Monday, August 27, 2012

စည်းကမ်းမလိုက်နာသော ယာဉ်များကို အဆင့်သုံးဆင့်ဖြင့် အရေးယူမည်

0 comments


ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိသော ယာဉ်များကို သြဂုတ်လ ၁၆ ရက်နေ့မှစ၍ အဆင့်သုံးဆင့်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါ စည်းကမ်းမလိုက်နာသော ယာဉ်များကို ဒဏ်ငွေများအပြင် ပထမအကြိမ် စည်းကမ်းဖောက်ဖျက်ပါက ယာဉ်ကို ၁၅ ရက် ထိန်းသိမ်းထားမည်ဖြစ်ပြီး ဒုတိယအကြိမ် စည်းကမ်းဖောက်ဖျက်ပါက တစ်လ၊ တတိယအကြိမ်တွင် စည်းကမ်းဖောက်ဖျက်ပါက သုံးလအထိ ထိန်းသိမ်းအရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ စည်းကမ်းမဲ့ယာဉ်များကို သြဂုတ်လ ၁၇ ရက်နေ့မှစ၍ စီမံချက်ချကာ အရေးယူလျက်ရှိပြီး သြဂုတ်လ ၂၀ ရက်နေ့အထိ အဓိပတိယာဉ်လိုင်း၊ ပါရမီ(၁၇၉) ယာဉ်လိုင်း၊ ပါရမီ (၁၇၇) ယာဉ်လိုင်း၊ ပါရမီ(၁၇၄) ယာဉ်လိုင်းတို့မှ ခရီးသည်တင်ယာဉ် ၁၂ စီးကို အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။ အဆိုပါ အရေးယူခံထားရသော ယာဉ်များမှာ မှတ်တိုင်မဟုတ်ဘဲ လူတင်ခြင်း၊ ယာဉ်မောင်းလိုင်စင် မပါခြင်း၊ ယာဉ်လိုင်စင် မပါခြင်း၊ မှတ်တိုင်ဟောင်းတွင် ယာဉ်ရပ်နားခြင်း၊ မီးပွိုင့်တွင် ယှဉ်မောင်း၍ ကျော်တက်ခြင်း၊ မှတ်တိုင်ဟောင်းတွင် ခရီးသည်အတင်အချ ပြုလုပ်ခြင်း၊ လမ်းပိတ်ရပ်ခြင်း အပါအဝင် မဆင်မခြင်မောင်းနှင်မှုနှင့် ဘေးတံခါးဖွင့် မောင်းနှင်ခဲ့သော ယာဉ်များကို အရေးယူထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။ “အလှည့် ကျနဲ့ ည ၁၁ နာရီအထိ ဖမ်းဆီးနေပါတယ်။ ခရီးသည်တင်ယာဉ်တွေက ပိုပြီးစည်းကမ်းဖောက်ဖျက်လာတယ်” ဟု သင်္ဃန်းကျွန်း မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များကို အရေးယူနေသည့် တာဝန်ကျ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ သက်ဆိုင်ရာ နယ်မြေအလိုက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက စည်းကမ်းလိုက်နာမှု မရှိသောယာဉ်နှင့် ယာဉ်မောင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တာဝန်များကို နေ့စဉ် ည ၁၁ နာရီအထိ ဆောင်ရွက်ရေးနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စည်းကမ်း နည်းလမ်းတကျ ဥပဒေဘောင်အတွင်းမှ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ကြောင်း ယင်းတိုင်းရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။ “စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးမှုတွေကို ကြိုဆိုတယ်။ အမှန်တကယ် ထိထိရောက်ရောက် ဖမ်းဆီးဖို့လိုတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက အကြံပြုပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ref : ခေတ်လူငယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here