Wednesday, January 23, 2013

ရွာငံ၌ လိမ္မော်သီးစားခြင်း

0 comments
Photo: ရွာငံ၌ လိမ္မော်သီးစားခြင်း

ရေးသားသူ- မောင်သာချို

(တစ်)

လိမ္မော်သီးတွေကိုမြင်တော့ လိမ္မော်သီးနှင့်ပတ်သက်သော သတင်းကလေးတစ်ပုဒ်က ခေါင်းထဲသို့ ၀င်ရောက်လာပါသည်။ ဗြိတိသျှခေါ် အင်္ဂလန်ကျွန်းနိုင်ငံဘက်ဆီက လာသောသတင်း။ လွန်လေပြီးသောလေးနှစ် ခရစ်နှစ် ၂၀၀၈ တုန်းဆီက ထုတ်ပြန်ခဲ့သော သတင်းပဲဖြစ်ပါသည်။ အင်္ဂလန်၌ရုတ်တရက်ဆိုသလို လိမ္မော်သီးစားနှုန်း ကျဆင်းသွားခဲ့သည့်သတင်း။ အင်္ဂလန်တစ်နိုင်ငံလုံး၌ တစ်နှစ်လျှင် လိမ္မော်သီးအလုံးရေ သန်း ၆၀၀ သာ စားသုံးကြတော့သည်ဟု သတင်းကဆိုပါသည်။ သို့ဖြစ်ရာ အင်္ဂလန်လူဦးရေနှင့်နှိုင်းစာကြည့်သော နှစ်ရာခိုင်နှုန်းသာ စားသုံးတော့သကဲ့သို့ အဖြေထွက်လာပါသည်။ လူဦးရေတစ်ရာလျှင် နှစ်ယောက်သာ လိမ္မော်သီးစားတော့သည့်သဘော။ ထား။ 

ပို၍စိတ်ဝင်စားဖို့ကောင်းသည်က ဘာကြောင့် လိမ္မော်သီးစားနှုန်း ကျဆင်းသွားရသလဲဟူသည့် အကြောင်းပြချက်ဖြစ်ပါသည်။ အော် .. လိမ္မော်သီးတွေကို အခွံနွှာပြီး စားရလို့ဟု ဆိုပါလား။ အချိန်နှင့်အမျှ သွားလာလှုပ်ရှား ရုန်းကန်နေကြရသည့် အင်္ဂလိပ်လူထု အများစုတို့ခမျာ လိမ္မော်သီးကို အခွံနွှာနေရသည်ကို အလိုမရှိကြတော့။ အချိန်မရ။ ဒါကြောင့် လိမ္မော်သီးမစား။

သတင်းကိုဖတ်ရင်းက ကျွန်တော်ပြုံးမိပါသည်။ တို့တွေဆီမှာတော့ လိမ္မော်သီးကိုအခွံနွှာပြီးစားဖို့ အချိန်မပေးနိုင်သည်အထိတော့ အလုပ်မရှုပ်ကြသေးဘူးဟု တွေးမိ၍ဖြစ်ပါသည်။

သစ်သီးပွဲရုံတွေထဲမှာလည်း လိမ္မော်သီး၊ သစ်သီးဝလံဆိုင်ကလေးတွေထဲမှာလည်း လိမ္မော်သီး၊ ရထားဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်တွေမှာလည်း လိမ္မော်သီး၊ ဘုရားပွဲဈေးတွေမှာလည်း လိမ္မော်သီး၊ မြန်မာနိုင်ငံသားတို့ လိမ္မော်သီးအခွံနွှာရသည်ကို အလုပ်ရှုပ်လေခြင်းဟု သဘောမထားဘဲ မငြိုမငြင် စားသုံးနေကြဆဲဖြစ်ပါသည်။

