Tuesday, February 11, 2014

ခန္တီးဒေသ ဖွံ့ဖြိုးရေး ကျပ်သိန်း ၇၇၀၀ ကျော် သုံးစွဲမည်

0 comments

11.2.2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်ကို အထူးဒေသအဖြစ် သတ်မှတ်ကာ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်းပေါင်း ၇၇၀၀ ကျော် သုံးစွဲ မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခန္တီးဒေသ လမ်းတံတားလုပ်ငန်း ကဏ္ဍတွင် ငွေကျပ် ၃၈၀သိန်း၊ သောက်သုံးရေ ရရှိရေး လုပ်ငန်းကဏ္ဍတွင် ငွေကျပ် ၈၂၅ သိန်း၊ စွမ်းအင်လုပ်ငန်း ကဏ္ဍတွင် ရေအားလျှပ်စစ် လုပ်ငန်း၌ ငွေကျပ် ၉၀၀ သိန်း၊ နေရောင်ခြည် စွမ်းအင် သုံးစွဲရေးစနစ် ငွေကျပ် ၅၆၀၇ ဒသမ ၉ သိန်း၊ စုစုပေါင်း ငွေကျပ် ၇၇၁၂ ဒသမ ၉သိန်း အဆိုပြု လျာထားပြီး ခန္တီးမြို့နယ်အား အထူးဒေသအဖြစ် သတ်မှတ်လျက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောက်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စာရာမေတိတောင် အနီးတွင် တည်ရှိသော ခန္တီးမြို့နယ်အတွင်း ကျေးရွာအုပ်စု(၆) အုပ်စု၊ ကျေးရွာ၂၈ ရွာ ရှိကြောင်း၊ ယင်းကျေးရွာများသည် နယ်မြေတည်ငြိမ် အေးချမ်းမှု နည်းပါးသဖြင့် ၁၉၉၀ ပြည့်နှစ်ထိ မဲပေးခွင့် တစ်ကြိမ်မျှ မရခဲ့ကြောင်း၊ ယနေ့ ထိလည်း အထက်တန်း အောင်မြင်သူ ၁၀ဦးပင် မရှိသေးကြောင်း ခန္တီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းက ပြောကြားသည်။

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ခန္တီးမြို့နယ်သည် ရေဝပ် ဧရိယာအတွင်းသို့ ကျရောက်နိုင်သဖြင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှု အလွန် အားနည်းခဲ့ကြောင်း၊ အနီးဝန်းကျင်ရှိ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းဒေသများရှိ ကျေးရွာများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးမှု နောက်ကျနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခင် တပ်မတော်အစိုးရ လက်ထက်က တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းကို အထူးဒေသကြီး ၁၈ ခု၊ မြို့နယ် ၆၈ မြို့နယ်တွင် ဆောက်ရွက်ခဲ့ကြောင်း၊ ခန္တီးမြို့နယ်သည် ယင်းစီမံကိန်းဝင် မြို့နယ်တစ်ခု ဖြစ်ပြီး ၁၉၈၉ ခုနှစ်မှ စတင်ကာ အထူးဦးစားပေး မြို့နယ် စာရင်းဝင်အဖြစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင်လည်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောက်ရွက်ရန် အထူးဒေသကြီး ၁၉ ခု၊ မြို့နယ်ပေါင်း ၇၃ မြို့နယ်ထိ တိုးချဲ့ ဆောင်ရွက်ရာတွင်လည်း ခန္တီးမြို့နယ်မှာ ပါဝင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here