Friday, August 16, 2013

ပခုက္ကူတွင် တက္ကသိုလ်ဝင်ခွင့် ထောက်ခံစာများကို ငွေပေး၍ပြုလုပ်နေရ

0 comments

သြဂုတ်လ(၁၆)ရက်
Photo: ပခုက္ကူတွင် တက္ကသိုလ်ဝင်ခွင့် ထောက်ခံစာများကို ငွေပေး၍ပြုလုပ်နေရ

15.8.2013

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာ၌ လိုအပ်သည့် ရဲစခန်း၊ ရပ်ကွက်နှင့် ဆေးထောက်ခံချက်များကို အခကြေးငွေပေး၍ လုပ်ဆောင်နေရဆဲ ဖြစ်ကြောင်း အဆိုပါ ဒေသခံ ကျောင်းသား၊ ကျောင်းသူများထံ မှ သိရသည်။

ပခုက္ကူမြို့တွင် ယခုနှစ်တက္ကသိုလ် ဝင်တန်းအောင်မြင်သူ ၁၈၈၈ ဦးရှိပြီး တက္ကသိုလ်တက်ရောက်ရန် အတွက် လိုအပ်သော ရဲစခန်း၊ ရပ်ကွက်နှင့် ဆေးထောက်ခံ ချက်များကို အခကြေးယူဆောင်ရွက်ခြင်း မပြုရန် ညွှန်ကြားချက်များ ထုတ်ပြန်ထား ပြီးဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပညာရေးမှူး ဒေါ်ခင်ညိုမြင့်က ပြောကြားသည်။

ယင်းသို့ ပညာရေးထောက်ခံချက် များကို အခကြေးငွေယူ၍ ဆောင်ရွက်ခြင်း မပြုရန် ထုတ်ပြန်ထားသော်လည်း လက်ရှိ ပခုက္ကူမြို့ပေါ် ရှိ ရပ်ကွက်အချို့ တွင် ယင်း ထောက်ခံချက်များအတွက် အခကြေးငွေ ယူ၍ ဆောင်ရွက်လျက်ရှိရာ ဆေးထောက်ခံ ချက်တစ်စောင်လျှင် ၁၅၀၀ ကျပ်၊ ရပ်ကွက်ထောက်ခံချက် တစ်စောင်လျှင် ၅၀၀ ကျပ်နှင့် ရဲစခန်းထောက်ခံစာ တစ်စောင်လျှင် ၅၀၀ ကျပ်ခန့် ပေးဆောင် ရလျက်ရှိသည်ဟု တက္ကသိုလ်ဝင်ခွင့် လျှောက်ရန် ပြင်ဆင်နေသည့် ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်ရှိ ကျောင်းသူတစ်ဦးက ပြောကြားသည်။
"တက္ကသိုလ်တက်ဖို့ ဆေးထောက်ခံ စာလာယူတာ။ ဆေးတောက်ခံစာကို ငွေမပေးရဘူး ထင်တာ။ အခု ထောင့်ငါးရာကျပ်မပါလို့ နေခင်းပြန်ချိန်းလိုက်တယ်။ ရပ်ကွက်ထောက်ခံစာ ငါးရာပေးရတယ်။ ရဲစခန်းထောက်ခံစာက ငါးရာ ပေးရတယ်" ဟု ၄င်းကဆိုသည်။

အချို့ရပ်ကွက်များတွင် ရပ်ကွက် ထောက်ခံစာကြေး ပေးဆောင်ရခြင်း မရှိသော်လည်း ဆေးစာနှင့် ရဲစခန်းထောက်ခံချက် ကြေးကိုမူ ပေးဆောင်ရသည်ဟု ပခုက္ကူမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူ ကျောင်းသူတစ်ဦးက ပြောကြား သည်။

"ကျွန်တော်တို့ ထောက်ခံစာကြေးကို မကောက်ခံရဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူး က စာထွက်ထား ရှိပါတယ်။ ကျွန်တော်တို့ အနေနှင့် ကောက်ခံတာမရှိပါဘူး။ လှူလို့ အတင်းထားခဲ့တာပဲ ရှိတယ်" ဟု ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပခုက္ကူမြို့ ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ကြီးသို့ သွားရောက် တွေ့ဆုံမေးမြန်းသော်လည်း ၄င်းအနေ ဖြင့် မကွေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ခွင့်ပြုချက်ရမှသာ ပြန်လည် ဖြေကြားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

The Voice Weekly

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here