Monday, February 25, 2013

ပိုက်လိုင်းဖြတ်သန်းမြေနစ်နာကြေးပေးရာ၌မသမာမှုများရှိနေခြင်းအပေါ်ဥပဒေနှင့်အညီ ဆောင်ရွက်သွား မည်ဟု RNDP ဗဟိုကော်မတီဝင် တစ်ဦးကဆို

0 comments
တရုတ်ကုမ္ပဏီCNPC၏ ကျောက်ဖြူကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရာ၌ဥယျာဉ်ခြံ
 မြေများပါဝင်သွားခဲ့ခြင်းနှင့်ပတ်သက်၍တရုတ်ကုမ္ပဏီကိုယ်စား လျော်ကြေးငွေများထုတ်ပေးနေသည့်
 မြေယာနှင့်သီးနှံလျော်ကြေးပေးရေးအဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်များတွင်မသမာမှုများရှိနေခြင်းအပေါ်
ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရခိုင်တိုင်းရင်းသားများတိုးတက်ရေး
ပါတီ RNDP ၏ ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး (အမ်း)က ဆိုသည်။
533200_494448970611581_1643380641_n
အမ်းမြို့နယ် လျော်ကြေးပေးရေးအဖွဲ့၏ဖေဖော်ဝါရီလ(၂၂)ရက်နေ့ကအမ်း(မယက)ရုံးတွင်ကျင်းပသော
 နောက်ဆုံး လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနား၌ ဒေါ်သွယ်သွယ်စိုးကမူလမြေပိုင်ရှင်များကို ဘေးဖယ်ပြီး၊ မသမာသောနည်းဖြင့် သီးနှံပင်အတု စိုက်ပျိုးသူများကိုသာ လျော်ကြေးငွေ ထုတ်ပေးခြင်း၊ မြေပိုင်အဖြစ် အသိအမှတ်ပြုခြင်းများနှင့်စပ်လျဉ်း၍ရှင်းလင်းရန်ပျက်ကွက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း
 ပြောဆို ခဲ့ပြီးသည့်နောက် ၄င်းက Arakan Times သို့ ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။
”ပိုက်လိုင်းသွယ်တန်းတဲ့လမ်းကြောင်းမှာပါသွားတဲ့မြေပိုင်ရှင်အစစ်အမှန်တွေကို လျော်ကြေးပေးမယ့်အစား၊ သူတို့နဲ့ပတ်သက်တဲ့ မြေကြီးနဲ့ မဆိုင်သူတွေကိုပဲ သီးနှံပင်တွေကိုပိုက်လိုင်းလမ်းကြောင်းပေါ်မှာ အနီးကပ်စိုက်ခိုင်းပြီးမှ၊ မြေစာရင်းနှင့်လက်ဝါးရိုက်ပြီး လျော်ကြေးငွေတွေကို ထုတ်ပေးခဲ့ကြတယ်။ နှစ်ပေါင်းများစွာစိုက်ပျိုးလုပ်ကိုင်လာခဲ့တဲ့သူတွေမှာ လျော်ကြေးမရရုံမျှမကမိမိပိုင်မြေ
ကြီးပါဆုံးပါးရတော့မယ့်အနေအထားကိုရောက်နေရပြီ။ဒါကြောင့်ဒီလိုမသမာတဲ့လုပ်ရပ်တွေကိုကျူးလွန်နေ
တဲ့အမ်းမြို့နယ် မြေယာနဲ့သီးနှံလျော်ကြေးပေးရေးအဖွဲ့ကိုကျမတို့အနေနဲ့ဥပဒေကြောင်းအရ ပြတ်ပြတ်သား
သား ရင်ဆိုင်သွားဖို့ပဲရှိတော့တယ်။ ” ဟု ၄င်းက ပြောသည်။အမ်းမြို့နယ်လျော်ကြေးပေးရေးအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး၊ မြန်မာ့ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း(MOGE)နှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။
