Tuesday, September 24, 2013

စင်ကာပူသမ္မတနှင့် ဝန်ကြီးချုပ်တို့ကို ဒေါ်အောင်ဆန်းစုကြည်တွေ့

0 comments


ရန်ကုန်၊ စက်တင်ဘာ ၂၃

စင်ကာပူနိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ် သွားရောက်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူနိုင်ငံသမ္မတ ဒေါက်တာတိုနီတန် ကင်ယန်း၊ ဝန်ကြီးချုပ် လီရှန်လွန်းတို့ကို သမ္မတနန်းတော် အဆောက်အအုံတွင် သီးခြားတွေ့ဆုံကြောင်း စင်ကာပူအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စင်ကာပူထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ အစိုးရခေါင်းဆောင်များနှင့် စက်တင်ဘာ လ ၂၃ ရက်နေ့တွင် တွေ့ဆုံခြင်း ဖြစ်သည်။
“ဒီမနက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုက ကောင်းမွန်ခဲ့ပါတယ်။ အဲ့ဒီ တွေ့ဆုံမှုမှာ မြန်မာ့ဖွံ့ဖြိုးရေးနဲ့ စင်ကာပူ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်” ဟု စင်ကာပူ ဝန်ကြီးချုပ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောကြားသည်။

ထို့ပြင် စင်ကာပူနိုင်ငံ ဝါရင့် ဝန်ကြီး ဂိုချောက်တောင်တို့ သီးခြားတွေ့ဆုံကြောင်း အဆိုပါဝန်ကြီး၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပါက မြန်မာနိုင်ငံကို အောင်မြင်စွာ ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်က စက်တင်ဘာလ ၁၇ ရက်နေ့၌ အာဆီယံ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌသည် ၎င်း၏ ဒုတိယမြောက် အာဆီယံ ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ သွားရောက်နေခြင်း ဖြစ်ပြီး ခရီးစဉ် အတွင်း စင်ကာပူထိပ်သီး ခေါင်းဆောင်များအပြင် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် တွေ့ဆုံခဲ့ကာ စင်ကာပူ ထိပ်သီး အစည်းအဝေး၊ စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်နှင့် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံပွဲများသို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here