Thursday, January 2, 2014

ငြိမ်းချမ်းရေးအတွက် နောက်ကြောင်း ပြန်မလှည့်ဟု ဖဒိုမန်းငြိမ်းမောင် ကတိပြု

0 comments


2.1.2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရပ်စဲပြီး ပဋိပက္ခ ဖြစ်စဉ်များသို့ မည်သည့်အခါမျှ နောက်ကြောင်း ပြန် လှည့်မည် မဟုတ်ကြောင်း ကရင် အမျိုးသား အစည်းအရုံးအဖွဲ့ (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကန်သာယာ ပြည်ထောင်စုကွင်းတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပပြုလုပ်သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်၌ ကတိပြု ပြောကြားသည်။

“ဒီလို ကရင်အမျိုးသား နှစ်သစ်ကူးနေ့ရဲ့ ကရင်အမျိုးသားများ ရှေ့မှောက်မှာ ကရင်အမျိုးသားများဟာ ဒီတိုင်းပြည်က ဘယ်တော့မှ ခွဲမထွက်ပါဘူး။ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရအောင် လုပ်မယ် ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ဆောင်မူကို ရပ်စဲပြီး ပဋိပက္ခဘက်ကို ဘယ်တော့မှ နောက်ပြန် မလှည့်ဘူး ဆိုတာ KNU ကရင် အမျိုးသား အစည်းအရုံး ကိုယ်စား ကတိပေးပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့သား ဖြစ်ခဲ့သော ၎င်းက ကတိပြု ပြောဆိုသည်။

KNU ကရင်အမျိုးသား အစည်းအရုံး အဖွဲ့၏ (၁၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်စွာဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး လက်ရှိတွင် တိုးတက်သော ဖြစ်စဉ် သို့ ရောက်ရှိ ခဲ့ပြီ ဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ကြီးမား နက်ရှိုင်းခဲ့သည်အတွက် တစ်ရက် တစ်မနက် တည်းနှင့် ပြီးမြောက် အောင်မြင်နိုင်မည် မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးနည်း အရ ဖြေရှင်းမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင် တိုင်းရင်းသားလူမျိုး ၂၀ ဒသမ ၃၀ ရာခိုင်နှုန်း နေထိုင်လျက် ရှိပြီး ကရင်ပြည်နယ်အတွင်း နေထိုင်သူထက် ပိုမိုများပြားစွာ အခြေချ နေထိုင်လျက်ရှိသည်။

ကရင်နှစ်ကူး ပွဲတော်ကို နှစ်ပေါင်း ၆၀ အတွင်း မြို့နယ်အသီးသီး၌ တကွဲတပြား ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး၏ မြို့တော်ဖြစ်သော ပုသိမ်မြို့တွင် ပထမဆုံးအကြိမ် တစုတပေါင်းတည်း ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ခေတ်အဆက်ဆက် အစိုးရများက ကရင်တိုင်းရင်းသားများကို တိုင်းပြည်မှ ခွဲထွက်ရန် ကြိုးစားသည် စွပ်စွဲ၍ နိုင်ငံရေးနည်းဖြင့် တိုက်ခိုက်ချိန် ကတည်းက ကရင်တိုင်းရင်းသား ခေါင်းဆောင်များက ဥပဒေ ဘောင်အတွင်းမှ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းအရ ဖြေရှင်းရန် သမိုင်းကြောင်း တစ်လျှောက် ကြိုးစားခဲ့သော်လည်း နှစ်ပေါင်း ၆၀ ကျော်ကြာ ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ဘဲ လုပ်ငန်းပိုင်းဆိုင်ရာ တန်းတူ၊ ညီတူ အပြန် အလှန်လေးစားမှု မရခဲ့သဖြင့် မလွှဲမရှောင်သာသော အခြေအနေ၌ ရပ်တည်ခဲ့ရကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

အဆိုပါ ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ သဝဏ်လွှာကို ဖတ်ကြားကာ တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ ဧရာဝတီတိုင်း၂၆ မြို့နယ်အတွင်းမှ ကရင် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ ပုသိမ် မြို့သူမြို့သားများ တက်ရောက်ခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here