Sunday, February 17, 2013

မူဆယ်ဈေးကွက်သို့ နွားများအား လူနှင့်မောင်းနှင် တင်ပို့မှုများရှိနေ

0 comments
ဖေဖော်ဝါရီ(၁၇)

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ အောက်ပြည်မှနွားများအား နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာမှတဆင့် ကုန်တင်ကားများဖြင့် မူဆယ်ဈေးကွက်သို့ တင်ပို့ခဲ့ရာမှ ယခုအခါတောတွင်းလမ်းကြောင်းမှ တဆင့် လူနှင့်မောင်းနှင် ပို့ဆောင်မှုများရှိလာကြောင်း ဒေသခံတို့ကဆိုသည်။

ဆမ္မဆယ်ကျေးရွာ ကွင်းအမှတ်(၅၈)တွင်း  နွားအကောင်တစ်ထောင်နီးပါးရှိကြောင်းနှင့် ရွှေကြာအင်းအရှေ့ တာတိုင်ရွာ၌လည်း ကျွဲနွားအကောင်ရေ (၃၀၀)၀န်းကျင်ရှိကြောင်း ဆမ္မဆယ်ရွာခံများထံက သိရသည်။
 
သူတို့တွေက မွေးမြူရေးစခန်းပုံစံမျိုးနဲ့ အရောင်းအ၀ယ်လုပ်ကြတာများတယ်၊ ဒါလုပ်တာ လူမျိုးခြားတွေ များတယ်၊ အရင်းက ကားနဲ့တင်ပို့ကြပေမယ့် ရွာက လက်မခံတော့ ညပိုင်းမှ အပြင်းမောင်ကြတယ်၊ အခု နောင်ပိန်ရွာအထိ ခြေလျှင်မောင်းပို့နေ ကြတယ်လို့သိရတယ် ”ဟု ဆမ္မဆယ်ရွာခံတစ်ဦးက ပြောသည်။
 
အဆိုပါ တရားမ၀င်နွားအရောင်းအ၀ယ်ပြုလုပ်သူများမှာ မန္တလေးမှလုပ်ငန်းးရှင်များ၊ လူမျိုးခြားကုန်သည် များဖြစ်ပြီး ဒေသခံများအနေဖြင့်လည်း လူနည်းစုပါဝင်ကာ  ရွာခံတစ်ဦးက ပြောသည်။
 
နွားတင်သွင်းကုန်သွယ်မှုအတွက် ရှမ်းပြည်နယ် မွေးမြူရေးလုပ်ငန်း ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက တရားမင်ကုန်သွယ် မှုဖြစ်သည့်အတွက် ကာကွယ်ထိမ်းသိမ်းရန်လိုအပ်သည်ဟု ပြောကြားထားကြောင်း ကိုလည်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် သုံးဆယ်လမ်းကြောင်းမှ တောလမ်းအတိုင်းဖြတ်သန်းမှုအတွက် နွားတစ်ရှင်းလျှင်ကျပ် သုံးသောင်းခွဲနှုန်းဖြင့်   မောင်နှင်နေကြောင်း၊ တစ်ခါထွက်လျှင် လူဦးရေ (၂၀)၀န်းကျင်ပါဝင်ပြီး တောစီးဖိနပ်များ၊ တံပြာတုတ်၊ ကျောပိုးအိတ်၊ ဓါတ်မီးများနှင့် မိုင်(၃၀)ကျော်ရှိသည့် တောလမ်းခရီးအား ခြေလျှင်တင် ပို့ခြင်း ဖြစ်ပြီး တစ်ပါတ်ဝန်းကျင် ကြာမြင့်ကြောင်း ဒေသခံတစ်ဦးက ယခုကဲ့သို့ဆိုသည်။
 
နောင်ပိန်အထိ ခြေလျင်လျှောက်ရင် မိုင်(၃၀)လောက်တော့ရှိတယ်၊ ဒီနေ့တောင် အဖွဲ့တစ်ဖွဲ့ထွက်သွားတာ တွေ့တယ်၊ ”ဟု သုံးဆယ်ရွာခံတစ်ဦးက ဆိုသည်။
သုံးဆယ်မှ နောင်ပိန်ကျေးရွာအထိ တောတွင်းလမ်းကြောင်းမှ လူနှင့်မောင်းနှင်တင်ပို့မှုရှိသလို မူဆယ်(၁၀၅) မိုင် စစ်ဆေးရေးဂိတ်အား တောလမ်းမှ ဖြတ်သန်းမောင်းနှင့်မှုလည်းရှိကြောင်း သိရသည်။
 
အချိန်(၅)ရက်ကြာ တောလမ်းမှမောင်းနှင်ယုံဖြင့် နွားမောင်းနှင်ခကျပ်ငွေ(၃၅၀၀၀) သုံးသောင်းခွဲရှိသည့်   မှောင်ခိုနွားမောင်းသည့်အလုပ်အား ရှမ်းမြောက်မှ ဒေသခံများအနေဖြင့် စိတ်ဝင်စားသူဦးရေ မြင့်မားနေ   ကြောင်းကိုလည်း ကျောက်မဲဒေသခံများထံမှသိရသည်။
 
