Thursday, May 9, 2013

တရုတ်-မြန်မာ နယ်စပ်ရှိ RCSS စခန်းကို အစိုးရတပ်က တိုက်ခိုက်

0 comments


မေ(၉) ရက်

တရုတ်-မြန်မာ နယ်စပ် နမ့်ခမ်းမြို့နယ်တွင် အခြေစိုက်ထားတဲ့ RCSS/SSA တပ်စခန်း တစ်ခုကို ဒီကနေ့ မနက်ပိုင်းမှာ အစိုးရတပ်ဖွဲ့ဝင်များက လက်နက်ကြီးများနဲ့ ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပျောက်ဆုံးနေသူများ ရှာဖွေရန် ဆိုပြီး RCSS/SSA အခြေစိုက် နယ်မြေထဲကို အစိုးရတပ်များက ဝင်ရောက်ခဲ့ပြီး RCSS/SSA စခန်း အဆောက်အအုံများကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး နောက်ပိုင်း အခြေအနေတင်းမာလာကာ အခုလို အစိုးရတပ်က RCSS/SSA ကို ဝင်ရောက် တိုက်ခိုက်တာဖြစ်ပါတယ်။

အစိုးရတပ်ရင်း တစ်ခုဖြစ်တဲ့ ခလရ(၁၄၅) မှ အင်အား ၁၀၀ ခန့်ဟာ မနက် ၄ နာရီ အချိန်လောက်ကနေ စပြီး RCSS/SSA အခြေစိုက်ရာ ရွှေလီမြစ် မြောက်ဘက်ကမ်းရှိ နောင်မာ့တာ ကျေးရွာကို လက်နက်ကြီးများနဲ့ ပစ်ခတ်ပြီးနောက် နောင်တိန်း ကူးတို့ဆိပ်က ဖြတ်ကူးပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။
၎ နာရီ ကတည်းက ပစ်နေကြတယ်။ ဟိုဘက်ကမ်း နောင်ခမ်း၊ နောင်မ မှာနေတဲ့ လူတွေတော့ တရုတ်ပြည် နောင်တောင်း ဘက် ပြေးသွားကြတယ်။ တချို့လည်း နမ့်ခမ်းမြို့ထဲ ပြေးလာကြတယ်။ အခုထိ (၈ နာရီ) ကြိုကြား ကြိုကြား ပစ်သံတွေ ကြားနေရတုန်းပဲ။  လို့ နမ့်ခမ်းမြို့ခံ တစ်ယောက်က ကော့လီ ကို ပြော ပါတယ်။

အခုလို တိုက်ခိုက်ရာမှာ နမ့်ခမ်းမြို့နယ် အတွင်းရှိ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် ရဲ့ ပန်းဆေး ပြည်သူ့စစ်၊ ဦးလောဝ်ဆာမ် ရဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်များလည်း အစိုးရတပ်များဖက်က ပါဝင်တိုက်ခိုက်နိုင်ဖွယ်ရှိတယ်လို့ဒေသခံများက ပြောပါတယ်။

ဒေသခံများရဲ့ အဆိုအရတော့ အစိုးရဘက်က ဒဏ်ရာရ စစ်သည် ၁၀ ဦးထက် မနည်း ကို ပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ၎င်းတို့ တပ်ဖွဲ့ပိုင် ကားများနဲ့ နမ့်ခမ်း ပြည်သူ့ဆေးရုံကို လာရောက် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာသူများဟာ အများအားဖြင့် ဝမ်းဗိုက်၊ ခြေ၊ လက် များကို ထိမှန်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူများထဲမှာ အစိုးရတပ်ဘက်က ဗိုလ်မှူး ဘုန်းမြတ်၊ ဗိုလ်ကြီး အဆင့် ၁ ဦး၊ ဗိုလ် အဆင့် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး ပါရှိတယ်လို့ သိရပါတယ်။ RCSS/SSA ဘက်ကတော့ တစ်ဦးသေဆုံးပြီး ဆယ်ဦးထက် မနည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲများဖြစ်ခဲ့ပြီးနောက် တရုတ် လက်နက်ကိုင် လုံခြုံရေးတပ်များကလည်း နယ်စပ်မှာ လာရောက် နေရာယူထားကြတယ်လို့ သိရပါတယ်။

ကော့လီမီဒီယာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here