Wednesday, May 8, 2013

လုံးဝဆုတ်ခွာမပေးနိုင်ဟု ဒီကေဘီအေပြော

0 comments
မေ(၈) ရက်
 
ဒီကေဘီအေ ထိပ်တန်း ခေါင်းဆောင်များက မြိုင်ကြီးငူမှ လုံးဝ ဆုတ်ခွာမပေးနိုင်ဟု ပြောဆိုလိုက်သည့် တစ်ရက်တည်းမှာပင် ဒီကေဘီအေ အရာရှိအချို့သည် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“အဓိက ဘယ်ဟာတွေကအဆင်မပြေဖြစ်နေတာလဲ။ အကြောင်းအရာတွေအများကြီးပဲ။ ဒါတွေကို ဆွေးနွေးပွဲတစ်ခု ဖြစ်အောင်လုပ်ဖို့ဆွေးနွေးကြတယ်”ဟု
မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

မြိုင်ကြီးငူဒေသအတွင်းရှိ ဒီကေဘီအေတပ်ဖွဲ့များကို မေလ ၄ ရက်ည နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် မြန်မာ့တပ်မတော်မှ ရာဇသံပေးထားခြင်းကို လုံးဝဆုတ်ခွာနိုင်မည်မဟုတ်ကြောင်း ဒီကေဘီအေ(ကလို့ထူးဘော)တပ်ဖွဲ့မှဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က မေ ၆ ရက်တွင်ပင် တုံ့ပြန်လိုက်သည်။

“ဒီနေရာက မခွာနိုင်တော့ဘူး။ ထပ်တိုးလာရင် ခုခံကာကွယ်သွားမယ်။ အခုက ထိုင်းနဲ့နီးနေပြီ။ ထိုင်းကလည်း လက်ခံမှာ မဟုတ်ဘူး”ဟု မေလ ၆ ရက်တွင် ဗိုလ်မှူးကြီးစောဆန်းအောင် က ပြည်တွင်းမီဒီယာများအား ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ဒီကေဘီအေ(ကလို့ ထူးဘော)တပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့အကြား ဧပြီ ၂၆ ရက် စတင်ကာ
တိုက်ပွဲအချို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၂၆ ရက်တွင် နယ်ခြားစောင့်တပ်မှ တပ်သားတစ်ဦးက ဒီကေဘီအေနယ်မြေ အတွင်း ရောက်ရှိ လာခြင်းမှ စတင်ကာ ၂၇ ရက် ည ၁၀ နာရီကျော်တွင် နှစ်ဖက်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်။

နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေတပ်နှစ်ဖက်လုံးသည် ကရင်အမျိုးသားများပင်ဖြစ်ကြပြီး ယခုကဲ့သို့ အချင်းချင်းပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရှက်ရ၀မ်းနည်းမိကြောင်းနှင့် ယခုကိစ္စတွင် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ တပ်မဟာမှူးဗိုလ်မှူးကြီးထိန်မောင်
ထွန်းတို့၌ တာဝန်အပြည့်အ၀ရှိကြောင်း ဒီကေဘီအေ၊ ကေအင်န်ယူ၊ ကေအင်န်အယ်လ်အေမှ တာဝန်ရှိသူများက ပြောကြသည်။

“အစိုးရက ဗိုလ်မှူးကြီးအောင်လွင်နဲ့ ၀န်ကြီးချုပ်ဦးဇော်မင်းတို့ကို ဘာတာဝန်ပေးထားသလဲဆိုတာ ကျွန်တော်သိချင်တယ်။ ဒီကိစ္စက သေးသေးလေးပဲ။
သေနတ်တစ်ချက်ပစ်ဖောက်ရာကစတာ။ တပ်မဟာမှူးကသူရှင်းမယ်ဆိုရင် ရရဲ့သားနဲ့ ဘာလို့မပြောတာလဲ။
ပြောလို့မရဘူးလို့ဆိုရင် ဒီလို ရာထူးကို ယူထားဖို့ မသင့်တော့ဘူး”ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက ဆိုသည်။

ဒီကေဘီအေသည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ထားဆဲကာလဖြစ်ပြီး နယ်မြေကျော်လွန်ဖြတ်သန်းမှုများကို သတင်းပို့စနစ်ဖြင့် ဆောင်ရွက်ရန် သဘောတူညီခဲ့ကာ ယူနီဖောင်း မ၀တ်ဆင်၊ လက်နက်မကိုင်ဆောင်ဟု သဘောတူညီထားခြင်းမရှိကြောင်း သိရသည်။

“အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့အချိန်မှာ စစ်တပ်က တိုက်ရိုက်အမိန့်လာပေးတာကို နားမလည်နိုင်ဘူး။ ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့ ကာလမှာ အတင်းအဓမ္မ ဆုတ်ခွာခိုင်းတာမူအရ မကိုက်ညီဘူး”ဟု ဗိုလ်မှူးကြီးစောဆန်းအောင်က ပြည်တွင်းမီဒီယာများအား ပြောကြားသည်။

7Day News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here