Friday, December 13, 2013

ရှမ်းပြည်နယ်တောင်ပိုင်း RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်တွေ့ဆုံခြင်း

0 comments
“အစိုးရရဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိုတော့ သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရရဲ့မူဘောင်မှာက ထာဝရငြိမ်းချမ်းရေး ရဖို့ လက်နက်စွန့်ရမှာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး”

13.12.2013

ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် အခြေစိုက်ထားသော ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသော အင်အားကြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုး၊ အပစ်အခတ်ရပ်စဲပြီးနောက် RCSS ထိန်းချုပ်ဒေသတွင်း ဒေသဖွံ့ဖြိုးရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနှင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ရာ နိုင်ငံရေးဆွေးနွေးပွဲများအတွက်(RCSS/ SSA)၏ သဘောထား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မည်သို့ရှေ့ဆက်သွားရန် ရည်မှန်းနေသည် စသည်တို့ကို RCSS/SSA ဌာနချုပ်ရှိရာ ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျန်းဒေသသို့သွားရောက်ကာ RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် အား မေးမြန်းခဲ့သည် များမှ စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း RCSS ထိန်းချုပ်ဒေသတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်ဖြင့်ပေါ့။ ဘယ်ကဏ္ဍတွေမှာ သိသိသာသာ ဖွံ့ဖြိုးတိုးတက်မှုရှိလာပါလဲ။

ဖြေ- အပစ်အခတ်ရပ်စဲထားတာ ၂ နှစ်တော့ရှိပြီပေါ့။ ဒါပေမဲ့ တိုးတက်မှုပိုင်းတော့ ဘာမှသိသိသာသာ ထင်ထင်မြင်မြင်ကြီးတော့ မရှိသေးပါဘူး။ တိုးတက်မှုပိုင်းမဖြစ်လာရတာ အပိုင်းသုံးပိုင်းရှိပါတယ်။ နံပါတ်တစ် နားလည်မှုတွေကွာခြားနေတယ်။ အပစ်ခတ်ရပ်စဲ ထားတဲ့ သဘောတူဆုံးဖြတ်ချက် ၃၂ ချက်ရှိတယ်။ အဲဒီ ၃၂ ချက်ထဲမှာ တပ်မတော်ဘက်က လိုက်နာတယ် ဆိုတာ နှစ်ချက်လောက် ပဲရှိတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲထားတဲ့ ၂ နှစ်လောက်အတွင်းမှာ တိုက်ပွဲပေါင်း ၁၄၄ ကြိမ် ထပ်ဖြစ်ခဲ့တယ်။ စစ်ပွဲတွေဖြစ်ရတဲ့ အကြောင်းက တပ်မတော်ဘက်က RCSS အဖွဲ့ဝင်တွေကို တောထဲဝင်ပြီး လိုက်ရှာပြီးတော့ ပစ်တဲ့အတွက်ကြောင့်ပါ။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲထားပေမယ့် နားလည်မှုသဘောထားတွေကတော့ ကွဲလွဲနေသေးတယ်။ ပထမအပစ်ရပ်ဖို့ ဦးအောင်မင်း နဲ့ ဆွေးနွေးတဲ့ အချိန်မှာ ဒီ RCSS ရဲ့ စစ်သားတွေရှိတဲ့နေရာမှာ တပ်တွေချမယ်၊ နောက်ပြီး တပ်မတော်ဘက်ကလည်း တောထဲဝင်ရင် သတင်းတွေပြန်ကြားပေးဖို့၊ သတင်းပေးဖို့ သဘောတူညီထားကြတယ်။ ပြီးတော့ RCSS ဘက်ကလည်း မြို့ထဲကိုသွားမယ်၊ လက်နက် ပါမယ်ဆိုရင် အကြောင်းကြားပေးဖို့ အဲဒါတွေ သဘောတူညီထားကြပါတယ်။ ခုတော့ သဘောတူထားတဲ့ အတိုင်း ဖြစ်မလာခဲ့ပါဘူး။

မေး- သဘောတူညီချက်တွေထဲက အကောင်ထည်မဖော်နိုင်သေးတဲ့အချက်တွေ များနေတာက ဘယ်လိုအနှောင့်အယှက်ဖြစ်စေနိုင်လဲ။
ဖြေ-အကောင်အထည်မဖော်နိုင်တာတွေကို ပြန်ပြီးဆွေးနွေးဖို့လိုပါတယ်။ နားလည်မှုကွဲလွဲနေတာတွေ။ သဘောထားချင်း မတူ တာတွေကို ပြန်ဆွေးနွေးဖို့လိုပါတယ်။ ပြန်ဆွေးနွေးဖို့က အရေးကြီးပါတယ်။ ပြန်ပြီးဆွေးနွေးတာက သေနတ်တွေပစ်ခတ်နေတာ၊ တိုက်ခိုက်နေတာထက် ပိုကောင်းပါတယ်။ အကယ်၍ ပြန်ပြီးမဆွေးနွေးကြဘဲ ဓားတွေသုံးပြီး ဖြေရှင်းမယ်ဆိုရင် မဖြစ်နိုင်ဘူး။ နှစ် ၆၀ ကြာ ပြည်တွင်းစစ်ကလည်း ဖြစ်လာခဲ့ပြီးပြီ။ တပ်မတော်ကလည်း တိုင်းရင်းသားတွေကို အပြတ်၊ တစ်ခါတည်း မချေမှုန်းနိုင်ဘူး။ တိုင်းရင်းသားတွေဘက်ကလည်း တပ်မတော်ကိုမနိုင်ဘူး။ ပြည်တွင်းစစ်ရဲ့ဆိုးကျိုးက ပြည်သူလူထုပဲ ခံစားရတယ်။ ဒါကြောင့် ပြန်ဆွေးနွေးဖို့က အရေးကြီးတယ်။ ပိုပြီးတော့ကောင်းတဲ့လမ်းစဉ် ဖြစ်ပါတယ်။ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးတာ ကတော့ ကောင်းတဲ့လမ်းစဉ်ဖြစ်ပါတယ်။ ပြုံးပြီးတော့ ဆွေးနွေးကြပြီး ရယ်ရွှင်ပြီး တရင်းတနှီးဆွေးနွေးကြပြီး ရည်မှန်းချက် ပန်းတိုင် ကို လျှောက်ရမှာဖြစ်ပါတယ်။

မေး- ၂၀၁၄ ခုနှစ်ထဲမှာရော သဘောတူထားတဲ့အချက်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါသလား။ 

ဖြေ- ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ စကားတွေကို သတိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ လုပ်ချင်တယ်၊ ရချင်တယ်ဆိုရင်တော့ ခေါင်းဆောင်တဲ့သူကစပြီးတော့ လုပ်ရင်တော့ ရနိုင်ပါတယ် တဲ့။ ခေါင်းဆောင်ဆိုတာ အာဏာရှိတဲ့သူပေါ့။ သူတို့က ငြိမ်းချမ်းရေးကို တကယ်ရချင်တယ်၊ တကယ်လုပ်မယ်ဆိုရင်တော့ တစ်ခါတည်းနဲ့ ပြီးသွားနိုင်ပါတယ်။ အဲဒီကိစ္စတွေမှာ အခက်အခဲဆိုတာ ဘာမှမရှိနိုင်ပါဘူး။ သူတို့က ငြိမ်းချမ်းရေးကို တကယ်မ လိုချင်လို့ အကြောင်းပြချက် တစ်မျိုးပြီးတစ်မျိုးရှာပြီးတော့ ပြဿနာတွေ ရှာမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ရနိုင်မှာ မဟုတ်ဘူး။

မေး- RCSS အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုမူဝါဒနဲ့ သွားနေပါသလဲခင်ဗျ။

ဖြေ- RCSS အနေနဲ့က အပစ်အခတ်ရပ်စဲရေးကို နိုင်ငံတော်သမ္မတနဲ့ ဆွေးနွေးထားတယ်။ သဘောတူညီချက်တွေလည်း ရရှိပြီးပြီ။ RCSS ဘက်ကတော့ နိုင်ငံရေးဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ နိုင်ငံရေးဆွေးနွေးမှုအတွက်လည်း RCSS က မူဘောင်တွေရှိပြီးပါပြီ။ မူဝါဒလမ်းစဉ်တွေ ရှိပါတယ်။ ပထမတစ်ချက်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လိုပါတယ်။ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုမူဝါဒဟာ ဖက်ဒရယ်စနစ်ဖြစ်ဖို့လိုပါတယ်။ ဒုတိယအချက်ကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့ အရေးကြီးပါတယ်။ နောက်ပြီး တတိယအချက် ကတော့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒါကတော့ RCSS ရဲ့ အရေးကြီးတဲ့မူဝါဒပါပဲ။

