Tuesday, January 7, 2014

အပစ်ရပ်ဆွေးနွေးမှုရလဒ်များကို လာမည့်အစိုးရသစ်သိရှိနိုင်ရေး အာမခံချက်တစ်ခုလိုဟု KNU ဆို

0 comments


7.1.2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် အသစ်တက်လာမည့်အစိုးရ လက်ထက်၌ တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်ရှိအစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲရလဒ်များကို ဆက်လက်တာဝန်ယူလုပ်ဆောင်ရန် အာမခံချက်တစ်ခုလိုအပ်ကြောင်း KNU စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။

“၂၀၁၅ မှာအစိုးရသစ်တက်လာလို့ ကျွန်တော်တို့ ဆွေးနွေးထားတာတွေကို အစိုးရသစ်က မသိဘူးဆိုပြီးပာရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ ဆွေးနွေးထားတာကို နောက်တက်လာမည့်အစိုးရက အသိအမှတ်ပြုပြီး တာဝန်ယူဆက်လုပ်ဖို့ အာမခံချက်လိုတယ်။” ဟု KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။

တိုင်းရင်းသားများ တောင်းဆိုသည့် ဖဒရယ်စနစ် မရရှိသရွေ့ ပြည်တွင်းစစ်များ ဖြစ်ပွားနေဦးမည်ဖြစ်ပြီး ဒေသ ဖွံဖြိုးရေး လုပ်ငန်းများ မပြုလုပ်နိုင်သည့်အတွက် မြန်မာနိုင်ငံဖွံဖြိုးတိုးတက်လာနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

တိုင်းရင်းသားလက်နှက်ကိုင်များ တောင်းဆိုသည့် အာမခံချက်များကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲများတွင်ထည့်သွင်းဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ ဦးလှမောင်ရွှေက ပြောသည်။

“အပစ်အခတ်ရပ်စဲနိုင်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို ဘားအံပွဲမှာညှိနှိုင်းကြလို့ အဆင်ပြေရင် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ဖေဖော်ဝါရီလထဲမှာ လက်မှတ်ရေးထိုးမယ်။ ပြီးရင် ဧပြီ၊ မေလလောက်မှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ စမယ်။ အဲ့ဒီမှာ တိုင်းရင်းသားတွေ လိုချင်တဲ့အာမခံချက်တွေပါလာလိမ့်မယ်။” ဟု ဦးလှမောင်ရွှေက ပြောသည်။

ယခုလအတွင်းပြုလုပ်မည့် တိုင်းရင်းသားလက်နှက်ကိုင်များ ညီလာခံနှင့် အပစ်အခတ်ရပ်စဲနိုင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့များ အကြိုဆွေးနွေးပွဲတို့မှတဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်မည့် ရလဒ်ကောင်းများ ရရှိနိုင်မည်ဟု ၎င်းကသုံးသပ် ပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နှက်ကိုင်များ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေသည့် အချက်အလက်များ အနက် ၈၀ ရာခိုင်နှုန်းမှာ နှစ်ဖက်အဖွဲ့အစည်းတို့ သဘောတူပြီးဖြစ်သည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ ဒုတိယ-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ပြောဆိုခဲ့သည်။

“အခု တိုင်းရင်းသာလက်နှက်ကိုင်တွေကို နယ်မြေအသိအမှတ်ပြုထားတယ်။ တပ် အသိအမှတ်ပြုထားတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ဆွေးနွေးခဲ့သမျှမှာ အစိုးရခေါ်ဈေးက ဒါအမြင့်ဆုံးပဲ။ ဒီလိုအချိန်မှာမှ ပြည်တွင်း ငြိမ်းချမ်းရေးမရနိုင်ရင် နောင် ရဖို့ ခက်ခဲသွားနိုင်တယ်” ဟု နိုင်ငံရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆောင်းပါးများ ရေးသားသူ ဦးကျော်ဝင်းက ပြောသည်။

တိုင်းရင်းသားလက်နှက်ကိုင်များ ညီလာခံကို ၂၀၁၄ခုနှစ် ဇန်န၀ါရီ ၂၀ရက်နေ့မှ ၂၂ နေ့အတွင်း KNU ဋ္ဌာနချုပ်၌ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး အကြိုညှိနှိုင်းအစည်းအဝေးကို လာမည့် ၂၄ ရက်နေ့မှ ၂၆ ရက် နေ့ထိ ကရင်ပြည်နယ် ဖားအံ မြို့၌ ပြုလုပ်သွားမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်နှင့် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့် ဗဟိုကော်မတီအဖွဲ့တို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန်၊ အပစ်အခတ်ရပ်စဲ ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင် ရန်နှင့် နှစ်ဘက်အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ဦးဆောင်သည့် ဗဟို ကော်မတီအဖွဲ့တို့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပြီး စတုတ္ထအကြိမ်မြောက်အဖြစ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့၌ တွေ့ဆုံ ခဲ့ကြသည်။ 

Myit Ma Kha Media Group.

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here