Tuesday, February 11, 2014

ထိုင်းဆန္ဒပြသူများ၏ ပိတ်ဆို့မှုကြောင့် မဲမပေးခဲ့ရသူများ အတွက် ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ပေးမည်

0 comments


11.2.2014

ဖေဖော်ဝါရီလ၂ ရက်နေ့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစုများ၏ ကဖျက်ယဖျက် လုပ်မှုကြောင့် မဲမပေးခဲ့ရသူ မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲ တစ်ကျော့ ပြန်လည် ကျင်းပပေးရန် စီစဉ်လျက် ရှိသည်ဟု ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားကြောင်း The Straits Times သတင်းစာ က ရေးသား ဖော်ပြသည်။

ထိုင်းအတိုက်အခံ အင်အားစုများက အစိုးရ ဖြုတ်ချရေး ဆန္ဒပြမှုများကို ကာလကြာမြင့်စွာ ပြုလုပ်ခဲ့ပြီး ယခုလည်း ဆက်လက် ဆန္ဒပြသွားရန် ကြိုးပမ်းနေမှုများ ရှိသော်လည်း ဖေဖော်ဝါရီလ၂ ရက်နေ့တွင် မဲပေးခွင့် မရရှိခဲ့သူများအတွက် ရွေးကောက်ပွဲတစ်ရပ် ကျင်းပ ပြုလုပ်ပေးမည် ဖြစ်သည်ဟု ကော်မရှင်က ဆိုသည်။

သို့သော် မည်သည့် နေ့ရက်တွင် မဲပေးမှု ပြုလုပ်ခွင့် ပေးမည်ဟူသော အချက်ကို ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

မဲပေးခွင့် မရရှိခဲ့သူများ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အိမ်စောင့်အစိုးရတို့ ဆွေးနွေး တိုင်ပင်ရဦးမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။

အစိုးရ ဆန့်ကျင်ရေး ရွေးကောက်ပွဲများက ဝင်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်းများ ကော်မရှင်တွင် မှတ်ပုံတင်ခွင့် မရရှိအောင် ယမန်နှစ်က ပိတ်ဆို့ခဲ့ကြသလို မဲပုံးထဲသို့ ထည့်မည့် စာရွက်စာတမ်းများ ပေးပို့မှု ကိုလည်း ပိတ်ဆို့ခဲ့ကြသောကြောင့် မဲပေးပိုင်ခွင့်ရှိသူ ထိုင်းနိုင်ငံသား ရှစ်သန်းခန့် မဲပေးခွင့် မရရှိခဲ့ပေ။

အတိုက်အခံ အင်အားစုများက ရွေးကောက်ပွဲဖြစ်စဉ် ပျက်ပြားအောင် ပိတ်ဆို့ခဲ့မှုကြောင့် ထိုင်းရွေးကောက် ပွဲမှာ ရာနှုန်းပြည့် အောင်မြင်မှု မရရှိခဲ့သလို ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့က ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် အိမ်စောင့်အစိုးရ ယန္တရား လည်ပတ်မှုမှာလည်း နှေးကွေးခဲ့ရသည်။

မြို့တော်ဘန်ကောက် ရပ်ဆိုင်းရေးဟူသည့် ဦးတည်ချက်ဖြင့် အိမ်စောင့်အစိုးရ ဖြုတ်ချရန် ဆန္ဒပြသူများက ယင်းလပ်ရှင်နာဝပ်အနေနှင့် ပြည်သူ့ကောင်စီသို့ အာဏာ လွှဲပြောင်းပေးပြီး ရွေးကောက်ပွဲ မတိုင်မီ နိုင် ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်ရန် ဖိအား ပေးကြသော်လည်း ယင်းလပ်ရှင် နာဝပ်က ဖြစ်ပေါ်နေ သည့် အကျပ်အတည်းများမှ လွတ်မြောက်ရန် ထိုင်းနိုင်ငံသားတိုင်း အနေနှင့် ဒီမိုကရေစီ စံချိန်စံနှုန်းနှင့် ကိုက်ညီသော လုပ်ရပ်များကိုသာ လုပ်ဆောင်ရမည် ဖြစ်သည်ဟု ခုခံပြောဆိုခဲ့သည်။

မကြာသေးခင် ရက်ပိုင်းက ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ ရာနှုန်းပြည့် အောင်မြင်မှု မရှိခဲ့သော အဆိုပါ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၄၇ ဒသမ ၇ ရာခိုင်နှုန်းသာ မဲပေးခွင့် ရရှိခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် အစိုးရအဖွဲ့မှ အရာရှိကြီးအချို့က ယခုရွေးကောက်ပွဲ ဖြစ်စဉ်သည် အချိန်ကာလအားဖြင့် အနည်းဆုံး သုံးလမှ ခြောက်လခန့်အထိ ကြာမြင့်နိုင်သည်ဟု ခန့်မှန်းကြပြီး လေ့ လာ စောင့် ကြည့် သူအချို့ကမူ ယင်းရွေးကောက်ပွဲတွင် မည်သည့်ပါတီမျှ အနိုင်ရရှိမည် မဟုတ်ဟု ဆိုကြသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here