မေး- အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်တဲ့ လိုင်ဇာဆွေးနွေးပွဲမှာ RCSS က လက်မှတ်မထိုးခဲ့ပါဘူး။ အထက်ကလူကြီးတွေနဲ့ မတိုင်ပင်ရသေးလို့ လက်မှတ်မထိုးတာလို့တော့ သိထားရပါတယ်။ အဲဒီပေါ်မှာ ဥက္ကဋ္ဌ အနေနဲ့ ဘယ်လိုများပြောချင်ပါသလဲ။ 

ဖြေ- ဆွေးနွေးမှုရဲ့ဆုံးဖြတ်ချက်ရလဒ်က ဘယ်လိုလဲဆိုတော့ ဒီဘက်က ရည်ရွယ်ပြီးသွားတာက အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးဖို့သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ထွက်လာတာက နိုင်ငံရေးနဲ့ပတ်သက်တယ်။ အဲဒါကြောင့် လက်မှတ် မထိုးသေးတာ။ တကယ်နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုရင်တော့ လိုင်ဇာတစ်ခုတည်းနဲ့ မပြီးသေးဘူး။ ရှမ်းပြည်တစ်ပြည်လုံး မှာရှိတဲ့ ပြည်သူလူထုရဲ့သဘောထားကိုလည်း တောင်းခံဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် လက်မှတ်မထိုးသေးတာပါ။ 

မေး- အခုဆို အစိုးရနဲ့တိုင်းရင်းသားတွေ နှစ်ဖက်လုံးက မူဘောင်တွေထုတ်ကြတယ်။ အစိုးရကထုတ်တဲ့မူဘောင်နဲ့ပတ်သက်ပြီးတော့ရော ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့သဘောထားကို WGEC ကနေ တင်ပြဆွေးနွေးထား တာရှိပါတယ်။ အစိုးရရဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကိုတော့ သဘောမတူပါဘူး။ နိုင်ငံတော်သမ္မတကပေးလာတဲ့ မူဘောင်ကိုတော့ RCSS အနေနဲ့ သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရရဲ့ မူဘောင်မှာက ထာဝရငြိမ်းချမ်းရေးရဖို့အတွက် လက်နက်စွန့်ရ မှာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး။ သဘောမကျဘူး။

မေး- RCSS လိုပဲ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဒီအချက်ပေါ်မှာ အခြေခံပြီးတော့ ဒီမူဘောင်ကို သဘောမ တူကြဘူး။ ဒီလိုမျိုးကွဲလွဲချက်တွေ ရှိနေမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးမှာ ဘယ်လိုမျိုးထိခိုက်မှုတွေရှိနိုင်မလဲ။

ဖြေ- အကယ်၍ အစိုးရဘက်ကနေ တပ်မတော်ဘက်က သူတို့ချထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို လက်ခံ ပြီးတော့ ပြန်လည်မပြင်ဆင်ဘူးဆိုရင်တော့ ဒီအပစ်အခတ်ရပ်စဲရေးဟာ ပျက်စီးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်ပွဲတွေ ထပ်ဖြစ် လာဦးမယ်ထင်ပါတယ်။

မေး- ဥက္ကဋ္ဌအနေနဲ့ အစိုးရကို ဘယ်လိုများအကြံပြုချင်ပါသလဲ။

ဖြေ- RCSS အနေနဲ့ MPC ဘက်ကိုလည်း အကြံဉာဏ်ပေးထားတယ်။ ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း အကြံဉာဏ်ပေးထားတယ်။ ဘယ်လိုအကြံဉာဏ်ပေးထားလဲဆိုတော့ ငြိမ်းချမ်းရေးလိုလားတယ်ဆို နှစ်ဖက်အလျှော့အတင်းတွေ လုပ်မှ ဖြစ်နိုင်မယ်။ အလျှော့အတင်းတွေလုပ်ပြီး တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးမှဖြစ်နိုင်မယ်။ အကယ်၍ ဆက်ပြီးတင်းမာနေ ဦးမယ် ဆိုရင် တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်လာခဲ့တာလည်း နှစ် ၆၀ ကြာလာခဲ့ပြီး ဘာမှထူးခြားတိုးတက်မှု ဆိုတာ မရှိခဲ့ဘူး။ အခြေအနေတွေဟာ ဘယ်အချိန်ထိဆက်ပြီး ဆိုးနေဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ အကယ်၍ ဆက်ပြီးတင်းမာနေ ဦးမယ်ဆိုရင်တော့ တိုက်ပွဲတွေကထပ်ဖြစ်မယ်။

