Friday, February 8, 2013

ကျေးလက်ဒေသများမှ ချို့တဲ့သည့် နှုတ်ခမ်းကွဲ ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေးသွားမည်

0 comments
 

ကျေးလက်ဒေသများမှ ချို့တဲ့သည့် နှုတ်ခမ်းကွဲ ကလေးငယ်များအား အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ရံပုံငွေ ရှာဖွေလှူဒါန်းရေး အဖွဲ့မှ အခမဲ့ ခွဲစိတ်ကုသမူများ ပြုလုပ်ပေးရန် စီစဉ်နေကြောင်း အဆိုပါအဖွဲ့မှ ဥက္ကဌ Mme. VidyaSeshadri က ပြောကြားချက်အရ သိရသည်။
ဇန်နဝါရီ ၂၈ ရက်နေ့ နေ့လည် ၂ နာရီက ရန်ကုန်မြို့၊ အလုံလမ်းရှိ Coriander Leaf စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဥက္ကဌ Mme. VidyaSeshadri မှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများမှ ဆင်းရဲနွမ်းပါးသည့် နှုတ်ခမ်းကွဲ ကလေးငယ်များကို အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမူ ဖလှယ်ရေးနှင့် ရံပုံငွေ ရှာဖွေလှူဒါန်းရေးအဖွဲ့၏ ထောက်ပံ့မူဖြင့် မန္တလေး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ခွဲစိတ်ကုသမူများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါအဖွဲ့ အနေဖြင့် ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီး ဆေးရုံမှ ပေါင်မပြည့်သည့် မွေးကင်းစ ကလေးငယ်များကို ကြပ်မတ်ကုသပေးရန် လိုအပ်သော ကိရိယာပစ္စည်းများကို လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့သို့လှူဒါန်းနိုင်ရန်အတွက် ရံပုံငွေရှာဖွေပွဲတစ်ခုဖြစ်သည့် အင်းလေး ပိုးဖက်ရှင်ပြပွဲကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမူ ဖလှယ်ရေးနှင့် ရံပုံငွေ ရှာဖွေရေးအဖွဲ့သည် နှစ်စဉ် တစ်နှစ်တစ်ခါ လှူဒါန်းမူများ ပြုလုပ်လေ့ရှိပြီး ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန် ကလေးဆေးရုံကြီးမှ ဌာန ၁၉ ခုအား ခေတ်မီကွန်ပြူတာစနစ် တပ်ဆင်လှူဒါန်းခြင်း၊ မေရီချပ်မင်း နားမကြား ကလေးများကျောင်းအား လှူဒါန်းခြင်း၊ စိန့်မေရီ မိဘမဲ့ကလေးများကျောင်းအား လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့အား မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသည့် သံအမတ်များ၏ ဇနီးများ၊ အမျိုးသမီး သံအမတ်များ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်များ၏ ဇနီးများ ၊ မြန်မာအမျိုးသမီးများဖြင့် စုပေါင်းဖွဲ့စည်း ထားခြင်းဖြစ်ပြီး နိုင်ငံတကာမှ အမျိုးသမီးများ အချင်းချင်း ယဉ်ကျေးမူ ဖလှယ်ကာ ဆက်ဆံရေး မြှင့်တင်ရန်၊ မြန်မာနိုင်ငံအတွင်းရှိ လိုအပ်သော နေရာများကို လှူဒါန်းရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here