်း ယခုအခါ မြစ်ရေကျဆင်း နေသည့်အတွက် ရေစူး အနက် အား ပြန်လည် တိုင်းတာပြီး ရေကြောင်းပြ အမှတ်အသားများအား ပြင်ဆင်ပြသရန် လိုအပ်ကြောင်း ရေယာဉ်မောင်းများ ၏ ပြောကြား ချက်အရ သိရသည်။

"မြောင်းမြကနေ ဓနုဖြူထိအောင် ရေကြောင်းကောင်းတယ်။ အဲဒီကနေ ပခုက္ကူထိအောင်ကတော့ ရေနက်တဲ့ နေရာနက်၊ တိမ်တဲ့နေရာ တိမ်နဲ့ ရေကြောင်းရှာမောင်း နေရတယ်။ ညောင်ဦးနဲ့ ပခုက္ကူကြားဆိုရင် ရေကြောင်းက အကောက်အကွေ့ တအားများတယ်။ စုစုပေါင်း ခုနစ်နေရာလောက် တောင်ဘက်ကွေ့လိုက် မောင်းလိုက်၊ ပြီးရင် မြောက်ဘက်ပြန်ကွေ့လိုက်၊ အတည့်ပြန်မောင်း လိုက် ပြန်ကွေ့လိုက်နဲ့ အတော်ဆိုးတယ်။ အချိန်လည်း တအားကုန်တယ်။ စက်လှေနဲ့ ရေကြောင်းစမ်းရတဲ့အတွက် ကုန်ကျစရိတ် လည်း တက်လာတယ်။ အနည်းဆုံး ရေစူးအနက်ကလည်း ငါးတောင်ပဲရှိတော့ အစုန်ဆိုရင် မနည်းထိန်းမောင်း နေရတယ်" ဟု ရေယာဉ်မောင်း လက်ထောက်စလင်တစ်ဦးက ဆိုသည်။ "ရေက ဆက်တိုက်ကျနေတော့ ကုန်ချိန်လျှော့ သယ်နေရပြီ။ အရင်ဆန်အိတ် ၁၃၀၀၀ တင်တယ်။ အခု ၁၂၀၀၀ လောက်ပဲ တင်တော့တယ်။ နောက်ရက်တွေဆိုရင် ရေကခုထက် ပိုကျမှာဆိုတော့ ကုန်လည်းထပ်လျှော့ တင်ရတော့မယ်။ ရေကြောင်း တအားကျပ်ပြီး အကောက်အကွေ့များတဲ့ နေရာတွေ ကို သောင်တူး ပြီး ရေကြောင်းဖြောင့်သွားအောင် ပြန်လုပ်ပေးသင့်တယ်" ဟု စလင်ကြီး ဦးညွန့်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ထွက်ရှိသော ကုန်စည်များနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများမှ ထွက်ရှိသော ကုန်စည် များအား အပြန်အလှန် တင်ပို့ရာတွင် သယ်ယူစရိတ် သက်သာသည့် ရေယာဉ်ကြောင်းခရီးမှ အဓိကထား ပို့ဆောင်ကြပြီး ယခု အခါ မြစ်ဝကျွန်းပေါ် ဒေသများမှ မိုးဆန်အသစ်များ ထွက်ရှိလာပြီ ဖြစ်သောကြောင့် ရေကြောင်းပို့ဆောင်ရေးမှာ ပိုမိုအရေး ပါလာ မည်ဖြစ်ကြောင်း သိရသည်။ 

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here