မေ(၈) ရက်
ဦးသိန်းဇော် ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ ရှမ်းလက်နက်ကိုင် ၃ ဖွဲ့တို့ လာမယ့် မေလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ ရှမ်းပြည်နယ်ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်နယ်ထဲက ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ မိုင်းလားအဖွဲ့၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့ ငြိမ်းချမ်းရေး ကိစ္စ တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုပါတယ်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကို တန့်ယန်းမှာ တွေ့ဆုံမှာဖြစ်ပြီး ၀ အဖွဲ့နဲ့ မိုင်းလား အဖွဲ့တွေကိုတော့ သူတို့ နယ်မြေထဲ သွားရောက် ဆွေးနွေးမယ်လို့ ရှင်းပြတယ်။
ဆွေးနွေးရာမှာ ပြည်ထောင်စု ၀န်ကြီးတချို့၊ ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့၊ ဒေသခံ လွှတ်တော် အမတ်တချို့နဲ့ အတူ ကျားဖြူအမတ် စိုင်းထွန်းဆာနဲ့ စိုင်းသီဟကျော်တို့လည်း ပါဝင်မယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
ဒီဆွေးနွေးပွဲတွေမှာ ငြိမ်းချမ်းရေး ကိစ္စတွေအပြင် စစ်ပြေးဒုက္ခသည်တွေ ပြန်ပြီးနေရာ ချထားပေးရေး ကိစ္စတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
DVB