Sunday, September 16, 2012

မန္တလေးကို ခေတ်မီဥယျာဉ်မြို့တော်ကြီး ဖြစ်စေရန် လုပ်သားများစွာ ခေါ်ယူလျက်ရှိ

0 comments


မန္တလေး မြို့တော် ကြီးကို ခေတ်မီ ဖွံ့ဖြိုးပြီး သန့်ရှင်းသာယာ လှပသော ဥယျာဉ် မြို့တော်ကြီး ဖြစ်စေရန်  မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လူအင်အား၊ ယန္တရား အင်အားများဖြင့် စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထိုသို့ စီမံဆောင်ရွက် နေသော်လည်း မြို့ဧရိယာ ကျယ်ဝန်းသောကြောင့် နိုင်နင်းအောင် ဆောင်ရွက်နိုင်မှု မရှိခဲ့ပေ။
ထို့ကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ လုပ်သားအင်အားများဖြည့်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ သို့မှသာ အချိန်တိုတိုအတွင်း အမှိုက်ကင်းစင်သော မြို့တော်ကြီး ဖြစ်လာမည်မှာ အမှန်ပေ။ ယခုအခါတွင် ၆ မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၉၆ ရပ်ကွက် ရှိသည့်အနက် ရပ်ကွက်ပေါင်း ၆၀ အား အမှိုက်ကင်းစင်သော စံပြရပ်ကွက်အဖြစ် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
ထိုသို့ သတ်မှတ် ဆောင်ရွက်ထားသော်လည်း တစ်ချို့ ရပ်ကွက်သူ ရပ်ကွက်သားများမှာ နားလည်မှုလွဲပြီး “စည်းကမ်းလိုက်နာမှု အားနည်းနေကြသေးသည်။ အတတ်နိုင်ဆုံး ရပ်ကွက်ချောင်၊ ရပ်ကွက်ကြားများထိ မြောင်းဆည်၊ အမှိုက်များ ရှင်းနေသော်လည်း ရပ်ကွက်အနှံ့အပြား မရောက်ရှိနိုင်သေးပါ။
ထိုပြဿနာများကို ဖြေရှင်းရန် ရပ်ကွက်အသီးသီးသို့ သန့်ရှင်းရေးလုပ်သား (နေ့စား) များ ခန့်ထားရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ စာများပေးပို့ပြီး ဖြစ်ကြောင်း သိရသည်။ လျှောက်ထားသူများသည် မိမိလျှောက်ထားသော ရပ်ကွက်များ၌ပင် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။ ထိုမှသာ ရပ်ကွက်တိုင်း သန့်ရှင်း လှပနိုင်တော့ပေမည်။
သန့်ရှင်းရေး အလုပ်သမား၊ အမှိုက်သိမ်းနှင့် မြောင်းဆည် အလုပ်သမားများ လိုအပ်လျက်ရှိကြောင်း စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ တာဝန် ထမ်းဆောင်လိုသော အမျိုးသား အမျိုးသမီးများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယာယီဝန်ထမ်းအဖြစ် ခန့်ထားပေးပြီး မိမိရပ်ကွက် အတွင်း၌ပင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကွပ်ကဲမှုဖြင့် ရပ်ကွက်သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသော သူများသည် မိမိရပ်ကွက်တွင် အမှန်တကယ် နေထိုင်သူများသာ ဖြစ်ရမည်။ ယာယီဝန်ထမ်းအဖြစ် ရရှိမည့် အကျိုးခံစားခွင့် လစာမှာ တစ်လလျှင် ၃၃၀၀၀ ကျပ်၊ ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်နှင့် အညစ်အကြေး ကိုင်တွယ်ခ ၁၂၀၀၀ ကျပ် စုစုပေါင်း ၇၅၀၀၀ ကျပ် ရရှိမှာဖြစ်ကြောင်း သိရသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ တဆင့် နန်းရှေ့ဈေး အပေါ်ထပ် သန့်ရှင်းရေးဌာနသို့ လျှောက်ထားရမည် ဖြစ်သည်။
မိမိတို့ တာဝန်ထမ်းဆောင်ရမည့် ရပ်ကွက်အတွင်းတွင် လိုအပ်သော သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းများ လက်တွန်းလှည်းများ၊ အမှိုက်သိမ်းယာဉ်များအား သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ ကွပ်ကဲမှုဖြင့် လိုအပ်သလို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မောင်နှမက ရပ်ကွက်ထဲလှည့်ပြီး အမှိုက်သိမ်း၊ အမှိုက်ကောက် လုပ်စားလာတာ အဖေ မရှိကတည်းကပဲ။ ပညာအရည်အချင်းက မရှိတော့ ဒီလုပ်ငန်းပဲ လုပ်ရတာပေါ့။ မောင်နှမ နှစ်ယောက်ဆို တစ်ရက် ၂၀၀၀၊ ၃၀၀၀ရတယ်။ မရတဲ့နေ့လည်း မရဘူး။မျက်နှာ အရမ်းငယ်ရတယ်။ ညီမလေးတောင် ၁၃ နှစ် ပြည့်သွားပြီ။ စည်ပင်က ဝန်ထမ်းခေါ်တယ်ဆိုလို့ ဒီရုံးကို လာလျှောက်တာ၊ ဘာမှန်းညာမှန်း မသိဘူး။ ညီမလေးကတော့ ငယ်တော့ ခန့်မခန့် မသိဘူး။ အုပ်ချုပ်ရေးမှူးက ဘဘတွေက အကုန်ကူညီကြတယ်။