အထူးသဖြင့် ယခုနောက်ပိုင်း၌ မြန်မာနိုင်ငံအနှံ့အပြားရှိ စားသုံးသူဈေးကွက်ထဲသို့ မူလဘူတ လိမ္မော်သီးများသာမကဘဲ လိမ္မော်အမျိုးမျိုးတို့က ထိုးဖောက်ဝင်ရောက်ကာ နေရာယူလာကြပါသည်။ ပျားလိမ္မော်တဲ့၊ ပန်းလိမ္မော်တဲ့။ တချို့လိမ္မော်သီးတွေက အလုံးသေးသေးလေးတွေနှင့် အခွံပါဝါးစား၍ ရပါသည်။ အစေ့မပါသော လိမ္မော်ဆိုသည်ကလည်းရှိသေး။

“ကျွန်တော့စိတ်ထင်.. ပျားလိမ္မော်တို့၊ ပန်းလိမ္မော်တို့ ဈေးကွက်ထဲဝင်လာတာ ဆယ်နှစ်ဝန်းကျင်လောက်ပဲ ရှိဦးမယ်။ ၂၀၀၃ ကျော်ကျော်လောက်ကလို့ ထင်ပါရဲ့” ရှမ်းတောင်တန်းသို့ရောက်စဉ်က ဒေသခံတစ်ဦးက ကျွန်တော့်ကို ပြောခဲ့ခြင်းဖြစ်ပါသည်။

“အထူးသဖြင့် ရှမ်းအရှေ့ဘက်မှာ ပျားလိမ္မော်များတယ်။ ဒီဘက်ကတော့ ရိုးရိုးသီးတွေပါပဲ” 

ရှမ်းအရှေ့ဆိုသည်က တရုတ်၊ ထိုင်းတို့နှင့် ထိစပ်နေသည့် ဒေသများကို ဆိုလိုခြင်းဖြစ်ပြီး ရိုးရိုးသီးဆိုသည်က မျိုးရိုးဗီဇပြုပြင်ထားသည့်  အသီးမဟုတ်သော အော်ဂဲနစ် (Organic) သီးနှံစစ်စစ်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ရိုးရိုးသီးတဲ့။

(နှစ်)

ကျွန်တော်တို့ဆီမှာက အရပ်ဒေသများကို သူတို့၏ ထွက်ကုန်သီးနှံများနှင့် တွဲစပ်၍ သိတတ်ကြစမြဲဖြစ်ပါသည်။
တွံတေး မာလကာတဲ့။ တိုက်ကြီး သံပရာတဲ့။ ပန်းတနော် ကွမ်းတဲ့။ တောင်ငူ ကွမ်းသီးတဲ့။ အောင်ပန်း လိမ္မော်တဲ့။

ဟုတ်ပါသည်။ အောင်ပန်းကလိမ္မော်သီး နာမည်ကြီးပါသည်။ အောင်ပန်းသို့ရောက်တိုင်း လိမ္မော်ခြံများရှိရာဆီသို့ ကျွန်တော်ရောက်သွားကာ လိမ္မော်သီးကို ကိုယ်တိုင်ခူးဆွတ်စားမြဲ ဖြစ်ပါသည်။

တစ်ခေါက်တွင်ကား အောင်ပန်းကနေ ပင်းတယဘက်သို့အသွား ပင်းတယဘက်သို့မလိုက်ဘဲ ရွာငံဘက်သို့ ခြေဦးလှည့်ဖြစ်ပါသည်။ ရေငန်၊ ရွာငန်၊ ရွာငံ စသည်ဖြင့် အမျိုးမျိုးရေးထုံးရှိသော ရွာငံက ပဒတ်လိုဏ်(သို့မဟုတ်) ပြဒါးလင်းဂူကြောင့် လူသိများပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၁၀၀၀ မှ သည် ၆၅၀၀ အကြား၌ လူနေခဲ့သည်ဆိုသော ထိုလိုဏ်ဂူကြီးက ရှေးဟောင်းသုတေသနသမားနှင့် သမိုင်းဆရာတို့၏ အကြိုက်တွေ့စရာ လိုဏ်ဂူကြီးပင်ဖြစ်ရာ ယင်းလိုဏ်ဂူနှင့်တွဲစပ်လျက် ရွာငံကို လူသိများခြင်းဖြစ်ပါသည်။

