Monday, March 4, 2013

Google ၏ ဒုတိယဇာတ်ကောင်

0 comments

မတ်(၄)
 
 
 Google ၏ ဒုတိယဇာတ်ကောင်










ထင်ရှားတဲ့ ကွန်ပျူတာ နည်းပညာ ကုမ္ပဏီများရဲ့ သမိုင်းအစကို ပြန်လည် သုံးသပ်ကြည့်ရာ
မှာတော့ သဘောထားချင်း တူညီမှုရှိတဲ့ မိတ်ဆွေ သူငယ်ချင်း တွေရဲ့ အငွေ့အသက်တွေကို ခံစားမိပါတယ်။ လက်ရှိအချိန်မှာ ထိတ်ထိတ်ကြဲ ကုမ္ပဏီတွေလို့ ပြောလို့ရတဲ့ Apple နဲ့ Microsoft ကုမ္ပဏီတွေရဲ့ အစမှာလည်း ၀ါသနာချင်းတူတဲ့ သူငယ်ချင်းတွေရဲ့ အိပ်မက်တွေကို တွေ့ခဲ့ရပါတယ်။ Apple ကို စတိဗ်ဂျော့ဘ်စ်နဲ့ စတိဗ်ဝစ်ဇနီယက်တို့က အစပြု ခဲ့ကြတာဖြစ်သလို မိုက်ခရိုဆော့ဖ်ကို အသက်သွင်းရာ မှာလည်း ဘီလ်ဂိတ်နဲ့ ပေါလ်အယ်လန်တို့က အဓိက ဇာတ်ကောင် တွေဖြစ်ခဲ့ကြပါတယ်။ နာမည်ကျော် အွန်လိုင်း ထိပ်သီးကုမ္ပဏီဖြစ်တဲ့ Google ကို တည်ထောင် ရာမှာတော့ လက်ရှိအမှုဆောင် အရာရှိချုပ်ဖြစ်နေတဲ့ လာရီပေ့ခ်ျကို အဓိက ပါရမီဖြည့်ခဲ့သူက ရုရှားနွယ်ဖွား ကွန်ပျူတာ သိပ္ပံပညာရှင် ဆာဂျေဘရင်းပဲဖြစ်ပါတယ်။ အသိပညာဆိုတာ အမြဲတမ်းလိုအပ်တဲ့ အရာဖြစ်ပြီး ဘာမှမသိခြင်းထက် အဆပေါင်းများစွာ ကောင်းမွန်တဲ့အရာလို့ ခံယူထားတဲ့ ဆာဂျေဘရင်းအကြောင်းကို စာဖတ်သူကို ဖော်ပြပေးချင်ပါတယ်။
ငယ်ဘ၀နဲ့ပညာရေး
ဆာဂျေဘရင်းကို ရုရှားနိုင်ငံမော်စကိုမြို့မှာမွေးဖွားခဲ့တာပါ။ မွေးသက္ကရာဇ် (၁၉၇၃)ခုနှစ်၊ သြဂုတ် (၂၁)ရက်ပါ။ သူ့ရဲ့မိဘတွေဟာ ရုရှား-ဂျူးလူမျိုးတွေဖြစ်ပြီး ဖခင်ကသင်္ချာပါမောက္ခတစ်ဦးဖြစ်ပါတယ်။ မိခင်ကတော့ နာဆာအဖွဲ့အစည်းရဲ့ သုတေသန ပညာရှင်တစ်ယောက်ပါ။ သူ့အသက်ခြောက်နှစ်အရွယ်မှာ သူတို့မိသားစုဟာ အမေရိကကိုပြောင်းရွှေ့လာခဲ့ကြပြီး Maryland တက္ကသိုလ်မှာ သင်္ချာဘာသာအထူးပြုပြီး ဘွဲ့ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွန်ပျူတာ သိပ္ပံဘာသာရပ်ကိုပါ ဆက်လက်လေ့လာ ဆည်းပူးခဲ့ပြီး စတန့်ဖို့ဒ်တက္ကသိုလ်မှာ Ph.D ဘွဲ့အတွက် လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုလေ့လာနေရင်းနဲ့ Google ရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်လာခဲ့တဲ့လာရီပေ့ခ်ျနဲ့ သူငယ်ချင်းဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အချက်အလက်တွေကို ရှာဖွေနိုင်တဲ့လမ်းစကို စဉ်းစားမိခဲ့ကြပြီး စတန့်ဖို့ဒ်တက္ကသိုလ်တွင်းမှာလည်း သူတို့ရဲ့ ဖန်တီးမှုကကျော်ကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Ph.D တန်းကို ပြီးဆုံးအောင်သင်ယူဖို့ အချိန်မရှိတော့တာကြောင့် သူတို့ရဲ့ယုံကြည်ချက်အတွက် ကျောင်းထွက်လာခဲ့ကြပါတယ်။
အနှိမ်ခံရဖူးတဲ့အတိတ်
ပုံမှန်အနေအထားအရပါမောက္ခတစ်ဦးရဲ့အသား၊ နာဆာသုတေသနပညာရှင်တစ်ဦးရဲ့သားဟာ ပညာရေးပိုင်းမှာ သူများတွေရဲ့ ဦးစားပေးမှုကို ခံရဖို့ရာခိုင်နှုန်းများပါတယ်။ ဆာဂျေဘရင်းမှာတော့ အဲဒီအခွင်းအရေးကို ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားမှာသူ့ငယ်ဘ၀ပညာရေးကိုပုံဖော်ဖို့ ဂျူးလူမျိုးဆိုတဲ့အကြောင်းပြချက်က အဟန့်အတားတွေဖြစ်ခဲ့ပါတယ်။ ရူပဗေဒ ဘာသာရပ်ကို ဂျူးလူမျိုးတွေ မသင်ယူရဘူးဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ဆာဂျေဘရင်းရဲ့ ဖခင်ဟာ သင်္ချာပါမောက္ခဖြစ်လာခဲ့တာပါ။ သူ့သားကို သူနှစ်သက်တဲ့ ဘာသာရပ်မှာ သင်ယူနိုင်ခွင့်ရဖို့ ဘရင်းရဲ့ဖခင်ကစဉ်းစားခဲ့ပါတယ်။ ဖခင်ဖြစ်သူက “မော်စကိုပြည်နယ် တက္ကသိုလ်မှာ ဂျူးလူမျိုးတွေက တက္ကသိုလ်ဝင်ခွင့် အတွက်ကို စာမေးပွဲဖြေတာတောင် ဂျူးလူမျိုးမဟုတ်တဲ့ လူတွေနဲ့ တစ်ခန်းတည်း ဖြေခွင့်မရှိပါဘူး။ လူမျိုးရေးခွဲခြားပြီးနှိမ့်ချ ဆက်ဆံတာတွေ လည်းရှိခဲ့တယ်” လို့ဆိုပါတယ်။ ဒီလိုအခြေအနေ တွေကြောင့် အခုလိုအောင်မြင်လာတဲ့အခါမှာ အမေရိကကို မရောက်ရောက်အောင်ပြောင်းဖို့ကြိုးစားခဲ့ကြတဲ့မိဘတွေကို ကျေးဇူးတင်မိတယ်လို့ ဘရင်းကရင်ဖွင့်ပြပါတယ်။ မိခင်ဖြစ်သူက မော်စကိုကိုစွန့်ခွာဖို့ စိတ်ဆန္ဒမရှိခဲ့ပေမယ့် ဖခင်ကသားအတွက် ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချခဲ့တာပါ။ တကယ်လို့သာ သူ့ရဲ့ငယ်ဘ၀မှာ အမေရိကကို ရောက်ခွင့်မရှိခဲ့ဘူးဆိုရင် အခုလို ကမ္ဘာကျော် ကွန်ပျူတာသိပ္ပံပညာရှင် အင်တာနက် စီးပွားရေးသမား တစ်ဦးဖြစ်လာဖို့က လမ်းစလုံးဝရှိမှာ မဟုတ်ပါဘူး။
Google
ဆာဂျေဘရင်းအနေနဲ့ (၁၉၉၃)ခုနှစ်မှာ Maryland တက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံနဲ့ သင်္ချာဘာသာရပ်တွေ အထူးပြုပြီး ဂုဏ်ထူး တစ်သီတစ်တန်းနဲ့ ဘွဲ့ရခဲ့ပြီးနောက်မှာ Ph.D ကျောင်းသားတစ်ဦး ဖြစ်ချင်တာကလွဲပြီး ဘယ်လို ရည်မှန်းချက်မျိုးမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် လာရီပေ့ခ်ျနဲ့ ဆုံတွေ့ခဲ့ရပြီးနောက် ၀ါသနာချင်းတူတဲ့ မိတ်ဆွေတွေဖြစ်လာတဲ့အခါ အနာဂတ်မှာ သူတို့ရဲ့ဘ၀ကို အပြောင်းလဲကြီးပြောင်းလဲစေနိုင်မယ့် Google အနင်တာနက် ရှာဖွေရေးဝန်ဆောင်မှုကို စတင်အိပ်မက်မက်ခဲ့ကြပါတယ်။ လက်ရှိအခြေအနေနဲ့ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းနည်းပညာ ကုမ္ပဏီလို့ပြောလို့ရတဲ့ Google ရဲ့အစက ငှားရမ်းထားတဲ့ ကား ဂိုဒေါင်လေးတစ်ခုပါပဲ။ သူတို့နှစ်ဦးဟာ တစ်ချိန်မှာ ကမ္ဘာကျော်လာမယ့်အိပ်မက်ကို အဲဒီကားဂိုဒေါင်လေးထဲမှာပဲ အချိန်ကုန်ခံ ဖန်တီးခဲ့ကြပြီး Ph.D ပညာရေးပြီးဆုံးမှုအတွက်လည်းဆက်ပြီးခရီးမထွက်နိုင်ခဲ့ကြပါဘူး။ နှစ်စဉ်ကျောင်းဝင်ခွင့်သွားပြီး လျှောက်လွှာ
တင် တဲ့ပုံစံကို ပြုလုပ်ခဲ့ကြပေမယ့် Google ရဲ့စိန်ခေါ်မှုများတဲ့ အွန်လိုင်းစီးပွားရေးကဏ္ဍကို ဟန်ချက်ညီ ကိုင်တွယ်နိုင်ဖို့ သူတို့ရဲ့ပညာရေးကို ရပ်တန့်ပစ်ခဲ့ရပါတယ်။
ကိုယ်ပိုင်ဘဝ
(၂၀၀၇) ခုနှစ်မှာ ဆာဂျေဘရင်းအိမ်ထောင်ပြုခဲ့ပါတယ်။ သူ့ရဲ့ဘ၀ကြင်ဖော်က ယေးလ်တက္ကသိုလ်မှာ ဇီဝဗေဒ သာသာရပ်နဲ့ ပညာရေးပြီးဆုံးခဲ့သူ ဇီဝဗေဒ သုတေသနပညာရှင် အန်နီဝူဆစ်ခိဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝမှုမှာ လာရီပေ့ခ်ျနှင့်အတူ Google ကုမ္ပဏီရဲ့ ရှယ်ယာဝေစု ၁၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာကြောင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀.၃ ဘီလျံကြွယ်ဝနေတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ကမ္ဘာ့ ၂၄ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်လည်း ရပ်တည်နေပါတယ်။
ရိုးရာလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here