မတ်(၂၅)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ၁၉၇၀ ပြည့်နှစ်က ကျင်းပသော ဆဋ္ဌမ ကြိမ်မြောက် အာရှအားကစားပွဲတော် ဖွင့်ပွဲ (ဓတ်ပုံ – ocasia.org)
ဆဋ္ဌမ ကြိမ်မြောက် အာရှအားကစားပွဲတော် ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလထဲတွင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။ စာရေးသူသည်
ပြန်ကြားရေးဝန်ကြီးဌာနက အာရှအားကစားပွဲ သတင်းကို ရယူရန် စေလွှတ်သည့် သတင်းစာ
ကိုယ်စားလှယ် အဖွဲ့ဝင်တဦးအဖြစ် သွားရောက် သတင်းယူခဲ့ရသည်။
အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ဦးချာလီလှဘော်နှင့် ဦးသန်းစိန်ထွန်း တို့မှာ
ကွယ်လွန်ခဲ့ကြပြီ ဖြစ်သည်။ဆဌမ အကြိမ်မြောက် အာရှ အားကစားပွဲတော်တွင် မြန်မာနိုင်ငံက ပြေးခုန်ပစ်၊ ရွက်လှေနှင့် ဘောလုံးတို့တွင် ရွှေတံဆိပ် (၃) ဆု ရရှိသည်။ စာရေးဆရာ မောင်နေထွန်းက သွားနှင့်လေပြီးသော အဘိုးအဘွားများကို မြင်စေချင်စမ်းပါသည်ဟု တမ်းတခဲ့သည်။
စာရေးသူကတော့ ဘ၀တပါး ကူးပြောင်းကုန်ကြပြီ ဖြစ်သော အဘိုးအဘွားများထက် လက်ရှိ အားကစားနယ်ပယ်မှ ပုဂ္ဂိုလ် ကြီးငယ် အားလုံး မြင်စမ်းစေချင်သည်။ သိကြစမ်းစေချင်သည်။ အားကျ အတုယူကြစမ်းစေချင်သည်။ အတုယူစေချင်သည်။
ရွှေမြန်မာ
ဆဌမအကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲကို ဘန်ကောက်မြို့ရှိ အမျိုးသား အားကစား ပြိုင်ဝင်းထဲတွင် ကျင်းပသည်။
အမျိုးသား မီတာ ၈၀၀ ပြေးပွဲတွင် ဂျပန်၊ အိန္ဒိယနှင့် ပါကစ္စတန် အပြေးသမားတို့ ရွှေတံဆိပ်ရရန် ရေပန်းစားနေသည်။ မြန်မာနိုင်ငံမှ တာလတ် အပြေးသမား ဂျင်မီကရင်တန် တယောက်ကိုမူ မည်သူကမျှ အနိုင်ရမည့်စာရင်းထဲ ထည့်မတွက်ကြ။
မြန်မာ ပြေးခုန်ပစ် သမားများကလည်း အာရှအားကစားပွဲ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်သာ အမြင့်ဆုံး ရခဲ့ဖူးသည့်အနက် မြန်မာအမျိုးသမီး မြင့်မြင့်အေးလည်း အပါအ၀င် ဖြစ်သည်။ ၁၉၆၂ ဂျကာတာ အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။
မီတာ ၈၀၀ ပြေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် မြန်မာ တာလတ်အပြေးသမား ဂျင်မီကရင်တန်၏ ပြိုင်ပွဲဝင်အမှတ်မှာ “၀၀၇” ဖြစ်သည်။ ထိုခေတ်တွင် ခေတ်စားသည့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားထဲမှ သရုပ်ဆောင်မင်းသား၏ ကိုယ်ပိုင်အမှတ် ဖြစ်သည်။