ဘာကြေးညာကြေး မယူကြဘူး။ ယူလည်း ပေးစရာမရှိဘူး။ ညီမလေးပါ ခန့်ရင်တော့ ကောင်းတာပေါ့။ အခုတော့ အမေပါ လျှောက်မယ် ပြောတယ်။ အမေကလည်း အရပ်ထဲ အဝတ်လျှော်တာလေ။ နေတာကတော့ ဒီအရိပ်မထွက် ဓမ္မာရုံမှာပေါ့။ အရင်ကတော့ ဒီရပ်ကွက်မှာ အိုးပိုင်အိမ်ပိုင်နဲ့။ အဖေမလိမ္မာတော့ အကုန် ရောင်းလိုက်ရတယ်။ ကျွန်တောတို့ အရည်အချင်းနဲ့ ဝန်ထမ်းဖြစ်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး။ အခုကျတော့ အရမ်းပျော်တယ်။ အိနြေ္ဒလည်း ရတယ်။ တောက်တိုမယ်ရလို့လည်း အထင်မခံရတော့ဘူး။ ကိုယ့်လုပ်ငန်းလေး အတည်တကျ ရှိသွားပြီဆိုတော့ ကြိုးစားရမှာပေါ့။ လစာက ၇၅၀၀၀ ကျပ်တောင်ရမှာ။ ကျွန်တော်တို့ မိသားစုဘဝတွေ တဖြည်းဖြည်း မြင့်လာမယ်လို့ ယုံကြည်တယ်” ဟု သန့်ရှင်းရေးဝန်ထမ်း လာလျှောက်သူ လူငယ်တစ်ဦးမှ ဆိုသည်။
“အခုလို စီစဉ်ပေးတဲ့ ဘဘကြီးကို အရမ်း ကျေးဇူးတင်တယ်။ တကယ်ဆို ကျွန်တော်တို့ ဘဝတွေဟာ အတတ်ပညာ မဲ့နေတော့ လေလွင့်နေကြတယ်။ ဈေးတွေထဲ လျှောက်ကောက်၊ အိမ်ကျိုအိမ်ကြား ဝင်ကောက်၊ ဒီလိုနဲ့ ဝမ်းရေးကို ဖြေရှင်းနေရတာ။ အခုလို စည်ပင်က သန့်ရှင်းရေး ဝန်ထမ်းတွေခေါ်တော့ ပျော်တာပေါ့။ အပြေးက သွားလျှောက်ကြတယ်။ အားလုံး အဆင်ပြေပါတယ်။ အကုန်လုံးက လိုလိုချင်ချင် ကူညီကြပါတယ်။ ဒါ ကျွန်တော်တို့ ဘဝရဲ့ တက်လမ်းပါ။ ကုသိုလ်လည်းရ ဝမ်းလည်းဝမယ့် အလုပ်ပါ။ ကိုယ်နေထိုင်နေတဲ့ မြို့ကြီးကိုလည်း ကူညီရာ ရောက်ပါတယ်” ဟု အမှိုက်ကောက်သည့် လူငယ်တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့က ကိုယ့်ရပ်ကွက်ထဲ ကိုယ်လုပ်ရမှာဆိုတော့ လုပ်တာပေါ့။ အိမ်မှာနေရင်း အလကား အားနေတာ။ လူပိုကြီးလို ဖြစ်နေတယ်။ အခုကျတော့ အိုကေ ဖြစ်သွားတာပေါ့ဗျာ။ ကိုယ့်လခလေးနဲ့ကိုယ် ဘယ်သားသမီးမျက်နှာမှ မကြည့်ရတော့ဘူး။ သက်ဆိုင်ရာ လူကြီးမင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်” အသက် ၅၀ ဦးလေးကြီး တစ်ဦးက ဆိုသည်။
“ကျွန်မတို့အတွက်ကတော့ ပဒေသာပင်ကြီး ပေါက်လာသလိုပဲ။ မဟုတ်လည်း ကိုယ့်ရပ်ကွက် သန့်ရှင်းရေး လုပ်ရမှာပဲ။ အခုကျတော့ လစာပါ ရမှာဆိုတော့ ကျွန်မတို့ မိသားစုဘဝကို အထောက်အကူ ပြုပါတယ်” ဟု အိမ်ရှင်မတစ်ဦးက ဆိုသည်။
ထိုသို့ မန္တလေးမြို့တော် စည်ပင်သာယာမှ စီစဉ်ဆောင်ရွက်ပေးခြင်းသည် လောက၏ အလှကို ဆင်သလိုဖြစ်သည်။ အနာဂတ်ပန်းတွေ ငွါးငွါးစွင့်စွင့် ပွင့်လန်းကုန်ကြသည်။ အဓိပ္ပါယ်မဲ့ နေကြသူများပင် စိတ်ဓာတ်များ နိုးကြွလာကြသည်။ အလုပ်လက်မဲ့ ပပျောက်ရေးမှာ ဒါမျိုးဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများ ပျောက်ပြီး မဲ့နေချိန်တွင် မြို့တော်စည်ပင်၏ စီမံဆောင်ရွက်ခြင်းများသည် အနှစ်များပင် ဖြစ်နေတော့သည်။
ထိုသို့ လိုအပ်နေသော နေရာများတွင် ပညာမဲ့ ကာယလုပ်သားများကို နေရာပေးခြင်းဖြင့် မန္တလေး မြို့တော်ကြီးသည် အလုပ်လက်မဲ့များ ပပျောက်ပြီး အမြန်ဆုံး ဥယျာဉ်မြို့တော်ကြီး ဖြစ်မည်ဟု မြို့ခံများမှ မုဒိတာ ပွားနေကြသည်။
ref:Shade

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here