မေး- စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေအပြင် ဘာတွေများထပ်ပြီး လိုအပ်သေးတယ်လို့ ထင်ပါသလဲ။

ဖြေ- ထာဝရငြိမ်းချမ်းရေးဆိုတာ ပထမအချက်အနေနဲ့ နိုင်ငံတော်သမ္မတချထားတဲ့ မူဘောင်လမ်းစဉ်အတိုင်း ဆက်လုပ်ရင် လည်း ဖြစ်နိုင်တယ်။ သမ္မတက ဘယ်လိုလဲဆိုတော့ ပထမတစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြတယ်။ နိုင်ငံရေးမူဘောင်တွေ ရေး ဆွဲကြမယ်။ နောက်တစ်ခါ နိုင်ငံရေးဆွေးနွေးပွဲကိုပြုလုပ်မယ်ပေါ့။ အဲဒီလိုဆိုရင် ထာဝရငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာပါ။

မေး- ဖွဲ့စည်းပုံဥပဒေနဲ့ပတ်သက်ပြီး RCSS ရဲ့ သဘောထားက ပြင်ဆင်မှာလား။ အသစ်ပြန်ရေးချင်တာလားခင်ဗျ။

ဖြေ- ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ RCSS ရဲ့ဘက်က ဘယ်လိုလဲဆိုတော့ ဆွေးနွေးမှုတော့ အရေးကြီးတယ်။ ဒီဘက်ကနေ အသစ်ရေးဆွဲမယ်ဆိုလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ အားလုံးပါဝင်ဆွေးနွေးပြီး ပြင်ဆင်ဖို့လိုပါတယ်။ အရေးကြီးတာက စစ်မှန်တဲ့ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်မှုစနစ်အရဆိုရင် အာဏာတွေက ပြည်သူတွေကို ခွဲဝေပေးရမယ်။ အခုအခြေအနေက ဒီမိုကရေစီအုပ်ချုပ်မှုစနစ် မဖြစ်သေးဘူး။ တပ်မတော်က အာဏာတွေကို ချုပ်ကိုင်ထားဆဲပဲ။

မေး- ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ RCSS အနေနဲ့ ကြိုတင်ပြင်ဆင်ထားတာရှိလား။

ဖြေ- ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ RCSS ဘက်က ပြင်ဆင်မှုတွေရှိပါတယ်။ နောက်ပြီး ကမ္ဘာမှာလည်း ဖက်ဒရယ်မူဆိုတာ ကြီးထွားလာနေပါပြီ။ အမေရိကန်ရဲ့ဥပဒေတွေကို ဥပမာယူပြီးတော့ လုပ်နေတာတွေရှိပါတယ်။

မေး- လွှတ်တော်မှာတော့ ဖက်ဒရယ်နဲ့ပတ်သတ်လို့ ဂျာမနီရဲ့ဖက်ဒရယ်သဘောမျိုး ပြောဆိုနေသံကြားရပါတယ်။ အဲဒီတော့ RCSS အနေနဲ့ ဘယ်လိုပြင်ဆင်ထားတာလဲခင်ဗျ။

ဖြေ- သိပ်တော့မကွဲပြားပါဘူး။ နည်းနည်းပဲကွာခြားတာပါ။ ဂျာမနီက ဥပမာပဲယူယူ၊ အမေရိကန်က ဥပမာပဲယူယူ အများကြီးကွာခြားမှုသိပ်မရှိပါဘူး။

မေး- တိုင်းရင်းသားအများစုပြောနေကြတဲ့ ဖက်ဒရယ်တပ်မတော်ကိစ္စပေါ့။ ဖက်ဒရယ်တပ်မတော်ဆိုတာ တကယ်ဖြစ်လာမယ်လို့ ယုံကြည်လား။

