Friday, January 10, 2014

ဝ၊ မိုင်းလား၊ ကိုကိုးကျွန်းနှင့် ပူတာအို ခရိုင်တို့ကို အထူးဒေသအဖြစ် ကြိုတင်သန်းခေါင်စာရင်း ကောက်ယူမည်

0 comments
10.1.2014

ဝ၊ မိုင်းလား၊ ကိုကိုးကျွန်းနှင့် ပူတာအို ခရိုင်တို့ကို အထူးဒေသအဖြစ် သတ်မှတ်ကာ ကြိုတင် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သတင်းရရှိသည်။

ယင်းသို့ အထူးဒေသအဖြစ် သတ်မှတ်ခဲ့ခြင်းမှာ နယ်စပ်ဒေသများ ဖြစ်ခြင်းနှင့် သန်းခေါင် စာရင်း ကောက် ယူရာတွင်အခက်အခဲ ဖြစ်ပေါ်လာနိုင်သဖြင့်ကြိုတင်ကာ ကောက်ယူနိုင်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်သူ့
အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။

“ကျွန်တော်တို့ အခု အထူးဒေသ (၁) ၀၊ အထူးဒေသ(၂) မိုင်းလား၊ အထူးဒေသ(၃) ပူတာအိုနဲ့ အထူးဒေသ(၄) ကိုကိုးကျွန်းမြို့နယ်တို့ကို သတ်မှတ်ပြီးတော့ ကြိုတင်သန်းခေါင်စာရင်း ကောက်ယူသွားဖို့ လုပ်ဆောင်နေပါတယ်” ဟု ဦးမြင့်ကြိုင်က ဆိုသည်။                

ယင်းသို့ ကြိုတင်သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း သတ်မှတ်ထားသည့် နိုင်ငံတကာနှုန်းထား အတိုင်း လုပ်ဆောင်မည် ဖြစ်ကြောင်း၊ မတ် ၃၁ ရက်တွင် စတင်လုပ်ဆောင်သွားမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် နိုင်ငံတကာမှ ကောက်ခံယူလေ့ရှိသည့် နည်းအတိုင်း နေမြဲ အရပ်တွင် ကောက်ခံသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သန်းခေါင်စာရင်းကို မေးခွန်းပုံစံ ၄၁ ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြေကြားချက်အတိုင်း ထည့်သွင်း သတ်မှတ် သွားမည်ဖြစ်ကြောင်း၊ မှန်ကန်စွာ ဖြေကြားရန် လိုအပ်ကြောင်း၊ ယင်းအခြေအနေ မှန် ဖော်ပြနိုင် မှသာ နိုင်ငံတော်မှ ရေရှည်စီးပွားရေး အကျိုးအတွက် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးနှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ၁၀ နှစ်စီခြားကာ သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ကျန်ရှိသည့် ကာလများတွင် အကြောင်း အမျိုးမျိုးကြောင့် ကောက်ခံနိုင်မှု မရှိခဲ့ကြောင်း သိရသည်။

သို့သော် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦးက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူရန် အစီအစဉ် ရှိ-မရှိ တင်ပြချက်အပြီး ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ရန် အစီအမံနှင့် အစိုးရသစ် ကာလအတွင်း အပြီးဆောင်ရွက်ရန် စီမံခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ အခြေခံကိန်းအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၁ သန်းရှိပြီး လူဦး ရေသန်း ၆၀ ရှိကြောင်း၊ ခရိုင် ၇၀၊ မြို့နယ် ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀၅၁၊ ကျေး ရွာအုပ်စုပေါင်း ၆၄၃၄၆၊ ကောက်ကွက်ပေါင်း ၉၁၀၀၀၊ လူမျိုးစု ၁၃၅ စုနှင့် ဘာသာကြီးငါးခု
(နတ်ကိုးကွယ်မှု အပါအ၀င်) ဖြစ်ကြောင်း သိရသည်။


Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here