Monday, June 30, 2014

RCSS/SSA အဖွဲ့မှ ဆန်၊ ဆီ တောင်းပြီး ဒေသခံများကိုလည်း ဖမ်းဆီး

0 comments
30.6.2014

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စုတွင် ဇွန် ၂၈ ရက် ည ၈ နာရီခန့်၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း( RCSS/SSA) အဖွဲ့မှ ဆန်၊ ဆီ များ တောင်း ရမ်းပြီး ဒေသခံရွာသားများကိုလည်း ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ မြို့နယ်အတွင်းရှိ မိုင်းပန်ကျေးရွာသို့ ယင်းအဖွဲ့မှ ၀င်ရောက်လာပြီး ဆီ (၂)ပုံး တောင်းယူကာ ရွာသား (၂)ယောက်ကိုပါ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ ဆီ ၂ ပုံးတောင်းလို့ ရွာက စုပြီး ပေးလိုက်ရတယ်၊ ပြီးတော့ ရွာသား ၂ ယောက်ကို အတင်းဖမ်းခေါ်တယ်၊ ဘာအတွက် ဖမ်းတယ်ဆိုတာ မပြောဘူး၊ သေနတ်တွေ ကိုင်ထားတော့ ဘယ်သူမှလည်း မမေးရဲဘူး၊ ဒီအတိုင်း ကြည့်နေရတာပဲ ” ဟု မိုင်းပန်ရွာသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော မိုင်းပန်ရွာသား(၂)ဦးမှာ အိုက်နွန်း(ဘ)ဦးအိုက်အွန်(၂၄)နှစ်နှင့် အိုက်မွန်း (ဘ)ဦးအိုက်ဆိုင်၊ (၂၀)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ၀မ်ဖုတ်ကျေးရွာသို့ ရောက်ရှိလာပြီး အလားတူ ဆန်(၂)ပုံးတောင်းကာ ရွာသား(၂)ဦးအား ဖမ်းဆီးသွား ကြောင်း၊ ၎င်းအဖွဲ့နှင့်အတူ ကြိုးတုပ်ဖမ်းဆီးထားသော ရွာသား(၂)ယောက်ကိုလည်း မြင်လိုက်ကြောင်း မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။

“ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး ဆန် ၂ ပုံးတောင်းတယ်၊ ဆန်ရတော့ ရွာက လူ ၂ ယောက်ပေးဖို့ တောင်းတယ်၊ အုပ်ချုပ်ရေး မှူးးက တောင်းပန်တာကို ပါးရိုက်ပြီး တွေ့တဲ့ရွာသား ၂ ယောက်ကို ဖမ်းခေါ်သွားတယ် ” ဟု ၀မ်ဖုတ်ရွာသား တစ်ဦးက ပြောကြားသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော ၀မ်ဖုတ်ရွာသား(၂)ဦးမှာ အိုက်အိ(ဘ) ဦးစိုင်းလုံ(၃၀)နှစ်နှင့် အိုက်ရှဲန် (ဘ)ဦးအိုက်လုံ၊ (၂၂ )နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသားများအပေါ် RCSS/SSA အဖွဲ့မှ အနိုင်ကျင့်ပြီး ဆန်၊ ဆီ တောင်းရုံတင်မကဘဲ ရွာသား (၄)ဦးကို အတင်းအဓမ္မ ဖမ်းဆီးသွားသည့်အတွက် ဒေသခံများမှ မကျေမနပ်ဖြစ်ကာ သက်ဆိုင်ရာ ဌာနများသို့ သွားရောက်တိုင်ကြားထားကြောင်း သိရှိရသည်။

စိုင်းဇင်အောင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here