၁၉၉၉ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည့် ဒေါ်သွယ်သွယ်စိုး ပိုင်မြေမှာ အမ်းမြို့နယ်မြေစာရင်းမှ ပုံစံ(၁၀၅)နှင့် စိုက်ပျိုးခွင့် ပြုထားသော အမ်းမြို့နယ်၊ စပ်စီကျေးရွာအုပ်စုရှိ ကွင်းအမှတ်(OSS) ကြေးတိုင်ပြင်၊ မြေဧက (၇၀)ကျော်ရှိပြီး၊ အမ်းမြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ၄င်းနှင့်အတူတစ်ဆက်တစ်စပ်တည်းပိုင်ဆိုင်သည့် အခြားပိုင်ဆိုင်သူ သုံးဦးတို့ကလည်း ဒေါ်သွယ်သွယ်စိုးပိုင်မြေအမှန်ဖြစ်ကြောင်း အတည်ပြုထောက်ခံထား ကြသလို၊၂၀၁၀ ဒီဇင်ဘာလ က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စုံစမ်းရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်အရ လည်းကောင်း မြေမှာ  ဒေါ်သွယ်သွယ်စိုး ၏ လက်ငုတ် လက်ရင်း စိုက်ပျိုးမြေဖြစ်သည်နှင့်အညီ၊ လျော်ကြေးပေးရန်ရှိက အဆိုပါ မြေနေရာနှင့်အပင်များအတွက် စဉ်းစားဆုံးဖြတ်သင့်သည်ဟု အကြံပြုထားသည်။
သို့ရာတွင်ပိုက်လိုင်းဖြတ်ခါနီးမှာ မြေစာရင်းနဲ့နီးစပ်သူတချို့က ၄င်း၏စိုက်ပျိုးမြေ၌ ပိုင်ရှင်မသိဘဲ ယာယီအပင် များလာစိုက်ပြီး၊ လျော်ကြေးငွေ ထုတ်ယူသွားခဲ့ကြသည်ဟု ဆိုသည်။ ယင်းကိစ္စအား၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မေးမြန်းရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်ဇော်က ” ၂၀၁၁ခုနှစ် အောက်တိုဘာလမှစပြီး၊ အဆိုပါမြေပေါ်ရှိ စီမံကိန်းပိုက်လိုင်း ဖြတ်သန်းသွားမည့်နေရာ ကို ရွေးချယ်၍ ရော်ဘာနှင့် ကော်ဖီပင်များ စိုက်ပျိုးမှုရှိခဲ့ရာ၊ အဆိုပါမြေနှင့်သီးနှံအတွက် လျော်ကြေးမပေးရန် အမ်းမြို့နယ် မြေယာနှင့် သီးနှံလျော်ကြေးပေးရေးအဖွဲ့က ဆုံးဖြတ်ကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။
“သက်ဆိုင်ရာမှတ်တမ်းမှတ်ရာတွေ၊ တရားဝင်ခွင့်ပြုထောက်ခံချက်တွေ၊ စုံစမ်းစစ်ဆေးချက်တွေ အားလုံးရှိရက်နဲ့ ကျမရဲ့ကိုယ်ကျင့်သိက္ခာကို ထိပါးစေတဲ့ ဒီလိုဆုံးဖြတ်ချက်ကို ကျမအနေနဲ့ခွင့်ပြုလိုက်မယ်ဆိုရင်၊ ကျမလိုပဲ တခြားနစ်နာသူတွေဟာ တရားမျှတမှုနဲ့ ဥပဒေအရညီမျှမှုတွေကို ဘယ်တော့မှရရှိနိုင်တော့မှာ မဟုတ်ဘူးလို့ ကျမခံစားရတယ်” ဟုဒေါ်သွယ်သွယ်စိုးက မှတ်ချက်ပြုပြောဆိုသည်။
ဒေါ်သွယ်သွယ်စိုးနည်းတူ ဒေသခံ ဥယျာဉ်ခြံပိုင်ရှင်အများစုမှာ မိမိတို့ပိုင်ဆိုင်သည့်မြေအား ဆယ်စုနှစ်နှင့်ချီ၍ စိုက်ပျိုးလုပ်ကိုင်နေကြရင်းက ပိုက်လိုင်းတပ်ဆင်ခါနီးတွင်မှ မြို့နယ်မြေစာရင်းနှင့် နီးစပ်သူတစ်ချို့၏ လျော်ကြေး ရလိုမှုဖြင့် မိမိတို့မြေမှာ သီးနှံပင်စိုက်ပျိုးကာ လျော်ကြေးကို လိမ်လည်ထုတ်ယူခဲ့ကြသည်သာမက မြေကြီးကိုပါ ပိုင်ဆိုင်ရန်ကြိုးစားနေကြောင်း မိမိမြေကြီးလျော်ကြေးအား တပါးသူထုတ်ယူခြင်းခံရသူ အမ်းမြို့ အောက်ရွာမှ တပ်မတော် အငြိမ်းစား ဦးဝဏ္ဏစောက ပြောသည်။
