ဖေဖော်ဝါရီ(၁၅)
၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင် ယဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာမှု ကြောင့် ယာဉ်မတော်တဆမှုပေါင်း(၁၃၅၀)ခုဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း တစ်ထောင့်သုံးရာကျော်ရှိ ခဲ့ကြောင်း ယဉ်စည်းကမ်းထိန်းသိန်းရေးတာဝန်ရှိသူများထံမှသိရသည်။
`ဒီနှစ်ထဲမှာအရင်နှစ်တွေထက် မတော်တဆမှုတွေလျော့နည်းသွားအောင်လို့ ရောင်ပြန်အင်္ကျီတွေဝတ်ပြီး ပညာပေးလုပ်တာတွေ၊ (မြန်မာ-ရှမ်း-တရုတ် သုံးဘာသာ) အသံချဲ့စက်နဲ့ နေရာအနှံ့ကို အသိပေးနှိုးဆော် တာတွေ၊ ရွှေ့လျားဆိုင်းဘုတ်တွေနဲ့တော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ပက်သက်တာတွေ ကို ဆောင်ရွက်ထား ပါတယ်´ ဟု လားရှိုးမြို့ မော်တော်ယာဉ်ထိန်းသိမ်းရေးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပက်သက်၍ နှိုးဆော်မှုများအား ဘက်ပေါင်းစုံမှအမြဲပြုလုပ်လေ့ရှိသော လားရှိုးမြို့တွင် လွန်ခဲ့သောသုံးနှစ်အတွင်း ယာဉ်မတော်တဆမှု ၁၃၅၀ ခုဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ၁၉၀၀ ကျော်၊ သေဆုံးသူ ၅၂၉ ဦးရှိခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ (တစ်နှစ်လျှင်ပျမ်းမျှ သိန်းခြောက်ရာကျော်ခန့်) ကျပ် သိန်းပေါင်းတစ်ထောင့်သုံးရာ သုံးဆယ့်ရှစ်သိန်း (၁၃၃၈၈၆၆၈၀)ကျော် ရှိခဲ့သည်ဟုစာရင်းဇယားများအရ သိရသည်။
`ယာဉ်တွေပေါများလာတာနဲ့အမျှ စည်းကမ်းမလိုက်နာသူတွေ များလာတယ်၊ ငယ်ရွယ်တဲ့ယာဉ်မောင်းတွေ များလာတယ်၊ ရမ်းကားမောင်းနှင်မှုတွေ များလာတယ်၊ အဲ့ဒါတွေကို အခုထက်ပိုပြီး ဖိဖိစီးစီးအရေးယူမယ်ဆို မတော်တဆ မှုတွေလျော့နည်းသွားနိုင်တယ်´ ဟု လားရှိုးမြို့ခံတစ်ဦးဖြစ်သူ ကိုမောင်မောင်က ပြောသည်။
ယာဉ်မတော်တဆမှုကြောင့် တန်ဖိုးမဲ့ သေဆုံးမှုများနှင့် ပမာဏများပြားစွာ အချည်းနှီးကုန်ဆုံးခဲ့မှုများ လျော့နည်း ပပျောက်စေရေး ယာဉ်ထိန်းရဲအရေအတွက်တိုးချဲ့တာဝန်ပေးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။
`ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်နယ်စပ်နဲ့နီးတော့ ယာဉ်တွေမတန်တဆများပြားနေတယ်၊ အခုဆိုရင် တောရွာတွေ မှာပါ သုံးဘီးတွေ ဆိုင်ကယ်တွေပေါများနေတာကို တွေ့ရတယ်၊ မိဘတွေအနေနဲ့ ကလေးသူငယ် တွေကို ယာဉ်မောင်းခွင့်မပေးသင့်ဘူး၊ ကိုယ်ပိုင်အသိစိတ်တွေနဲ့စည်းကမ်းလိုက်နာမယ်ဆိုရင် မတော်တဆမှုနဲ့ ပျက်စီးဆုံးရှုံး တာတွေ လျော့နည်းသွားမှာပါ´ ဟု ပညာပေးစာပေများရေးသားသူ စာရေးဆရာကြီးတစ်ဦးက သုံးသပ်သည်။
အကွေ့အကောက်နှင့် အတက်အဆင်းများပြားသည့် လားရှိုးမြို့တွင် ယာဉ်တိုက်မှုလျော့ကျစေရန်အတွက် အလေးချိန်များပြားသည့် ကုန်တင်ယာဉ်ကြီးများဖြတ်သန်းသွားလာရန် မြို့ရှောင်လမ်းများလည်း ဖေါက်လုပ်ပေး သင့်ကြောင်း မြို့ခံများက အကြံပြုသည်။
မြစ်မခ