ဖြေ- အဲဒီကိစ္စ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ တိုင်းရင်းသားတွေဘက်က ဦးဆောင်သူတွေ ၊ ခေါင်းဆောင်တွေ၊ ပြီးတော့ တပ်မတော်ဘက်က တပ်ဦးစီးချုပ်တွေအချင်းချင်း အကြိမ်ကြိမ်ဆွေးနွေးဖို့ လိုသေးတယ်။ အခုတော့ တပ်မတော်ကို တိုင်းရင်းသားတွေက ယုံကြည်မှုတအားကြီး နည်းနေသေးတယ်။ အခု ယုံကြည်မှုတွေ တည်ဆောက်ဖို့ အရေးတကြီးလိုအပ်နေပါသေးတယ်။ ဖက်ဒရယ်မူဆိုတာ အချင်းချင်းပေါင်းစည်းနေထိုင်ကြတာပါ။ ပေါင်းစည်းမှုမဖြစ်နိုင်သေးဘူးဆိုရင်တော့ Federal Military (ဖက်ဒရယ်တပ်မတော်)ဆိုတာ မဖြစ်နိုင်သေးဘူး။ အခုတပ်မတော်ရဲ့ ရပ်တည်မှုအပေါ် အခြေခံပြီးပြောမယ်ဆိုရင်တော့ ပြည်ထောင်စုတပ်မတော်ဆိုတာ ဖြစ်လာဖို့ကိစ္စမလွယ်ကူဘူး။ မဖြစ်နိုင်ဘူး။ အကယ်၍ ဖက်ဒရယ် တပ်မတော်ဖြစ်မလာရင် ပြီးတော့တစ်ဖက်ကလည်း အချင်းချင်းအလျှော့အတင်းတွေလုပ်ပြီး ဆွေးနွေးကြ၊ အ၀င်အထွက်တွေ လုပ်ပြီးတော့ အဆင်မပြေကြဘူးဆိုတော့ စစ်ပွဲတွေ ဆက်ဖြစ်နေဖို့ပဲရှိတယ်။

မေး- RCSS ကရော ပြည်ထောင်စုတပ်မတော်နဲ့ပတ်သက်လို့ပြင်ဆင်ထားတာရှိပါသလား။

ဖြေ- ဖက်ဒရယ်စနစ် ဖွဲ့စည်းပုံအရ ဒီပြည်ထောင်စုတပ်မတော်ရဲ့မူဘောင် ပေါ်မှာ RCSS ဘက်ရဲ့ သဘောထားကိုပဲ ယူလို့မရဘူး။ တပ်မတော်ရဲ့သဘောထားကိုပဲ ယူလို့မရဘူး။ အားလုံးဝိုင်းပြီးတော့ တပ်မတော်ဘက်၊ တိုင်းရင်းသားတွေဘက် အားလုံး ၀ိုင်းဝန်းဆွေးနွေးပြီး ၀ိုင်းဝန်းလုပ်ဆောင်မှရမယ်။ ထိုင်ပြီးဆွေးနွေးဖို့ လိုအပ်ပါတယ်။ RCSS ရဲ့ သဘောထားကိုပဲ ပြောမယ်ဆိုရင်လည်း တပ်မတော်က လက်ခံမှာမဟုတ်ဘူး။ တပ်မတော်ကချထားတဲ့ သဘောထားကိုလည်း RCSS က လက်ခံနိုင်မှာမဟုတ်ဘူး။ ညှိယူဖို့လိုပါတယ်။ စည်းလုံးမှုပေါ့။ နှစ်ဦးနှစ်ဖက်က အတူတူလက်တွဲလျှောက်ဖို့လိုပါတယ်။ တစ်ဖက်သက်လျှောက် လို့မရပါဘူး။ နှစ်ဖက်အတူတူလာကြမှရမှာ။ အကယ်၍ တစ်ဖက်က တအားကြီးတင်းမာပြီးတော့ လုပ်နေရင်လည်းမရဘူး။ အကယ်၍ နှစ်ဦးနှစ်ဖက်က တအားကြီးတင်းမာနေရင်တော့ အပစ်အခတ်တွေက ထပ်ပြီးတော့ဖြစ်လာဦးမှာပဲ။

မေး- ဟိုတစ်လောက ရှမ်းပြည်ပေါင်းစည်းညီညွတ်ရေးကော်မတီ ဖွဲ့တယ်ဆိုပြီး ကြားသိရပါတယ်။ SSPP/SSA ပေါ့လေ ။ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ဆိုရင် SNLD ကို နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ထားတယ်။ အဲဒီတော့ RCSS အနေနဲ့ ရော နောက်ပိုင်းမှာ ဘယ်လိုအစီအစဉ်တွေနဲ့ ဆက်သွားဖို့ရှိလဲခင်ဗျ။

