Friday, March 29, 2013

နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု ပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ် သားသား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

0 comments
 မတ်(၂၉)

နိုင်ငံတော် သမ္မတ၏ ညွန်ကြားချက် အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများ အတွက် မည်သူ့ကိုမဆို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ပစ်ခတ် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက မတ်လ ၂၉ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်
ဒေသခံများအား ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက “ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို၊ ရဲချုပ်တို့ရဲ့ မိန့်မှာချက်တွေကို ကျွန်တော် လာပြောပြတာပါ။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ရှိပါတယ်။ မိုးညိုနဲ့ ကြို့ပင်ကောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေပါ။ အဲဒီမြို့နယ်တွေမှာ သံဃာတော်တွေ ဦးဆောင်တဲ့ သံဃာတော်တွေရဲ့ ကာကွယ် ပေးမှုကြောင့် ကျွန်တော်တို့ ရဲတွေ လုပ်ရကိုင်ရ ခက်ပါတယ်။ ကြို့ပင်ကောက်မှာ ဘုန်းကြီးအပါး ၄၀ လောက်က ကုလားအိမ်တွေကို ဖျက်နေတယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ ချက်ချင်း ရောက်ပါတယ်။ သို့သော် သံဃာတော်တွေက မင်းတို့ ရဲတွေနဲ့ မီးသတ်တွေ အနား ကပ်လာရင် ငါတို့ မီးရှို့ရလိမ့်မယ်လို့ ပြောလို့ ကျွန်တော်တို့ လက်ခံပြီး နောက်ဆုတ် ပေးခဲ့ပါတယ်။ အဲဒီနောက် သံဃာတော် ၁၅၀ လောက် ဖြစ်လာပြီး လူက အယောက် ၂၀၀ လောက် ဖြစ်လာတယ်။ မိုးလင်းသည်အထိ ဖျက်ဆီးမှုတွေ ဖြစ်သွားခဲ့တယ်။ မိုးညိုမှာလည်း အလားတူပါပဲ။ ကျွန်တော်တို့ ဘာသာမှာ ဝိနည်း စည်းကမ်းနှင့်အညီ နေထိုင်နေတဲ့ ဆရာတော်၊ သံဃာတော်များသည် ယခုလို ဥပဒေမဲ့ လုပ်နေလားလို့ နိုင်ငံတကာက မေးလာရင် အဖြေ မရှိပါဘူး။ မလျှော်ညီပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ သံဃာ့နာယက ဆရာတော်ကြီးများလည်း ဆင်းလာပြီး မိန့်ပါမယ်။ ဖြစ်ရင် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်ပါမယ်။ ဒါ့အတွက် ကျွန်တော် လက်ပံတန်းမြို့ကို စိုးရိမ်ပါတယ်။ အခုချိန်စပြီး အဖျက် လုပ်ငန်းလုပ်ရင် ကျွန်တော်တို့ ပြင်းပြင်ထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့နေနဲ့ အတတ်နိုင်ဆုံး ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့နဲ့ ကျွန်တော်တို့ လုပ်ခဲ့ပြီးပါပြီ။ အခု အချိန်မှာ ကျွန်တော်တို့ သမ္မတကြီးရဲ့ ညွန်ကြားချက် အရ တရားဥပဒေ စိုးမိုးဖို့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အခု ချိန်ကစပြီး မည်သည့် အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသား လုပ်ပါမယ်။ လမ်းပေါ်မှာ ဖွဲ့ရင် သည်းခံမယ်။ ဗလီနဲ့ လူနေအိမ်တွေ ဖျက်ပြီဆိုရင်တော့ မည်သူ့ကိုမဆို ကျွန်တော်တို့ ပစ်ခတ်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် ပြစ်မှု ကျူးလွန်သူ ၁၀ ဦး၊ ပေါင်းတည်မြို့နယ်တွင် ၁၀ ဦး၊ သနပ်ပင် မြို့နယ်တွင် ၃ ဦး၊ နတ္တလင်းမြို့နယ်တွင် ၂ ဦးကို ဖမ်းဆီးအရေးယူထားကြောင်းနှင့် လက်ပံတန်း မြို့နယ်တွင် သံသယဖြစ်ဖွယ် လူ ၂ ဦးကို ဖမ်းဆီးခဲ့သော်လည်း မကြာမီ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here