Wednesday, January 23, 2013

နိုင်ငံတော်မှ ကျပ် ၁၀ ဘီလျံဖိုးအထိ အရန်ဆန်ဝယ်ယူရန် ကနဦး သတ်မှတ်ထားသော်လည်း ယခုအခါ ကျပ်သုံးဘီလျံဖိုးသာ ၀ယ်ယူတော့မည်ဟု ပြောင်းလဲထုတ်ပြန်

0 comments




ha-23-1-1
ပြည်မြို့ရှိ ဆန်အတင်အချ ပြုလုပ်သည့် ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်
ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် အရန်ဆန်ဝယ်ယူမှုရန် နိုင်ငံတော်မှ ငွေကျပ် ၁၀ ဘီလျံဖိုးအထိ သတ်မှတ်ထားသော်လည်း ယခုအခါ ကျပ်သုံးဘီလျံဖိုးသာ ၀ယ်ယူနိုင်တော့မည်ဖြစ်ကာ အရန်ဆန်ဝယ်ယူမှုကို ခုနစ်ဘီလျံ လျှော့ချလိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒေါက်တာစိုးထွန်းက
 ပြောကြားခဲ့ပါသည်။
"ဒီနှစ်မှာ အရန်ဆန်ဝယ်ဖို့အတွက် နိုင်ငံတော်က ကျပ် ၁၀ ဘီလျံအထိ သုံးစွဲဖို့သတ်မှတ်ထားပေမယ့် အခုတော့ ခုနစ်ဘီလျံလျှော့ပြီး သုံးဘီလျံပဲ သုံးတော့မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီနှစ်အတွက် အရန်ဆန်ဝယ်ဖို့ကို အစိုးရက ၁၀ ဘီလျံ၊ သမ၀ါယမက တစ်ဘီလျံ၊ ကျွန်တော်တို့က ၃ ဒသမ ၅ဘီလျံနဲ့ စုစုပေါင်း ၁၄ ဒသမ ၅ ဘီလျံ သုံးစွဲဖို့ သတ်မှတ်ထားတာပါ။ အခုတော့ အစိုးရက ခုနစ်ဘီလျံ လျှော့ချလိုက်တယ်။ ပုဂ္ဂလိကပိုင်းကတော့ အရန်ဆန်ဝယ် ယူမှုကို မလျှော့ပါဘူး။ သမ၀ါယမကလည်း တစ်ဘီလျံပဲ၊ ကျွန်တော်တို့ကလည်း  ၃ ဒသမ ၅ ဘီလျံပဲ သုံးစွဲသွားမယ်။ ဒါပေမဲ့ အစိုးရက လျှော့ချလိုက်တဲ့အတွက် ဒီနှစ်အတွက်ကို ၇ ဒသမ ၅ ဘီလျံပဲ သုံးစွဲနိုင်တော့မှာပါ" ဟုလည်း ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် တစ်သန်းခွဲအထိ တင်ပို့သွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
နိုင်ငံတော်အရန်ဆန် ထားရှိရေးအတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ပထမအကြိမ် အရန်ဆန်ဝယ်ယူရန် တင်ဒါခေါ်ယူစဉ်က ရန်ကုန်တိုင်းဒေသကြီး၌ ဆန်တန်ချိန် ၁၀၀၀၀၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်တန်ချိန် ၆၀၀၀ နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း တန်ချိန် ၄၀၀၀ ၀ယ်ယူခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ် အရန်ဆန်ဝယ်ယူစဉ်က တန်ချိန် ၃၀၀၀၀ အထိ ၀ယ်ယူခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမပတ်အတွင်းကလည်း တတိယအကြိမ်မြောက် ၀ယ်ယူရန် တင်ဒါခေါ်ယူခဲ့ကြောင်း သိရှိရသည်။
"အရန်ဆန် ၀ယ်ယူထားတဲ့အတွက် ပြည်တွင်းဆန်ဈေးမြင့်လာရင် အရန်ဆန် ထုတ်ရောင်းပးလို့ ရတယ်။ နောက်တစ်ချက်က ဟိုတလောက ကချင်ပြည်နယ်အတွက် ဆန်လိုတယ်ဆိုတုန်းကလည်း အရန်ဆန်ကော်မတီအနေနဲ့ တန် ၁၅၀၀ ပို့ပေးခဲ့ရတယ်။ အရန်ဆန် ၀ယ်ထားတဲ့အတွက် ဒီလိုအရေးကြုံလာရင် ထုတ်သုံးလို့ ရသလို ဆန်ဈေးတက်ရင်လည်း ထိန်းညှိပေးလို့ ရတယ်။ အခုလို အရန်ဆန်လျှော့ဝယ်မယ်ဆိုရင် အရန်ဆန် လက်ကျန်မရှိတော့ရင် ပြည်တွင်းဆန်ဈေးကွက်ကို ထိန်းဖို့ခက်ခဲမယ်လို့ ယူဆရပါတယ်" ဟုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။
eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here