Saturday, February 9, 2013

ပိတ်ချင်းမြောင် လှိုင်ဂူတော်အတွင်းရှိ သုံးဆင့် ရေတံခွန်တွင် ရတနာသိုက်များ ရှာဖွေရာမှ လူသေဆုံးမှုဖြစ်ခဲ့

0 comments
ဖေဖော်ဝါရီ(၉)

ပိတ်ချင်းမြောင် လိုဏ်ဂူအဝင်ဝ
ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိ သုံးဆင့်ရေတံခွန်တွင် အိပ်မက်အရ ရတနာသိုက်များ ရှာဖွေရာမှ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၅နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင် လှိုဏ်ဂူတော် အတွင်းရှိသည့် သုံးဆင့်ရေတံခွန်တွင် လူတစ်ဦး သေဆုံးကြောင်း ဦးကျော်ဆွေ(ဂေါပက)၏ သတင်းပေးချက်အရ ပိတ်ချင်းမြောင် ရဲစခန်းမှူး ရဲအုပ်စိုးစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပြီး သေဆုံးသူမှာ အောင်နိုင်ဝင်း(၂၀)နှစ်သည် အမြင့်ပေ ၈၀ ခန့်ရှိ ပိတ်ချင်းမြောင် လှိုဏ်ဂူ သုံးဆင့်ရေတံခွန် အောက်ဆုံးထပ်တွင် ခါးနှင့်လက်များတွင် နိုင်လွန်ကြိုးပတ်လျက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုံရွာမြို့တွင် နေထိုင်ကြသည့် ဆိုင်ကယ်ဝပ်ရှော့ လုပ်ကိုင်သူ အောင်နိုင်ဝင်းသည် အစ်ကိုတော်စပ်သူ ဦီးပညာဘာသ ၄၀နှစ်၊ ဇော်နိုင်ဝင်း ၂၅ နှစ်တို့နှင့် အတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်၁၀နာရီ အချိန်တွင် လှိုဏ်ဂူသို့ လာရောက်ခဲ့ပြီး အောင်နိုင်ဝင်းက အသက် ငါးနှစ်အရွယ်မှ ယနေ့အချိန်ထိ လှိုဏ်ဂူ ရေတံခွန်အတွင်း ရတနာသိုက်များ ရှိကြောင်း၊ ညအချိန်တွင် လာယူရန် အကြိမ်ကြိမ် အိပ်မက်ပေးကြောင်း ပြောဆိုသောကြောင့် အောင်နိုင်ဝင်း၏ ဆန္ဒအရ ည ၁၁နာရီခွဲ အချိန်တွင် 
ပိတ်ချင်းမြောင် ရေတံခွန်အလယ်ထပ်သို့ ညီအစ်ကို ၃ဦး သွားရောက်ခဲ့ပြီး အောင်နိုင်ဝင်း၏ ခါးတွင် ကြိုးချည်၍ ရေတံခွန်အောက်သို့ ဆင်းသွားခဲ့ပြီး အစ်ကိုဖြစ်သူ ဇော်နိုင်ဝင်းမှ ကြိုးစအား လက်ဖြင့် ဆွဲထားခဲ့ကြောင်း၊ အောင်နိုင်ဝင်း ဆင်းသွားပြီး (၂)နာရီခန့် အကြာတွင် ကြိုးစအား ပြန်လည်ဆွဲတင်ရာ မရသဖြင့် လှိုဏ်ဂူ လုံခြုံရေးအဖွဲ့များနှင့် သွားရောက်စစ်ဆေးရာ အောင်နိုင်ဝင်းသည် ကိုယ်လုံးနှင့် လက်များတွင် ကြိုးစများရစ်ပတ်ပြီး သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးသူ အောင်နိုင်ဝင်းအား ပြင်ဦးလွင်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ပိတ်ချင်း မြောင်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၃ ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

သစ်ထူးလွင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here