ရွာငံက ရှမ်းရိုးမကြီး၏ အနောက်ဘက်တောင်စောင်း၌ရှိပြီး ဓနုတိုင်းရင်းသားအများစု နေထိုင်ရာ ဒေသဖြစ်သဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင် ဖြစ်ပါသည်။ နတ်ကိုးကွယ်သူမရှိ၊ ကိုယ်ပိုင်စာနှင့်စကားမရှိ၊ ဗုဒ္ဓဘာသာဝင်အများအပြားနေထိုင်ကာ ရိုးစင်း၍ အေးချမ်းတည်ငြိမ်ကာ နှေးကွေးလေးလံစွာဖြင့် ဘ၀ကို လျှောက်လှမ်းသွားကြရာ ဒေသပင်ဖြစ်ပါသည်။

ရွာငံတစ်ဝိုက်မှာက လိမ္မော်ခြံကြီးတွေရှိပါသည်။ သည်လိမ္မော်ခြံကြီးတွေ ရှိရာဆီသို့သွားကာ အေးအေးလူလူဖြင့် လိမ္မော်သီးခူးစားခဲ့ကြခြင်း ဖြစ်ပါသည်။

(သုံး)

လိမ္မော်ပင်က ရှောက်ပင်နှင့်တူပါသည်။ အရွက်ကလည်း ရှောက်ရွက်နှင့်တူပါသည်။ အပင်တိုင်း အပင်တိုင်း၌ လိမ္မော်သီးတို့ ပြွတ်နေအောင်သီးရာ  လိမ္မော်ကိုင်းတို့  အောက်သို့ ညွတ်ကျမသွားရလေအောင် ၀ါးတန်းကလေးများရိုက်လျက် လေးဘက်လေးတန် ကာရံကာတန်းပစ်၍ ခံပေးထားရပါသည်။ စိမ်းမှောင်နေသော အရွက်များကြား၌ ၀င်းမွတ်ကာ ပင်လုံးညွတ်မတတ် သီးနေသည့် လိမ္မော်သီးများကို ကြည့်ရသည်မှာ ကမ္ဘောဇ၏အလှဆုံး ပန်းချီကားတစ်ချပ်ပင်ဖြစ်ပါသည်။

လိမ္မော်ပင်ကနိမ့်ပါသည်။ အမြင့်ဆုံးအပင်ကမှ လူ့အရပ် တစ်ပြန်ခွဲနှစ်ပြန်လောက်သာရှိရာ မည်သူမဆို လှမ်းခူး၍ရသော အနေအထားဖြစ်ပါသည်။ တစ်ပင်နှင့်တစ်ပင် ငါးပေ၀န်းကျင်လောက်သာခြားပြီး စိုက်ထားရာ အဝေးကလှမ်းကြည့်လျှင် လိမ္မော်သီးတွေ သီးနေသည်နှင့်မတူဘဲ မီးသီးအ၀ါတွေ ပြွတ်သိပ်ဆင်ထားသည်နှင့်ပင် တူနေပါသည်။

“အခုနောက်ပိုင်း လိမ္မော်ကမကိုက်ဘူးဗျာ။ တစ်ပိဿာမှ သုံးရာ့ငါးဆယ်၊ လေးရာပဲရတာ။ ပျားလိမ္မော်တို့ ဘာတို့က ထောင့်ငါးရာကျော်တယ်လေ”

လိမ္မော်တစ်ပင်က အလွန်ဆုံးသီးလှ အချိန်တစ်ဆယ်ပေါ့။ တစ်ပိဿာ သုံးရာ့ငါးဆယ်ဆိုတော့ တစ်ပင်ကို သုံးထောင့်ငါးရာ၊ ဆယ်ပင်ကို သုံးသောင်းခွဲ၊ အပင်တစ်ရာကို သုံးသိန်းခွဲ၊ အပင်တစ်ထောင်ကို သုံးဆယ့်ငါးသိန်း၊ အပင်တစ်သောင်းကို သိန်းသုံးရာ့ငါးဆယ် စသည်စသည်ဖြင့် ကျွန်တော်က စိတ်တွက်ဖြင့် လိုက်တွက်နေမိသည်။