မီတာ ၄၀၀ ပြေးကွင်းကို နှစ်ပတ်ပြေးရသည့် မီတာ ၈၀၀ ပြေးပွဲတွင် “၀၀၇” က အုပ်စုနောက်မှ လိုက်ခဲ့သည်။ မီတာ ၇၀၀ ကျော်၊ ပန်းဝင်ရန် မီတာ ၁၀၀ ခန့် အလိုကျမှ ရှေ့မှပြေးနေသည့် အာရှတိုက်၏ တာလတ် အပြေးသမားများကို တယောက်ပြီး တယောက် ကျော်ဖြတ်ပြီး မီတာ ၈၀၀ ပြေးပွဲ အာရှစံချိန်သစ်ဖြင့် ရှေ့ဆုံးမှပန်းဝင်ခဲ့သည်။ အာရှအားကစားပြိုင်ပွဲ သက်တမ်း ၂၀ အတွင်း မြန်မာ ပြေးခုန်ပစ်သမားအနေဖြင့် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။
မြန်မာ တိုင်းရင်းသား စစ်စစ်ဖြစ်သည့် ဂျင်မီကရင်တန် တယောက် အာရှအားကစားပြိုင်ပွဲ အောင်ပွဲခံစင်မြင့်ထက်တွင် ပထမဆု ယူအပြီး မြန်မာနိုင်ငံတော် သီချင်းကို တီးမှုတ်ပြီး မြန်မာနိုင်ငံတော်အလံ လွှင့်တင်သောအခါ ဂျင်မီ၏ နည်းပြဆရာဖြစ်သူ မြန်မာနိုင်ငံသား တရုတ်အမျိုးသားဆရာ ဒင်နီဟုတ်စိန်မှာ ၀မ်းသာလွန်း၍ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းခဲ့ရရှာသည်။
ထို့နည်းတူစွာပင် ၁၉၇၀ ပြည့်နှစ် အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းကလည်း နောက်ဆုံးဗိုလ်လုပွဲတွင် တောင်ကိုရီးယားအသင်းနှင့် ဂိုးမရှိသရေကျပြီး နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
မြူးနစ်အိုလံပစ်
အနောက်ဂျာမနီ နိုင်ငံ မြူးနစ်မြို့တွင် အကြိမ် ၂၀ မြောက် ၁၉၇၂ ကမ္ဘာ့ အိုလံပစ် အားကစားပွဲတော် ကျင်းပခဲ့သည်။ အချိန်မှာ ၁၉၇၂ ခုနှစ် သြဂုတ် (၂၃) ရက်နေ့၊ နေ့လည်ပိုင်း၊ နေရာမှာ မြူးနစ်အိုလံပစ် အလေးမပြိုင်ပွဲ ကျင်းပရာ အားကစားရုံကြီးတွင် ဖြစ်သည်။
လိုက်ဖလိုင်းဝိတ်တန်း အလေးမပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ဧရာဝတီ တိုင်းသား မြန်မာအမျိုးသား အောင်ကြီး ၀င်ရောက်ခဲ့သည်။ ပထမအကြိမ် ၉၆ ကီလို စတင်မသည်။ အောင်မြင်စွာ မ နိုင်သည်။ ဒုတိယအကြိမ် ကီလို ၁၀၀ မ သည်။ အောင်မြင်သည်။ တတိယအကြိမ် ၁၀၅ ကီလို မ ရန် ပြင်ဆင်နေသည်။
မြန်မာ အလေးမသမား အောင်ကြီးသည် ပြီးခဲ့သော ၁၉၇၁ ခုနှစ်ထဲတွင် အမြန်မကို ကမ္ဘာ့စံချိန်သစ် တင်ခဲ့သေးသည်။ ထိုစဉ်ကလည်း သြဂုတ်လ (၂၇) ရက် ဖြစ်သည်။ ယခုမြူးနစ်အိုလံပစ် အလေးမပြိုင်ပွဲတွင် အောင်ကြီး မ မည့် ၁၀၅ ကီလိုသည် အောင်မြင်စွာ မ နိုင်လျှင် ကမ္ဘာ့စံချိန်သစ် ဖြစ်ပေလိမ့်မည်။ လက်ရှိ ကမ္ဘာ့စံချိန်မှာ ပိုလန် အလေးမသမား စမာဇတ်က ၁၀၂ ၁/၂ ကီလိုဖြင့် တင်ထားသည်။
အောင်ကြီးသည် အလေးမ စင်မြင့်ပေါ်သို့တက်ခါ အလေးရှိရာသို့ သွားရောက်ပြီး တည်ငြိမ်စွာဖြင့် နေရာယူလိုက်သည်။ ပြီးတော့ အလေးမ သံချောင်းကို မိမိရရ ဆုပ်ကိုင်လိုက်သည်။ ပြီးတော့ ၁၀၅ ကီလိုကို လက်တဆန့် ဆွဲတင်လိုက်သည်။