” ဒီကိစ္စက ကျမတစ်ယောက်ထဲအတွက် ပြောနေရတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ရခိုင်ပြည်နယ်က သယံဇာတတွေကို ပြည်နယ်လူထုရဲ့ သဘောတူညီချက်နဲ့ ထုတ်ယူခဲ့ကြတာမဟုတ်ဘူး။ နောက်ပြီးတော့ ဒီနစ်နာကြေးတို့၊ ဒေသဖွံ့ဖြိုးရေးတို့ဆိုတာက လုပ်ငန်းမစခင်ကတည်းက လုပ်ပေးပြီးသားဖြစ်နေရမယ်။ ခုဟာက မနက်ဖြန် စီမံကိန်းက ပြီးတော့မယ်။ ဒီကနေ့ထိ ဒေသဖွံ့ဖြိုးရေးမပြောနဲ့၊ နစ်နာကြေးတောင်မပေးရသေးဘူး။ နဲနဲပါးပါး ပေးပြန်တော့လည်း ကိုယ့်တိုင်းရင်းသား အချင်းချင်း ရိုက်စားလုပ်ကြတယ်။ ဒါတွေဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေ ကိုချိုးဖောက်ရုံသာမက၊ ကျမတို့နိုင်ငံသား၊ တိုင်းရင်းသားတွေရဲ့ဂုဏ်သိက္ခာကိုပါ ထိပါးစော်ကား တဲ့လုပ်ရပ်ပဲ လို့မြင်တယ်” ဟု ဒေါ်သွယ်သွယ်စိုးက ဆက်လက်ရှင်းပြသည်။
အမ်းနှင့်ကျောက်ဖြူ မြို့နယ်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာလမ်းတလျှောက် ပါဝင်သွားသည့် လယ်မြေနှင့် အခြား ဥယျာဉ်ခြံမြေများ အတွက် လျော်ကြေးငွေများမရရှိသူများ၊ အပြည့်အ၀မရရှိသူများ၊ မသက်ဆိုင်သူများအား လွဲမှားစွာထုတ်ပေးထားခြင်းများ၊ ပိုက်လိုင်းအတွက် မြေတူးမှုကြောင့် အနီးဝန်းကျင် ပျက်စီးဆုံးရှုံးခြင်းများ အပေါ်နစ်နာကြေးပေးရန် ပျက်ကွက်မှုများမှာ များပြားစွာပေါ် ပေါက်လျက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။
စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့သော ကျောက်ဖြူ – ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း စီမံကိန်းအား လာမည့်မေလတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ယင်းစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေသည့် တရုတ်နိုင်ငံ CNPC (China National Petroleum Corporation) ကုမ္ပဏီမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ပိုက်လိုင်းတည်ဆောက်မှု စီမံကိန်းကြီးတစ်ခုလုံး အပြီးသတ်ရန် နှစ်လသာလိုတော့သည့် ယနေ့အချိန်ထိ၊ပိုက်လိုင်းဖြတ်သန်းရာ ဒေသအတွင်းရှိနစ်နာသူများအား လျော်ကြေးငွေအပြည့်အ၀ပေးခြင်း
မရှိ၊ ဒေသ၏ အမှန်တကယ်လိုအပ်နေသည့် ဖွံ့ဖြိုးရေးလိုအပ်ချက်များကို လည်း ဖြည်းဆည်းပေးခြင်းမရှိသည့်အပြင်၊ ပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပို့လွှတ်ခြင်းဆိုင်ရာ သတင်းအချက် အလက်များ၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို အများပြည်သူတို့ သိရှိရန်ထင်သာမြင်သာစွာ ရှင်းလင်းမှုမရှိခြင်း စသည့်လိုအပ်ချက် များစွာတို့မှာလည်း ဆက်လက် တည်ရှိနေဆဲဖြစ်သည်။
ယင်းစီမံကိန်းအား တရုတ်နိုင်ငံ၏ နာမည်ကျော်စွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်သော CNPC ကုမ္ပဏီကြီးက လုပ်ကိုင်နေခြင်းဖြစ်ပြီး တရုတ်၊ မြန်မာ၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီခြောက်ခုတို့က ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်ကာ အမေရိကန် ဒေါ်လာသန်း ၂၅၀၀ နီးပါး ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here