ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုးလမ်းပိုင်း၌ မော်ဒယ်မြင့်ကားသုံးစွဲမှုများလာခြင်း၊ လမ်းများ ယခင်ကထက် ပိုမိုကောင်းမွန်လာသည့်အတွက် နောင်ချိုမြို့နယ် ဂုတ်တွင်းသစ်တော ကြိုးဝိုင်းထွက် လက်ပံသား ကျမ်းတုံးဈေးကွက်မှာ ရောင်းအားကျဆင်းလာကြောင်း အရောင်းဆိုင်များမှ သိရသည်။
ဂုတ်တွင်းတံတားအနီးဝန်းကျင်မှ ယခင် ကျမ်းတုံးရောင်းချသည့်ဆိုင်များမှာ အရောင်းပါးလာ၍ စားသောက် ဆိုင်၊ ရေဆေးဆီထိုးလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်မှုများလာကြောင်းကိုလည်း သိရသည်။
ဧရိယာစတုရမ်းမိုင် ၁၂၆၅.၆၁ ရှိသည့် နောင်ချိုမြိုနယ်၌ နောင်ချိုမြို့နယ်ဘက်အခြမ်းတွင် ဂုတ်တွင်း သစ်တောကြိုးဝိုင်းအသစ် ဧက ၃၀၀၀ကျော်ရှိပြီး ကျမ်းတုံးပြုလုပ်ရာ၌ အသုံးပြုသည့် အပေါ့သား လက်ပံသားများအား ဂုတ်တွင်းကြိုးဝိုင်းအတွင်းမှ သုံးစွဲခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
“ မီးမရှိတဲ့အတွက် သိပ်မရောင်းရဘူး၊ မီးထွန်းရောင်းမှ ရောင်းရတယ်၊ ၂၂ ဘီးကားတွေကို အဓိကထား ရောင်းနေရတယ်၊ စာသောက်ဆိုင်လုပ်ငန်းနဲ့ တွဲရောင်းတဲ့သူတွေပဲ အဆင်ပြေတယ်”ဟု ဂုတ်တွင်းသစ်တော ကြိုးဝိုင်းသစ်၌ အိမ်ဆိုင်ဖွင့်လှစ်ရောင်းချသူ ဦးညွှန့်မောင်က ပြောသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ဝန်းကျင်က ကျမ်းတုံးတစ်တုံးလျှင် အရွယ်အစားအလိုက် ၂၅၀မှ ကျပ် ၅၀၀ ၀န်းကျင်သာ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ကျပ် ၁၀၀၀ မှ ၃၀၀၀ ၀န်းကျင်အထိ ဈေးရှိကြောင်းကိုလည်း သိရသည်။
ဂုတ်တွင်းချောက်အတွင်း၌ ကျမ်းတုံး(၂၅၀)ပါ သစ်ထုတ်လုပ်ရာ၌ သစ်ပင်စက်ဖြတ်ခ ကျပ် (၈)သောင်းဝန်းကျင် ရင်းနှီးရကြောင်းကိုလည်းကျမ်းတုံးရောင်းချသူများထံက သိရသည်။
“သူ့ချည်းသက်သက် ရောင်းရင်တော့ အဆင်ပြေနိုင်တော့ဘူး၊ တွဲရောင်းမှပဲ အလုပ်ဖြစ်မယ်”ဟု ရွှေညောင်ပင်စခန်းမှ စားသောက်ဆိုင်ပိုင်ရှင်က ဆိုသည်။
၎င်းအနေဖြင့် ကျမ်းတုံးထုတ်လုပ်ရောင်းချရာ၌ ရေဆေး၊ဆီထိုးလုပ်ငန်းဖြင့် တွဲဘက်လုပ်ကိုင်နေကြောင်း ကားရေဆေးဆီထိုးခများမှာ ကားအသေးတစ်စီးလျှင် ကျပ်(၃၀၀)နှင့် ၁၂ ဘီးတစ်စီးလျှင် ကျပ်(၅၀၀) ယူကြောင်းကိုလည်း သိရသည်။
ကျမ်းတုံးမှာ မော်တော်ယာဉ်များ တောင်တက် တောင်ဆင်းပြုလုပ်ရာတွင် ပြန်လည်လျောကျမှုမရှိစေရန် ချွတ်ချော်မှု မရှိစေရန်အတွက် ကားဘီးအောက်၌ ခုခံပေးရသည့် သစ်တုန်းဖြစ်သည်။
လက်ရှိတွင် မန္တလေး-လားရှိုးလမ်းပိုင်းအား အေရှားဝေါကုမ္ပဏီမှ တာဝန်ယူစောင့်ရှောက်၍ မိုင်(၃၀)လျှင် တိုးဂိတ် တစ်ဂိတ်နှုန်းဖြင့် ယာဉ်ဖြတ်သန်းခ ကောက်ခံလျှက်ရှိသည်။
www.MyanmarExpress.net