အလေးသည် လက်တဆန့် ရောက်သွားပြီး တံတောင်များသည် တန်းတန်းဆန့်၍နေသည်။ သို့သော်ရှေ့သို့ အနည်းငယ် အားများသွားသောကြောင့် ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းလောက် ရှေ့သို့ဆက်သွားရသည်။ သို့သော် အောင်ကြီးသည် ဟန်မပျက် ပြန်၍ထိန်းထားသည်။ အလေးကိုပြန်ချရန် ဒိုင်လူကြီးများ အမိန့်ပေးသည်အထိ တောင့်ခံထားလိုက်သည်။
မြူးနစ်အိုလံပစ် အလေးမ ခန်းမကြီးတခုလုံး သြဘာသံများဟိန်းသည်။ အလေးမ အတွင်းရေးမှူးချုပ်က နေရာမှထလာပြီး အောင်ကြီးနှင့်တကွ အုပ်ချုပ်သူ အားလုံးအား အားပါးတရ လက်ဆွဲနှုတ်ဆက်သည်။ ဤစံချိန်မှာ ဤမြူးနစ်အိုလံပစ်တွင် ပထမဆုံးတင်သော ကမ္ဘာ့စံချိန်နှင့် အိုလံပစ်စံချိန်ဖြစ်ကြောင်း ၀မ်းသာအားရ ပြောပြခဲ့သည်။
အမျိုးသမီး
အမျိုးသား အားကစားသမားများကဲ့သို့ အာရှအဆင့်တွင် အောင်မြင်သော အမျိုးသမီး အားကစားသမားတဦး ထွက်ပေါ်ခဲ့သည်။ သူကား အာရှအားကစားပြိုင်ပွဲ ၀ူရှူးအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သော ၀ူရှူးအားကစားမယ် ခိုင်ခိုင်မော်ပင် ဖြစ်သည်။
ခိုင်ခိုင်မော်သည် ၂၀၀၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြို့တော် ဘူဆန်မြို့၌ ကျင်းပသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပွဲ၊ ၀ူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအားကစားမယ် ခိုင်ခိုင်မော်သည် ၀ူရှူးအားကစာနည်းများဖြစ်သည့် ထိုက်ကျိချွန်နှင့် ထိုက်ကျိကျန်တွင် တရုတ်၊ ကိုရီးယားနှင့် ဂျပန်၊ ဟောင်ကောင်၊ စကာင်္ပူ နိုင်ငံတို့မှ ၀ူရှူး အားကစားသမားများကို အနိုင်ယူကျော်ဖြတ်ကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။
အာရှအားကစားပွဲတွင် မြန်မာ အမျိုးသမီးများထဲမှ ခိုင်ခိုင်မော်သည် ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးနိုင်သည့် အမျိုးသမီး အားကစားမယ်ပင် ဖြစ်သည်။
အတိတ်မှအရိပ်
ဤသည်တို့မှာ ရွှေအားကစားခေတ်တွင် အောင်မြင်ခဲ့ကြသည့် အားကစားသမားများ၊ အားကစားအသင်းများ၏ အောင်မြင်မှုများပင်ဖြစ်၏။ ရွှေခေတ်မှ အောင်မြင်မှုများကို ယနေ့ခေတ် အားကစားအသင်းအဖွဲ့များ၊ အားကစားသမားများ၊ အားကစားခေါင်းဆောင်များ အတုယူကြစေချင်သည်။ အထူးသဖြင့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ်များ အားကျကြမည်ဆိုလျှင် ကျေနပ်မိပါသည်။
ဧရာဝတီ