Monday, February 17, 2014

လူတစ်သိန်းတွင် သုံးရာခန့် တီဘီရောဂါဖြစ်၊ နှစ်စဉ် ၁၀ ဆခန့် ထပ်ဆင့်ပြန့် ပွားနိုင်

0 comments
17.2.2014

ကမ္ဘာ့တီဘီရောဂါ ဖြစ်ပွားမှု အဆိုးရွားဆုံး နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သိန်းတွင် ၃၀၀ ဝန်းကျင်မှာ တီဘီရောဂါပိုး ကူးစက်ခံထားရပြီး နှစ်စဉ် ၁၀ဆခန့် ထပ်ဆင့်ပြန့် ပွားနိုင်ကြောင်း ဖေဖော်ဝါရီ လ ၁၆ ရက်နေ့က ကျင်းပသည့် တီဘီရောဂါအကြောင်း ဟောပြောပွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆုတ်နှင့် ရင်ခေါင်းရောဂါ အထူးကု သမားတော်ကြီး ပါမောက္ခ ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

တီဘီရောဂါပိုး ကူးစက်ခံထားရသူ တစ်ဦးသည် တစ်နှစ်လျှင် ၁၀ ဦးထိထပ်ဆင့် ပြန့်ပွားစေနိုင်သောကြောင့် ကြိုတင် ကာကွယ်ရေးမှာ အရေးကြီးကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ယခင်နှစ်များက လူဦးရေ တစ်သိန်းတွင် နှစ်ရာဦးခန့်သာ တီဘီရောဂါပိုး ကူးစက် ခံရသော်လည်း တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်မြို့နယ် အလိုက် စမ်းသပ် စစ်ဆေးကြည့်ရာ၌ လူတစ်သိန်းတွင် ၃၀၀ ဦးအထိ ရှိသည်ကို တွေ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

သို့သော် အဆိုပါ အချက်အလက် အားလုံးမှာ ခန့်မှန်း တွက်ချက်ထားခြင်းသာ ဖြစ်ပြီး လက်ရှိအချိန်ထိ မြန်မာ နိုင်ငံတွင် တီဘီရောဂါပိုးနှင့် ဆေးယဉ်ပါး တီဘီရောဂါပိုး ကူးစက်ခံရသူ ဦးရေ အတွက် တိကျသော စာရင်းဇယားများ မရှိသေးကြောင်း ပါမောက္ခ ဒေါက်တာဝင်းနိုင် က ဝေဖန်ထောက်ပြ သည်။
“တီဘီ အခြေအနေက ဇီးရိုးဆိုပြီး ကျသွားမှာ မဟုတ်သေးဘူး။ ဆယ်စုနှစ်နဲ့ချီပြီး တိုက်ဖျက်ရဦးမယ်” ဟု ၎င်းက ရှင်းလင်း ပြော ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်တီဘီ လူနာသစ် ၁၈၀,၀၀၀ ဦး တွေ့ရှိရပြီး ၎င်းတို့ထဲမှ လေးသောင်းကျော် ဝန်းကျင်သည် ကလေး သူငယ်များ ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏စာရင်းများအရ သိရသည်။

ဆေးယဉ်ပါးတီဘီ ဖြစ်ပွားမှုနှုန်းသည် တီဘီရောဂါ ဖြစ်ပွားဖူးသူများ၏ ၁၂ ရာခိုင်နှုန်းအထိ ရှိနိုင်ပြီး တီဘီရောဂါ မဖြစ်ပွားဖူးသူများတွင် ၄ ရာခိုင်နှုန်းခန့်အထိ ဖြစ်ပွားနေနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် တီဘီရောဂါ ဖြစ်ပွားမှု အဆိုးရွားဆုံးနိုင်ငံ ၂၇ နိုင်ငံတွင် ယခုနှစ်အထိ ပါဝင်နေ ဆဲ ဖြစ်ပြီး ဆေးယဉ်ပါး တီဘီ ဖြစ်ပွားနှုန်းမြင့်သော နိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here