ဖြေ- ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ရဲ့ UNSSC (ရှမ်းပြည်ညီညွတ်ရေးကော်မတီ)က ရှမ်းပြည်ရဲ့ကိုယ်စားပြုပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့ ရည်ရွယ်ပါတယ်။

မေး- ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး UNODC ရဲ့ စစ်တမ်းတွေအရ အစိုးရနဲ့အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဒေသတွေမှာ ဘိန်းနဲ့မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုက ပိုများလာတယ်လို့ ပြောထားတယ်။ ရှမ်းပြည်နယ်မှာဆိုလည်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းရှိတယ်ဆိုတော့ ဘယ်လိုကြောင့် များလာလဲဆိုတာ သိချင်ပါတယ်ခင်ဗျ။

ဖြေ- ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တာကတော့ နိုင်ငံတော်သမ္မတက ပြည်သူလူထုရဲ့တိုးတက်မှုတွေ၊ ဖွံ့ဖြိုးမှုတွေ ဘာမှမလုပ်ပေးဘူး။ နိုင်ငံတော်သမ္မတက ပြည်သူလူထုရဲ့ တိုးတက်မှုတွေကို ဘာမှလုပ်မပေးဘူးဆိုရင်တော့ ပြည်သူလူထုက အရာရာတိုင်းကို စိုက်ပျိုးလာတာပါပဲ။ နိုင်ငံတော်သမ္မတအနေနဲ့ တပ်မတော်အနေနဲ့က ဒီမူးယစ်ဆေးဝါးတွေ ကို နှိမ်နင်းတယ် ဆိုပြီး ပြည်သူလူထုရဲ့ ဘိန်းစိုက်ခင်းတွေကို လိုက်ဖျက်ဆီးတယ်ဆိုတာ နည်းလမ်းမမှန်ပါဘူး။ ဥပမာအနေနဲ့ပေါ့၊ လူထုအနေနဲ့က ကိုယ်စားခါနီးထမင်းပန်းကန်ကို အဝေးကို လွှင့်ပစ်ခံလိုက်ရသလို ဖြစ်နေတယ်။ ကိုယ်စားနေတဲ့ထမင်းကို ကောက်ညှင်းနဲ့ လာလဲပေးရင်ကမှ စားနေရသေးတယ်။ အခု ပြည်သူလူထု ဘိန်းစိုက်နေရတဲ့ကိစ္စကလည်း အဲဒီလိုပါပဲ။ RCSS အနေနဲ့က ဘိန်းခင်းတွေကို တိုက်ဖျက်ဖို့ မှန်ကန်တဲ့လမ်းစဉ်မူဝါဒတွေ ရှိပါတယ်။ နိုင်ငံတော်သမ္မတနဲ့ လက်တွဲပြီးတော့ လုပ်ချင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က RCSS နဲ့ ပူးပေါင်းဖို့ လက်မခံဘူး။ ဘာကြောင့် ပူးပေါင်းဖို့လက်မခံတာလဲဆိုတာ သဘောမပေါက်ဘူး။ အပစ်အခတ်ရပ်စဲထားပေမယ့် သဘောထားတွေက မတိုက်ဆိုင်ကြဘူး။

မေး- စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ကိစ္စကရော ဘယ်အခြေအနေရှိပြီလဲခင်ဗျ။ ပြီးခဲ့တဲ့ဇွန်လက ဥက္ကဋ္ဌကြီးရဲ့ ရန်ကုန်ခရီးစဉ်မှာတော့ ၁၉၉၆ ခုနှစ်က တပ်မတော်ရဲ့ ဖြတ်(၄)ဖြတ်မူကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်နိုင်ရေး ပူးပေါင်းကြိုးပမ်းမယ်ဆိုပြီး ဦးခွန်ထွန်းဦးနဲ့ ပူးတွဲကြေညာချက် ထုတ်တာ တွေ့ ရပါတယ်။ အခု သူတို့ နေရပ်ပြန်နိုင်ရေး၊ ပြန်လည်နေရာချထားရေး ဘာတွေစတင်လုပ်ပေးနေပြီလဲခင်ဗျ။

