Friday, December 20, 2013

အိန္ဒိယ-မြန်မာနယ်စပ်အခြေအနေ တင်းမာနေသော်လည်း နန်းဖာလုံဈေး အရောင်းအ၀ယ်မထိခိုက်

0 comments
                             မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးအတွင်း ဈေးဝယ်နေသူများအား တွေ့ရစဉ်

20.12.2013

အိန္ဒိယ-မြန်မာနယ်စပ်အခြေအနေ တင်းမာမှု ဖြစ်ပွားနေသော်လည်း နယ်စပ်ဈေးဖြစ်သော နန်းဖာလုံဈေး၏ အရောင်းအ၀ယ်ကို မထိခိုက်ဟု နန်းဖာလုံဈေးသူ ဈေးသားများ၏ ပြောပြချက်အရ သိရသည်။

" နယ်စပ်မှာ အရင်က ဒီနေရာမှာ ဂိတ်တစ်ခုဆောက်ဖို့ စီစဉ်နေတာကြာပြီ။ သူတို့ဘက်က တောင်တွေ ကိုဖြိုတယ်။ မြေစာတွေကို မြန်မာဘက်လာပုံတယ်။ အခုတော့ပုံထားတဲ့မြေစာတွေကိုဖိချပြီး သူတို့ပိုင် နယ်မြေ လုပ်လို့ ပြဿနာ ဖြစ်တာ။ ဒီပြဿနာဖြစ်ပေမဲ့ နန်းဖာလုံဈေးရဲ့ အရောင်းအ၀ယ် ကိုတော့ မထိခိုက်ပါဘူး။ နိုဝင်ဘာကုန်လောက်ကနေပြီး အရောင်းအ၀ယ် ကောင်းလာ တာ ဒီဇင်ဘာလ ကုန်လောက်အထိ ကောင်းလိမ့်မယ်။ ဇန်န၀ါရီလဆန်း လောက်ကျရင်တော့ နည်းနည်းပါးသွားမယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော် နီးတဲ့အတွက်ကြောင့် အရောင်းအ၀ယ် ကောင်းတာ လည်းပါတယ် "ဟု နန်းဖာလုံဈေးသည် ကိုအောင်ဇော်လင်းက ပြောကြားခဲ့သည်။

နန်းဖာလုံဈေးသည် အိန္ဒိယနိုင်ငံ အတွင်းရှိ ဒေသခံများ အများဆုံးလာရောက် ဈေးဝယ် ယူကြသော မြန်မာ ပိုင်ဈေးဖြစ်သည်ဟု သိရသည်။ " နန်းဖာလုံ အတွက် ကုန်တွေကလည်း ပုံမှန်ဝင်တယ်လေ။ နန်းဖာလုံဈေး နဲ့တည့်တည့် ကလည်း နယ်စပ်ဂိတ် ၂ လေ။ အဲဒီကနေပြီး အရောင်းအ၀ယ်ကတော့ ပုံမှန် စည်ကားနေတာပဲ၊ နယ်စပ်ဂိတ် (၁)က အိပ်စပို့ကုန်တွေ ပို့ကြသွင်းကြ တဲ့နေရာ အဲဒီမှာတော့ မနေ့က အိန္ဒိယကုန်သည်နဲ့ ကတောက်ကဆ စကားများတယ်လို့ပြောတယ်။ နန်းဖာလုံကတော့ အရောင်း အ၀ယ် ကောင်းပါတယ် " ဟု နန်းဖာလုံဈေးသည်တစ်ဦးက ဆက်လက်ပြောကြား ခဲ့ပါသည်။

မြန်မာ-အိန္ဒိယနယ်စပ်တွင် နယ်စပ်ကုန်သွယ်ရေး အဓိကလုပ်ကိုင်နေသာ နှစ်နေရာမှာ တမူးနယ်စပ် (စစ်ကိုင်းတိုင်း ဒေသကြီး)နှင့် ရိဒ်ခေါရ်ဒါ (ချင်းပြည် နယ်) တို့ဖြစ်သည်ဟု သိရသည်။

" နယ်စပ်ကုန်သွယ်ရေးအတွက် မီဇိုရမ် ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ရိဒ်ခေါရ် ဒါနယ်စပ်ကလည်း အခု ကုန်တွေ တော်တော်သွားတယ်။ အဓိကလမ်းပမ်း ဆက်သွယ်ရေး သိပ်မကောင်းလို့ပါ။ တီးတိန်မြို့နဲ့ ရိဒ်ခေါရ်ဒါလမ်းကို ပြင်လိုက်မယ်ဆိုရင် တော်တော် အဆင်ပြေသွားမယ်။ လမ်းတွေကောင်း လာရင် ရိဒ်ခေါရ်ဒါရ်ဘက်ကတောင် ပိုပြီးတိုးတက်လာနိုင်သေးတယ်။ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အတွင်း ကလည်း အေးချမ်းတယ် " ဟု ရိဒ်ခေါရ်ဒါမှ ကုန်သည်တစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here