`တစ်ခါမောင်းရင် တစ်ယောက်ကို အနည်းဆုံးနှစ်ကောင်တော့ မောင်းနိုင်တယ်၊ မောင်းနှင်မှုကျွမ်းကျင်တဲ့ သူတွေ ဆိုရင် လေးကောင်လောက် မောင်းကြတယ်၊ စရိတ်ငြိမ်းဖြစ်ပြီး သုံးသောင်းခွဲရတယ်ဆိုတော့ တစ်ခြား အလုပ်ထက်စာရင် ငွေရတာပိုမြန်တာပေါ့´ ဟု မှောင်ခိုနွားမောင်းသည့် ဒေသခံတစ်ဦးက ပြောသည်။
 
မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစရှိသည့် အောက်ပြည်လာသည့် နွားများအား ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကုန်တင်ကားများဖြင့်လည်းကောင်း တင်ပို့လျှက်ရှိသလို  သုံးဆယ်နောင်ပိန်တောလမ်းမှ မောင်းနှင်ခြင်းနှင့် တရုတ်နိုင်ငံနယ်စပ်အနီး (၁၀၅)မိုင် စစ်ဆေးရေးဂိတ်အား တောလမ်းမှ မောင်းနှင်ဖြတ် ကျော်ကာ မူဆယ်မြို့ သို့ဝင်ရောက်လျှက်ရှိကြောင်း အခစား မှောင်ခိုမောင်းနှင်သူများနှင့်ဆက်စပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
 
ယခင်ကရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ်ကျေးရွာ ပတ်ဝန်းကျင်၌ မှောင်ခိုကျွဲ/နွားတင်သွင်းမှု များမှာ ထင်ထင်ရှားရှား ပြုလုပ်ခဲ့ကြသော်လည်း  ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း၌ ဖဖ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည့်အတွက် ပပျောက်သလောက်ဖြစ်နေရာမှ ယခုနှစ်ဖေဖေါ်ဝါရီလဆန်းပိုင်းမှ စ၍ ပြန်လည်ခေတ်စားလာခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
` နောင်ချိုဘက်မှာတော့ အဲ့လိုကိစ္စတွေ ဖမ်းဆီးမှုရှိတာပဲ သိပါတယ်၊ ကျွန်တော်တာဝန်ယူနေတဲ့ကာလတွေ မှာတော့ အဲ့ကိစ္စမျိုး မရှိသေးပါဘူး ´ ဟု မူဆယ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်အဆင့်ရှိ တာဝန်မှူးတစ်ဦးက ပြော သည်။
 
သက်ဆိုင်ရာအနေဖြင့် ယခင်က ဖမ်းဆီးရမိမှု မှတ်တမ်းများအရ ပြန်လည်ပြောပြရန်အခက်အခဲရှိသောကြောင့် လတ်တလောအတွင်းတွင် မှောင်ခိုတင်သွင်းလာသည့်ကိစ္စများနှင့်ပက်သက်၍ သတင်းထူးခြားမှု တစုံတရာ ပြုလုပ်ရန် အစီအစဉ်မရှိသေးကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
လတ်တလောရှမ်းပြည်နယ်မြောက်ပိုင်းကိုဖြတ်၍ တိရိစ္ဆာန်များအား မှောင်ခိုမောင်းနှင်တင်သွင်းမှုတွင် `နွား´အကောင်များသာပါဝင်လျှက်ရှိပြီး ၁၀၅ မိုင်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းမောင်းနှင်ရသောခရီးလမ်းမှာ အချိန် (၅)ရက်ခန့်ကြာမြင့်ကြောင်း အဆိုပါဂိတ်အားဖြတ်သန်းမောင်းနှင်ဖူးသူတို့က ဆိုသည်။
တိရိစ္ဆာန်မှောင်ခိုတင်သွင်းမှုများ လုံးဝပပျောက်စေရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တရားမ၀င် ကုန်စည်သယ်ဆောင်ခြင်းနှင့်ပက်သက်၍ စစ်ဆေးမှုများအား ယခုထက်ပို၍ တင်းတင်းကျပ်ကျပ်ပြုလုပ်သင့်   ကြောင်း ကျောက်မဲမြို့မှ အငြိမ်းစားအရာရှိကြီးတစ်ဦးက သုံးသပ်သည်။
 
ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြောက်ပိုင်းရှမ်ပြည်မြို့နယ်အစ နောင်ချိုမြို့နယ်၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်းအစရှိသည့် မြို့နယ်များ နွားတင်ပို့မှုအဓိက ပြုလုပ်နေကြသည့် ကျေးရွာမှာ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာမှ တဆင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာသို့ လည်းကောင်း၊ မူဆယ်(၁၀၅)မိုင် စစ်ဆေးရေး ဂိတ်အား ကွေ့ ရှောင်သည့်  တောတွင်းလမ်းကြောင်းမှတဆင့် မူဆယ်သို့ လူနှင့် မောင်းနှင်မှုများရှိနေခြင်း ဖြစ်သည်။
 
မြန်မာ့သားကောင်း
 
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here