Monday, February 17, 2014

အခြေခံဥပဒေပြင်ခွင့် ကန့်သတ်ချက်များကိုသာ ဦးစားပေး ပြင်ဆင်မည်ဟု NLD နှင့် ၈၈ ထုတ်ပြန်

0 comments
17.2.2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် အဟန့်အတား ဖြစ်နေသော ပုဒ်မ၅၉ (စ) ပြင်ဆင်ရေး သဘောထား ကွဲနေချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာ၌ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ကန့်သတ်ချက်ဖြစ်သော အခန်း (၁၂)၊ ပုဒ်မ (၄၃၆) ကို ပြင်ဆင်ရန်သာ ဦးစားပေး ဆောင်ရွက် မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

ယင်းပုဒ်မမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် အခြေခံဥပဒေ ပုဒ်မအချို့ကို ပြင်ဆင် ရာ၌ ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရမည်ဆိုသည့် အချက်ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၌ NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံဆွေးနွေးအပြီး အထက်ပါအတိုင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်သည့် ဒီမိုကရေစီ ဖွဲ့စည်းပုံတစ်ခုအဖြစ် ပြောင်းလဲရေးတွင် ပုဒ်မ (၄၃၆) မှာ အရေးကြီးဆုံးအချက် ဖြစ်သည့်အတွက် ယင်းကို ဦးစားပေး ပြင်ဆင်ရန် သတ်မှတ်ခြင်း ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ရှင်းပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေ ပြင် ဆင်ရေး ဆောင်ရွက်ရာတွင် ပြင်ရန် ကန့်သတ်ထားသည့် အချက်များကို ဦးစွာ ပြင်ဆင်ရမည် ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားသည်။

အဆိုပါ ပုဒ်မ (၄၃၆)မှာ ပြည်သူက ရွေးချယ် တင်မြှောက်သည့် ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ပိုင်ခွင့်ကို များစွာ အားနည်းစေရန် ပြုလုပ်ထားသဖြင့် ယင်းပုဒ်မကို ပထမ ဆုံးပြင်ဆင်ရန် လိုအပ်သည့် ပုဒ်မဟု သတ်မှတ်ခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဂျင်မီက ရှင်းပြသည်။
“အဲဒါကို မပြင်နိုင်ဘဲနဲ့တော့ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဆိုတာလည်း မဖြစ်နိုင်ဘူး၊ တိုင်းရင်း သား တန်းတူရေး အတွက်လည်း မဖြစ်နိုင်ဘူး၊ ဖက်ဒရယ်ကိုသွားဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ အနေအထားအရ ပုဒ်မ (၄၃၆) ကို ပြင်ဆင်မည်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ တပ်မတော်၏ လွှမ်းမိုးမှု ရှိနေသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၊ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များ၏ သဘောထားအပေါ် များစွာ မူတည်နေကြောင်း၊ ယင်းပုဒ်မကို ဖြေလျှော့၍ အခြေခံဥပဒေကို လွယ်ကူစွာ ပြင်ဆင်ခွင့် ပေး လိုက်လျှင် ပြည်ထောင်စု ပြိုကွဲနိုင်သည်ဟု ၎င်းတို့က အကြောင်းပြ လာနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။

“အဲဒီလို အကြောင်းပြမယ်ဆို လက်တွေ့တော့ မကျဘူး။ နဂိုရှမ်းမူကြောင့် ပြည်ထောင်စု ပြိုကွဲနိုင်တယ် လို့ ပြောတာလည်း ဦးနေဝင်းက အာဏာသိမ်း ကောင်းအောင် ပြောခဲ့တာ။ လက်ရှိ အနေအထားအရ ဆို ပြည်ခိုင်ဖြိုး ပြောတဲ့ (၇၅ ရာခိုင်နှုန်းအထက် အစား ၇၅ ရာခိုင်နှုန်း) ၇၅ လောက်ပဲရမယ် ထင်တယ်” ဟု ၎င်းက သုံးသပ်ပြသည်။

ဒီမိုကရေစီ နိုင်ငံအများစုတွင် အခြေခံဥပဒေ ပြင်ဆင်ခွင့်အတွက် လွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ သုံးပုံ နှစ်ပုံက ထောက်ခံလျှင် ပြင်ဆင်ခွင့် ရှိသည်ဟု ဖော်ပြထားကြောင်း၊ ကြံ့ခိုင်ရေးပါတီက လက်ရှိ ပြ ဋ္ဌာန်း ပုဒ်မပါ ၇၅ ရာခိုင်နှုန်း အထက် ကျော်လွန်ရမည်ဆိုသောအချက်ကို ၇၅ ရာခိုင်နှုန်းဟု ပြင်ဆင် ရန် ပြောဆို ထား သော်လည်း လွှတ်တော်၌ ကိုယ်စားလှယ်များမှာ ၇၅ ရာခိုင်နှုန်းပြည့် မရှိနေသည့်အတွက် ထူးခြားမည် မဟုတ်ကြောင်း ဦးရဲထွန်းက ထပ်လောင်းရှင်းပြသည်။

အခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ (၄၃၆) တွင် အခန်း (၁) နိုင်ငံတော်၏ အခြေခံမှုများ ဆိုင်ရာအခန်းနှင့် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ အခန်း အပါအဝင် ပုဒ်မ (၄၈) ခုကို ပြင်ဆင်မည် ဆိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံရမည် ဖြစ်သည့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်က ထောက်ခံမှ သာ ပြင်ဆင်ရမည်ဟု ပြဌာန်းထားသည်။

ပုဒ်မခွဲ (ခ) ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက် များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားသည်။

ယင်းသို့ ပြဋ္ဌာန်းထားခြင်းကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း တပ်မတော ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားသော တပ်မတော်သား ၂၅ ရာခိုင်နှုန်း သဘောတူမှသာ အခြေခံဥပဒေ ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် ယင်းအချက်သည် တပ်မတော်က အခြေခံဥပဒေ မပြင်ဆင်နိုင်ရေးအတွက် အသားစီးယူကာ ရေးဆွဲထားသည်ဟု NLD ပါတီ အပါအဝင် အတိုက်အခံပါတီ အချို့က ဝေဖန် ပြောဆိုထားသည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here