“အပင်တစ်သောင်းစိုက်တဲ့လူက ရှားပါတယ်။ ထောင်ဂဏန်း၊ ရာဂဏန်းပါပဲ”

လိမ္မော်က ငါးနှစ်သားလောက်ဆိုလျှင် သီးပါပြီ။ တစ်နှစ်ကို တစ်သီး။ မိုးဦး၌ အပွင့်ကလေးများပွင့်ကာ အသီးတို့ ဆက်လိုက်လာပြီး ဆောင်း၌ လိမ္မော်ခူးကြရစမြဲ။

(လေး)

အခုနောက်ပိုင်း GM Crop (Genetically Modifical Crop) ခေါ် မျိုးရိုးဗီဇပြုပြင်ထားသည့် အသီးအနှံများ ဈေးကွက်အတွင်း၌ တွင်ကျယ်လာကြပါသည်။ မာလကာသီး၊ ပန်းသီး၊ ဆီးသီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ခရမ်းသီး၊ ငှက်ပျောသီး၊ ကြက်ဟင်းခါးသီး၊ စပျစ်သီး၊ သရက်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အကြီးအသေး အချိုအချဉ် အစပ်အခါး လိုတိုးပိုလျှော့ ပြုပြင်စီရင်ထားသည့် အသီးအနှံများ။

ကမ္ဘာ၌ ပထမဦးဆုံးသော မျိုးရိုးဗီဇပြုပြင်ထားသည့် အသီးမှာ ခရမ်းချဉ်သီးဖြစ်ပါသည်။ ၁၉၉၂ ၌ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ တင်ပြပြီး ခွင့်ပြုသဖြင့် ၁၉၉၄ တွင် ထိုခရမ်းချဉ်သီးများ အမေရိကန်ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိခဲ့ပါသည်။

နောက်တော့ ထို GM Crop တို့ ကမ္ဘာသို့ ပျံ့နှံ့သွားခဲ့ရာ အမေရိကန်က ၆၈ ရာခိုင်နှုန်း၊ အာဂျင်တီးနားက ၂၂ ရာခိုင်နှုန်း၊ ကနေဒါ ၆ ရာခိုင်နှုန်း၊ တရုတ်က ၃ ရာခိုင်နှုန်း စိုက်သည်ဟုဆိုပါသည်။

ဆေးပညာရှင်များက ထို GM Crop တို့သည် ဓာတုဗေဒပစ္စည်းများပါသဖြင့် မူးဝေ၊ အော့အန်၊ ယားယံ၊ ၀မ်းပျက်၊ ၀မ်းလျှော၊ နှင်းခူ၊ ကင်ဆာ၊  သားသမီးမြုံ၊ သန္ဓေသားအင်္ဂါချို့ယွင်း၊ ဦးနှောက်နှင့်အာရုံကြောထိခိုက် စသည်စသည်ဖြင့် ဘေးထွက်ဆိုးကျိုးတို့ များပြားလှကြောင်း သတိပေးနေကြသော်လည်း တိုးပွားလာသည့် လူဦးရေကို ကာမိဖို့ GM Crop များ ခေါင်းထောင်ကြဆဲဖြစ်ပါသည်။ လူတို့၏ အလိုရမ္မက်အရလည်း GM Crop တို့ တွင်ကျယ်ကြဆဲဖြစ်ပါသည်။

ရွာငံလိမ္မော်သီးတွေက GM Crop များ မဟုတ်ကြပါ။ မျိုးရိုးဗီဇပြုပြင်ထားသည့် အသီးများ (Genetically Modifical Crop) မဟုတ်ကြ။ သဘာဝအသီး။ ဒါကြောင့် အချိုမစူး။ မပြင်း။ အလုံးအဖန်မလှ။ မကြွ။

