Monday, February 18, 2013

အရိုးပွခြင်းကြောင့် အောက်ပိုင်း သေသည့်အဆင့်သို့ ရောက်ရှိနိုင်

0 comments

Photo: အရိုးပွခြင်းကြောင့် အောက်ပိုင်း သေသည့်အဆင့်သို့ ရောက်ရှိနိုင် 

Monday, February 18, 2013

အသက်(၅၀)ကျော် အမျိုးသမီးများအနေဖြင့် သွေးဆုံးချိန်တွင် ဟော်မုန်းဓါတ်လျော့နည်းကာ အရိုးပွရောဂါအဖြစ်များတတ်ကြောင်း သိရသည်။ 

အရိုးပါးရောဂါ ဖြစ်ပွားပါက နောက်ဆက်တွဲရောဂါအဖြစ် အောက်ပိုင်းသေသည်အထိ ဖြစ်နိုင်သောကြောင့် အထူးဂရုစိုက် ကာကွယ်သင့်ကြောင်း ဆရာဝန်များထံမှ သိရှိရသည်။      

အရိုးပါးရောဂါ(ခေါ်)အရိုးပွရောဂါသည် အသက်အရွယ်ကြီးမြင့်သူများတွင် အဖြစ်များကာ အမျိုးသမီးများတွင် ပိုအဖြစ်များကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အမျိုးသမီးများ သွေးဆုံးချိန်၌ ဟော်မုန်းလျော့နည်းကာ အရိုးမှ ကယ်လစီယမ် လျော့နည်းသွားပြီး အရိုးကျိုးလွယ်သည်အဖြစ်သို့ ရောက်ရှိလာကြောင်းကိုလည်း သိရသည်။ 

“ အသက်(၄၅ နဲ့ ၆၀)ကြား အမျိုးသမီးတွေ ပိုအဖြစ်များတယ်။ သွေးဆုံးချိန်မှာ ဖြစ်တတ်တယ်။ လက်ထောက် လိုက်ရုံ၊ ချော်လဲလိုက်ရုံနဲ့ ကျိုးတာပဲ။ ရိုးရိုးအရွယ်မှာ ချော်လဲလို့ လက်နဲ့ထောက်မိရင် ဘာမှမဖြစ်ပေမယ့် ၅၀ နောက်ပိုင်းမှာ ဖြစ်ရင် လက်ကောက်ဝတ် ၊ခါးရိုး၊ တင်ပဆုံရိုးတွေကျိုးပြီး ခြေလက်တွေတုန်မယ်။ လက္ခဏာ မမြင်ရဘူး။ အောက်ပိုင်း သေတဲ့အထိ ဖြစ်နိုင်လို့ မပေါ့ဆသင့်ဘူး ” ဟု အလုံမြို့နယ် ၀င်းဆေးခန်းမှ ဒေါက်တာ မြင့်ဦးက ပြောသည်။  

အရိုးပါးရောဂါ မဖြစ်စေရန်အတွက် အရိုးအား ကျစ်လျစ်ခိုင်မာစေသည့် ကယ်လစီယမ်ဓါတ်ပါသော အစားအစားများ (အသား၊ငါး၊ ပင်လယ်ငါးနှင့် ဌက်ပျောသီး၊ထောပတ်သီး၊ အရည်ရွှမ်းသောအသီးများ၊ အရွက် များနှင့် နို့များ) အား ပြည့်ဝစွာ စားသုံးရန် လိုအပ်ကြောင်းကိုလည်း သိရသည်။

အသက်အရွယ်ကြီးရင့်လာသူများအနေဖြင့် ခြေလက်တုန်ခြင်း၊ ချော်လဲခြင်းများ ဖြစ်ပေါ်ပါက ဓါတ်မှန်ရိုက်၍ စစ်ဆေးသင့်ကြောင်း၊ အလေးအပင် မခြင်းကို  ရှောင်ရှားသင့်ကြောင်းနှင့် ဖြည့် စွက်စာများများ စားပေးခြင်းများ ပြုလုပ်သင့်ကြောင်း ဆရာဝန်များက အကြံပြုပြောဆိုကြသည်။        

“ အသက်ကြီးတဲ့သူတွေ  အရိုးက ကျစ်လျစ်မှုနည်းတော့ ပိုကျိုးလွယ် နိုင်တယ်လေ။ ခလုတ်တိုက်လို့ ချော်လဲ ရင်တောင် ဆေးခန်းပြ၊ ဓါတ်မှန်ရိုက်တာတွေ လုပ်သင့်ပါတယ်။ ရိုက်လို့ အရိုးထဲမှာ လေဟာ နယ်ကွက်တွေ ပေါ်လာရင် အရိုးပါး ဖြစ်နေပြီ။ တစ်ပတ်အတွင်း အစားအစာတွေကို ပြည့်ပြည့်၀၀ စားပေးရမယ်” ဟု မြောက်ဒ ဂုံမြို့နယ်မှ ဒေါက်တာအောင်မင်းက ပြောသည်။     

လူကြီးများ၌ အရိုးပါးရောဂါဖြစ်ပွားသလို ကလေးများတွင်လည်း အရိုးပျော့ရောဂါ ဖြစ်နိုင်ကြောင်း သိရှိရသည်။ 

မွေးကာစကလေးများတွင် ဗီတာမင်ဒီ (ခရမ်းလွန်ရောင်ခြည်တွင်ပါသော ဓါတ်)  ချို့တဲ့ခြင်းကြောင့် အရိုးပျော့ရောဂါဖြစ် ပွားနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ခြေထောက်ခွင်ခြင်းများ ဖြစ်ပေါ်နိုင်သလို ဖွံ့ဖြိုးမှုနှေးကွေးသည့် အကျိုးဆက်လည်း ရရှိနိုင်ကြောင်း သိရသည်။  

ထို့ကြောင့် ကာဗွန်ဟိုက်ဒြိတ်၊ ပရိုတင်းနှင့် အာဟာရမှုန့်များအား (၆)လကျော်သည်နှင့် မျှတစွာ ကျွေးရန်လို အပ်ကြောင်း၊ မိခင်နို့အား တိုက်ပေးရန်လိုအပ်ကြောင်း၊ ဗီတာမင်ဒီအား ထိတွေ့ပေးရန် လိုအပ်ကြောင်း သိရှိရသည်။        

လက်ရှိ၌ ကမ္ဘာပေါ်ရှိ ဆင်းရဲသော နိုင်ငံများမှ ကလေးသူငယ်များမှာ အာဟာရချို့တဲ့မှုများကြောင့် အရိုးပျော့ရောဂါများဖြစ်ပွားနှုန်း မြင့်တက်လျက်ရှိကြောင်းကိုလည်း သိရသည်။

မြစ်မခ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here