Friday, January 10, 2014

SNDP ညီလာခံ ရှမ်းတိုင်းရင်းသား နှစ်ပါတီ ပေါင်းစည်းရေး အဖြေမထွက်

0 comments
10.1.2014

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ညီလာခံတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပူးပေါင်းရေးအတွက် ဆုံးဖြတ်မည်ဟု SNDP ခေါင်းဆောင်များက ဆိုထားသော်လည်း ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့သည့် ညီလာခံ နောက်ဆုံးနေ့တွင် ပါတီနှစ်ခု ပူးပေါင်းရေး အဖြေ မထွက်ခဲ့ကြောင်း အဆိုပါ ပါတီ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ဆိုသည်။

SNDP ညီလာခံကို ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တွင် ပြု လုပ်ခဲ့ပြီး ညီလာခံ ပြီးသည့်အထိ အဖြေမထွက်ကြောင်း ၎င်းကဆိုသည်။ SNDP ပါတီနှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီတို့ ပူးပေါင်းရေးအတွက် SNDP ပါတီ ဖျက်သိမ်းရန် ညီလာခံ ကိုယ်စားလှယ်များကို မဲဆန္ဒ ကောက်ခံခဲ့ရာ ပါတီ မဖျက်သိမ်းရေး အတွက် ထောက်ခံမဲပေးသူ များခဲ့သောကြောင့် နှစ်ပါတီ ပေါင်းစည်းရန် အဖြေမထွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြား သည်။
“ပူးပေါင်းဖို့ အတွက်ကို ညှိနှိုင်းလို့ ရပါသေးတယ်။ ဒီဘက်ကပါတီ မဖျက်နိုင်ဘူးဆိုတော့ အခြားပုံစံနဲ့ သွားနိုင်မလားဆိုပြီး ဆွေးနွေးရပါဦးမယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ပါတီဖျက်သိမ်းရန် မဖြစ်နိုင်သောကြောင့် ရှမ်းပါတီနှစ်ခု ပူးပေါင်းနိုင်ရေးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ပါတီ) နှင့် ပြန်လည် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း SNDP ပါတီမှ သိရသည်။
SNLD ပါတီက ပါတီနှစ်ခု ပူးပေါင်းရန်အတွက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း SNDP ပါတီသို့ နှစ်ကြိမ် တိုင် ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်ပါတီများမှ ပေါင်းစည်းရေး ကော်မတီများ ဖွဲ့စည်း ထားသော် လည်း SNDP မှ ပြန်လည် တုံ့ပြန်မှု မရှိသေးကြောင်း SNLD ကဆိုသည်။

နှစ်ပါတီ ပေါင်းစည်းရေးအတွက် ပါတီ ဖျက်သိမ်းသည်က အဓိက မဟုတ်ဘဲ မူဝါဒ ပြောင်းလဲရေးသာလျှင် အဓိက ဖြစ်ကြောင်း SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုသည်။
“ပါတီနှစ်ခု ပေါင်းချင်ရင် တခြားနည်းလမ်းတွေနဲ့ ညှိလို့ရပါတယ်။ ရှမ်းပြည်နယ်နဲ့ ရှမ်းလူမျိုး ကောင်းအောင် လုပ်ချင်ရင် ပါတီ ပေါင်းစည်းရေးက အဆင်ပြေမှာပါ” ဟု ၎င်းကဆိုသည်။

SNDP ပါတီမှာ ၂၀၁၀ ပြည့်နှစ်တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ကာ ပါတီဝင်အင်အား သုံးသိန်းကျော် ရှိပြီး ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၄၀ ကျော်တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

SNLD ပါတီကိုမူ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပါတီ မှတ်ပုံ တင်ထားသော်လည်း ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေးကို မဆုံးဖြတ်ရသေးကြောင်း SNLD ထံမှ သိရသည်။

SNDP ပါတီ ညီလာခံသို့ မြို့နယ်ပေါင်း ၅၉ မြို့နယ်မှ ပါတီဝင်များနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF မှကိုယ်စားလှယ်များ အပါအဝင် ညီလာခံ ကိုယ်စားလှယ် ၁၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း SNDP ထံမှ သိရသည်။


The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here