စာရေးဆရာမ နုနုရည်(အင်းဝ)က ရွာငံဝန်းကျင်က လိမ္မော်ပင်တွေကြားမှာ ဟိုအပင်က တစ်လုံးခူးလိုက်၊ သည်အပင်က တစ်လုံးခူးလိုက်နှင့် အားရပါးရကို စားနေပါလေသည်။ ကျွန်တော်တို့နောက်မှာ ရောက်လာကြမည့် ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့၊ ကိုညီမင်းညိုတို့လည်း  ကြိုက်ကြလေ့မပေါ့။

ရန်ကုန်အပြန် ရွာငံကထည့်ပေးလိုက်သည့် သဘာဝလိမ္မော်သီးများ လေယာဉ်ပေါ်ကဆင်းလျှင် ဆင်းချင်းမှာပင်လျှင် ကိုရဲသျှမ်း၊ ကိုမင်းသစ်၊ ဆရာကြည်မင်း(ကျော်စောမင်း၊ ယောဂျော်)တို့ကို ကျွေးထည့်လိုက်ရာ “ဟာ. သဘာဝအသီးတွေဟ၊ ဘာဆေးမှ မပါဘူးဟ”နှင့် စားလိုက်ကြသည်မှာ မြိန်ရေယှက်ရေ။

အော်.. ရွာငံ..ရွာငံ။ ရိုးစင်းငြိမ်းအေးသည့် မြို့ကလေးဝန်းကျင်က ရှမ်းရိုးမ၏အနောက်ဘက်ခြမ်းတွင် သီးချင်တိုင်းသီးနေသည့် အော်ဂဲနစ် (organic) လိမ္မော်သီးခေါ် သဘာဝလိမ္မော်သီးခြံကလေးများနှင့် ရွာငံ။

GM Crop အနွယ်ဝင် မျိုးရိုးဗီဇပြုပြင်ထားသည့် လိမ္မော်သီးများကိုကြောက်သူ မိတ်ဆွေများကို ရွာငံတစ်ဝိုက်က လိမ္မော်ခြံများရှိရာဆီသို့ ခေါ်သွားချင်စမ်းပါဘိ။             ။

ရန်ကုန်အပြန် ရွာငံကထည့်ပေးလိုက်သည့် သဘာဝလိမ္မော်သီးများ လေယာဉ်ပေါ်ကဆင်းလျှင် ဆင်းချင်းမှာပင်လျှင်ကိုရဲသျှမ်း၊ ကိုမင်းသစ်၊ဆရာကြည်မင်း(ကျော်စောမင်း၊ ယောဂျော်)တို့ကို ကျွေးထည့်လိုက်ရာ
 “ဟာ. သဘာဝအသီးတွေဟ၊ ဘာဆေးမှ မပါဘူးဟ”နှင့် စားလိုက်ကြသည်မှာ မြိန်ရေယှက်ရေ။

အော်.. ရွာငံ..ရွာငံ။ ရိုးစင်းငြိမ်းအေးသည့် မြို့ကလေးဝန်းကျင်က ရှမ်းရိုးမ၏အနောက်ဘက်ခြမ်းတွင် သီးချင်တိုင်းသီးနေသည့် အော်ဂဲနစ် (organic) လိမ္မော်သီးခေါ် သဘာဝလိမ္မော်သီးခြံကလေးများနှင့် ရွာငံ။

GM Crop အနွယ်ဝင် မျိုးရိုးဗီဇပြုပြင်ထားသည့် လိမ္မော်သီးများကိုကြောက်သူ မိတ်ဆွေများကို ရွာငံတစ်ဝိုက်က လိမ္မော်ခြံများရှိရာဆီသို့ ခေါ်သွားချင်စမ်းပါဘိ။ 
7Day News Journal
 
Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here