ဖြေ- ပြည်သူတွေကတော့ နေရပ်ပြန်ချင်တဲ့ဆန္ဒကတော့ အမြဲရှိနေတာပေါ့။ ဒါပေမဲ့ သူတို့က နယ်မြေတည်ငြိမ်မှု၊ လုံခြုံမှုပေါ်မှာ အပူအပင်တွေရှိနေသေးတယ်။ အဲဒါကြောင့် မပြန်ရဲကြသေးတာ။ ထိုင်းဘက်မှာလည်း မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေ အများကြီးရှိနေသေးတယ်။ အကယ်၍ စစ်ပွဲတွေထပ်ဖြစ်နေဦးမယ်ဆိုရင်တော့ ပြည်သူတွေ လုံခြုံမှုမရှိသေးဘူး။ တိုက်ပွဲတွေ ထပ်ဖြစ်နေဦးမယ်၊ စစ်ကူတွေ တောင်းနေဦးမယ်ဆိုရင်တော့ ပြည်သူလူထုက ပြန်ရဲကြမှာမဟုတ်ဘူး။

မေး- ၂၀၁၂ ခုနှစ်က RCSS ဖွဲ့စည်းထားတဲ့ ရှမ်းတောင်တန်းချယ်ရီကုမ္ပဏီကရော စီးပွားရေးလုပ်ငန်းတွေ စလုပ်နေပြီလားခင်ဗျ။

ဖြေ- လုပ်ငန်းတွေ လျှောက်ထားတာတွေကတော့ အများကြီးပဲ။ အကောင်ထည်ဖော်တာ ဘာမှမဖော်နိုင်သေးဘူး။ သတ္တုတွင်း လုပ်ငန်းတွေလုပ်ဖို့ လျှောက်လွှာတွေ တင်ထားတယ်။ အစိုးရဘက်က ခွင့်ပြုချက်ကျလာပေမယ့် တပ်မတော်ဘက်က နယ်မြေထဲဝင်ဖို့ ခွင့်မပေးဘူး။ အဲဒါတွေကြောင့် ကြန့်ကြာနေတယ်။ သမ္မတဘက်ကတော့ နေပြည်တော်ကနေလည်း ခွင့်ပြုပေးတယ်။ ရှမ်းပြည်နယ်အစိုးရဘက်ကလည်း ခွင့်ပြုစာရတယ်။ စစ်တပ်ဘက်ကမရတော့ ၀င်လို့မရဘူး။ သတ္တုပိုင်းတွေ၊ စီးပွားရေးပိုင်းတွေ လုပ်မယ်ဆိုရင် လက်နက်ချမှ လုပ်ခွင့်ပေးမယ်ဆိုပြီး မိုင်းတုံရဲ့ဗျူဟာမှူးအောက်ကနေ သတင်းရတာပေါ့။ တာချီလိတ်ဘက်မှာလည်း စိုက်ပျိုးရေးလုပ်ဖို့ ဧက ၂၅၀၀၀ တောင်းထားတယ်။ အစိုးရနဲ့ ရှမ်းပြည်အစိုးရရဲ့ ခွင့်ပြုစာရတယ်။ ဒီဘက်ကတော့ ခွင့်ပြုချက်မရဘူး။ စီးပွားရေးနဲ့ပတ်သက်လို့ ဘာမှလုပ်ခွင့်မရသေးဘူး။ အဲဒီတော့ ပြဿနာက တပ်မတော်ဘက်ကနေ လာလာပြီးတော့ ခံနေတယ်။ တပ်မတော်က ကြားလာခံနေပြီး မပြီးနိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် တပ်မတော်က အပစ်အခတ်မရပ်စဲချင်ဘူးလားလို့တောင် တွေးမိတယ်။ အပစ်ရပ်တာ သမ္မတဦးသိန်းစိန်ကရပ်ချင်ပြီး တပ်မတော်ဘက်က မရပ်ချင်ဘူးလားလို့တောင် ထင်မိတယ်။ 

မေး- တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ယုံကြည်မှုလျော့နည်းနေတာနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းရင်ရနိုင်မယ်လို့အကြံပေးချင်လဲခင်ဗျ။
ဖြေ- ဒီပြဿနာကို ဖြေရှင်းဖို့ဆိုတာ ထပ်ကာထပ်ကာ ဆွေးနွေးဖို့လိုပါတယ်။ အ၀င်အထွက်တွေလုပ်ဖို့ ဆက်ဆံကြဖို့ လိုအပ်ပါတယ်။ ပုဂ္ဂိုလ်ခင်မှတရားမင်မယ်ဆိုတဲ့ စကားပုံလိုပေါ့။ အယုံအကြည်နဲ့လာမှာပေါ့။ အယုံအကြည်မရှိရင် ညီညွတ်မှုဘယ်ရမလဲ။ ညီညွတ်မှု မရှိရင် ပေါင်းစည်းမှုဘယ်ရမလဲ။

