Tuesday, January 21, 2014

UWSA``၀´´ အဖွဲ့ဝင်(၃)ဦးမှ ငြိမ်းချမ်းဟိုတယ်ပိုင်ရှင်အား သေနတ်ဖြင့် ချိန်၍ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းမှု တောင်ကြီးမြို့တွင် ဖြစ်ပွား

0 comments



21.10.2014

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ ငြိမ်းချမ်းဟိုတယ်တွင် ဇန်န၀ါရီ (၁၉)ရက် ညနေ (၆)နာရီခွဲက UWSA ``၀´´ တပ်ဖွဲ့ဝင် (၃)ဦးမှ ဟိုတယ်ပိုင်ရှင်အား သေနတ်ဖြင့်ချိန်၍ ဖမ်းဆီး ခေါ်ဆောင်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ကြောင်း ယင်းဟိုတယ်ဝန်ထမ်းအချို့ထံမှ သိရသည်။

``ဟိုတယ်အနောက်ဘက် မီးဖိုချောင်ထမင်းစားခန်းမှာ သူဋ္ဌေးနဲ့ ဧည့်သည်နှစ်ယောက် စကားပြောနေကြ တာပါ။ ငွေကြေး ကိစ္စလို့တော့ သိရတယ်၊ အချေအတင်စကားများပြီး ဦးခွန်ကျော်က ဖုန်းဆက်ပြီး လှမ်းခေါ်သံ ကြားတယ်။ ခဏနေတော့ ``၀´´အဖွဲ့အစည်းကလို့ ပြောပြီး ပြောက်ကျားဝတ်ထားတဲ့ လူ(၃)ယောက်ရောက် လာပါတယ်´´ ဟု ဟိုတယ်ဝန်ထမ်း တစ်ဦး က  ပြောသည်။

ရောက်ရှိလာသော``၀´´ တပ်ဖွဲ့ဝင်(၃)ဦးမှ ဟိုတယ်ပိုင်ရှင် ဦးသောင်းထိုက်တင်အား စတီးရောင် ပစ္စတို နှစ်လက်ဖြင့်ချိန်၍ ညာဘက်လက်အား လက်ထိပ်ခတ်ကာ ``ပြောစရာရှိတယ်။ လားရှိုးကိုလိုက်ခဲ့´´ ဟု ပြောဆိုစဉ် ဦးသောင်းထိုက်တင်က လိုက်စရာ မလိုကြောင်း ပြောဆိုသဖြင့် သေနတ်ဒင်ဖြင့် ရိုက်နက်ထိုးကြိတ်ရာ မိသားစုနှင့်ဟိုတယ်ဝန်ထမ်းများမှ သူခိုးဟု အော်ဟစ်အကူအညီ တောင်းခံမှုကြောင့် အဆိုပါ``၀´´တပ်ဖွဲ့ဝင် (၃)ဦး သည် ဖုန်းဆက်ပြီးခေါ်သော ဦးခွန်ကျော်၊ ဦးစောပေါလူတို့နှင့်အတူ ဟိုတယ်တွင်းမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

ညောင်ဖြူစခန်းရပ်ကွက်နေ ဦးစိုင်းဖုန်းမြင့်က `` ဟိုတယ်ပိုင်ရှင်နဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်နှစ်ဦး ငွေကြေး အရှုပ်အရှင်းကိစ္စမှာ ``၀´´ တပ်ဖွဲ့ဝင်တွေက ၀င်ပါစရာအကြောင်းမရှိပါဘူး။ ဖုန်းဆက်ပြီး ခေါ်လို့လာ တယ် ဆိုတော့ ဒီ``၀´´ အဖွဲ့ကို ကြေးစားလူမိုက်အဖြစ် အဲဒီ ခွန်ကျော်ဆိုတဲ့လူက ငှားတာလားမှ မသိတာ။ ဘာပဲ ဖြစ်ဖြစ် တောင်ကြီး မြို့ပေါ်မှာ ``၀´´ အဖွဲ့က တရားမ၀င်လက်နက်ကိုင်ဆောင်ပြီး ဥပဒေမဲ့လုပ်ရပ်ကို ကျူးလွန်တာကတော့ တာဝန်ရှိတဲ့ အစိုးရဌာနတွေကို မထီမဲ့မြင်လုပ်နေတဲ့ သဘောလို့ မြင်တယ်။ ဒီကိစ္စ မျိုးဆိုတာ ရဲနဲ့ပဲဆိုင်တာလေ ဗျာ´´ ဟု ပြောကြားသွားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသောင်းထိုက်တင်အား သေနတ်ဖြင့်ချိန်၊ လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင် ရန်ကြိုးပမ်းသော UWSA ``၀´´အဖွဲ့ဝင်(၃)ဦးနှင့်အတူ ငွေကြေးတောင်းယူသူ ဦးခွန်ကျော်၊ ဦးစောပေါလူ တို့အား တောင်ကြီးနယ်မြေရဲစခန်းမှ (ပ)၁၇/၂၀၁၄၊ ပြစ်မှု ၃၄၂/၃၈၇/၁၁၄အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း သိရှိရပါသည်။

စိုင်းအောင်ခမ်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here