မေး- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါစေချင်သလား။ ပါဝင်လာရင်ရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ ထင်ပါသလား။

ဖြေ- ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ကိစ္စမှာ အရပ်ဘက်က အဖွဲ့အစည်းခေါင်းဆောင်တွေ ပါဝင်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့လည်း မရပါဘူး။ သူက မြန်မာနိုင်ငံကို ဒီမိုကရေစီသယ်ဆောင်လာတဲ့ ခေါင်းဆောင်ကောင်းဖြစ်ပါတယ်။

မေး- ပြည်တွင်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသားလူမျိုးတွေက နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့နယ်စပ်တွေမှာ နေထိုင်နေကြရပါတယ်။ အဲဒီအချိန်မှာ အိမ်နီးချင်းနိုင်ငံက အထူးသဖြင့် လူဦးရေများပြားတဲ့ တရုတ်နိုင်ငံလို နိုင်ငံခြားသားတွေက ပြည်တွင်းကို ၀င်လာကြတယ်။ အဲဒီတော့ ရှမ်းပြည်နယ်မှာ နိုင်ငံခြားသားစိမ့်ဝင်မှုက စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပြီလားခင်ဗျ။

ဖြေ- RCSS ထိန်းချုပ်ဒေသမှာတော့ နိုင်ငံခြားသားဝင်ရောက်မှုကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံထဲကို ၀င်လာပြီးတော့ မြန်မာနိုင်ငံသားကတ်တွေ ကိုင်ဆောင်ထားတယ်။ ပြီးတော့ ပြည်နယ်ထဲက မြေတွေဝယ်ပြီး ကိုယ်ပိုင်မြေအဖြစ် ပြောင်းလဲလုပ်ကိုင်ကြတယ်။ အဲဒါတွေကို စစ်ဆေးဖို့ ကတော့ နိုင်ငံတော်ဘက်က တာဝန်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထဲမှာဆိုရင် ကျိုင်းတုံဘက်တွေ၊ မူဆယ်၊ နမ့်ခမ်းဘက်တွေမှာဆိုရင် တရုတ်နိုင်ငံသားတွေဝင်လာပြီး မြေတွေဝယ်ထားတာတွေ အများကြီးရှိတယ်။

မေး- လက်ရှိရှမ်းပြည်နယ်ဟာ နိုင်ငံရေးအရဆိုရင်လည်း လက်နက်ကိုင်တွေအများကြီးနဲ့ ရှုပ်ထွေးနေတယ်။ စီးပွားရေး မှာလည်း ဒေသခံတွေက စားဝတ်နေရေးမပြေလည်လို့ ဘိန်းစိုက်ပျိုးနေရတာတွေ ရှိတယ်။ ပညာရေးမှာဆိုလည်း မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုအနည်းဆုံး ပြည်နယ်တွေထဲမှာ ပါဝင်နေတယ်။ နိုင်ငံခြားသားစိမ့်ဝင်မှုလို လူမှုရေးပြဿနာတွေကလည်း ရှိနေတယ်။ အဲဒီလိုအခြေအနေမှာ ရှမ်းပြည်နယ်အတွက် ဘယ်ကဏ္ဍကို အရင်ဦးစားပေးဖြေရှင်းဖို့လိုမယ်လို့ ထင်သလဲခင်ဗျ။

ဖြေ- အဓိကကျတဲ့အချက်က ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းမှုမရှိဘူးဆိုရင်တော့ဘာမှလုပ်လို့မရဘူး။ ရှမ်းပြည်နယ်တိုးတက်မှု ကျဆင်းနေ ရတာလည်း တပ်မတော်ရဲ့အုပ်ချုပ်မှုအောက် အကြာကြီးနေရတာနဲ့ ပြည်တွင်းစစ်ကြောင့်ပါ။ ပြည်တွင်းစစ်တွေကြောင့် ရှမ်းပြည်နယ် မှာ တိုးတက်မှုက ဘာမှမရှိခဲ့ဘူး။ တိုက်ပွဲတွေဖြစ်၊ ပစ်ကြခတ်ကြဆိုတော့ ပြေးကြရှောင်ကြပဲရှိနေတော့ တိုးတက်မှုဆိုတာ ဘယ်မှာရှာလို့ရပါ့မလဲ။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

7 Day News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here