သြဂုတ်လ(၁၂)ရက်
ရယ်မောခြင်းသည် လှုံ့ဆော်မှုတစ်ခုခုကြောင့် တုန့်ပြန်ဖြစ်ပေါ်လာသော အမူအရာတစ်ခု ဖြစ်ပါသည်။ ဟာသတစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသော အကြောင်းအရာတစ်ခုခုကြောင့်ဖြစ်စေ ရယ်မောခြင်းကို ပြုလုပ်ကြပါသည်။ အများအားဖြင့် ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ စိတ်သက်သာရာရခြင်းကဲ့သို့ အကောင်းမြင် စိတ်ခံစားမှုများကို ဖော်ပြရန်အတွက် ရယ်မောခြင်းကို ပြုလုပ်ကြပါသည်။ တစ်ခါတစ်ရံ၌မူ စိတ်ကသိကအောင့်ဖြစ်ခြင်း၊ တောင်းပန်လိုခြင်း၊ သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းတို့ကြောင့် ရယ်မော တတ်ကြပါသည်။
တစ်ချို့မှာ ကလိထိုးခံရပါက ရယ်မောတတ်ကြပြီး တစ်ဦးနှင့်တစ်ဦး လောက၀တ်ပြု သည့်အနေဖြင့်လည်း ရယ်မောကြလေ့ရှိပါသည်။
ကလေးငယ်လေးများသည် လူကြီးများထက် ပိုမိုရယ်မောကြပါသည်။ ကလေးငယ်တစ်ဦးသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် အကြိမ် ၃၀၀ ခန့် ရယ်မောတတ်ကြပါသည်။ လူကြီးများမှာမူ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် အကြိမ် ၂၀ ခန့်သာ ရယ်မောတတ်ကြပါသည်။ လူကြီးများ ရယ်မောခြင်းသည် တစ်ဦးနှင့်တစ်ဦး များစွာ ကွာခြားသွားနိုင်ပါသည်။
သုတေသနပြုချက်အရ ကလေးငယ်များသည် ၁၇ ရက်သားအရွယ်ခန့်ကပင် အသံထွက်ပြီး ရယ်မောနိုင်ကြကြောင်း တွေ့ရှိရပါသည်။ (ယခင် လေ့လာချက်များက လေးလသားအရွယ်တွင် စတင်ရယ်မောသည်ဟု တွေ့ရှိခဲ့သည်။)
ရယ်မောခြင်းသည် လူမျိုး၊ ဘာသာ၊ ကျား၊ မ မရွေး တညီတညွတ်တည်း လက်ခံသုံးစွဲသော ဘာသာရပ်စကားတစ်ခုဟု ပြောမည်ဆိုလျှင် မှားအံ့မထင်ပါ။ လူတို့သည် ဘာသာစကား အမျိုးမျိုးကို သုံးစွဲပြောဆိုကြသော်လည်း ရယ်မောသည့်ပုံစံမှာမူ အတူတူပင် ဖြစ်ပါသည်။
ကလေးငယ်များသည်ပင် စကားမပြောနိုင်ခင်ကတည်းက ရယ်မောနိုင်သည့် စွမ်းရည်ရှိကြပါ သည်။ ဆွံ့အနားမကြားအနေဖြင့် မွေးဖွားလာသော ကလေးသူငယ်များတွင်လည်း ရယ်မောတတ်သည့် စွမ်းအားရှိနေပါသည်။
ရယ်မောခြင်းသည် နာကျင်မှုဝေဒနာကို သက်သာစေသည်ဟုဆိုပါက အံ့သြသွားပေလိမ့်မည်။ လေ့လာမှုတစ်ခု၌ ၁၀ မိနစ်ခန့် အူလှိုက်သည်းလှိုက် ရယ်မောပေးခြင်းသည် အချိန်နှစ်နာရီကြာအောင် နာကျင်ကိုက်ခဲမှုမရှိဘဲ အိပ်စက်နိုင်သည်ကို တွေ့ရပါသည်။
အလွန်ရှားပါးသော အာရုံကြောရောဂါ တစ်မျိုးရှိပါသည်။ Aphonogelia ဟု ခေါ်ပါသည်။ ၎င်းရောဂါ ဝေဒနာရှင်သည် ရယ်မောသောအခါ အသံထွက်ပြီး မရယ်နိုင်ဘဲ အနည်းငယ်ပြုံးရုံသာ ပြုံးနိုင်ပါသည်။
၂၀၀၅ ခုနှစ်တွင် မေရီလင်းတက္ကသိုလ်မှ သုတေသနပညာရှင်များက ရယ်မောခြင်းနှင့် သွေးကြောများ၊ ကျန်းမာခြင်းတို့သည် ဆက်စပ်မှုရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါသည်။
ရယ်မောခြင်းကြောင့် သွေးကြောများ၏ အတွင်းနံရံများ ကျယ်ပြန့်သွားပြီး သွေးစီးဆင်းမှု ကောင်းစေသည်ဟုဆိုပါသည်။ ရယ်မောလိုက်သောအခါ hypothalamus (ဟိုက်ပိုသယ်လမတ်)မှ β-endorphin (ဘီတာအင်ဒေါ်ဖင်)နှင့်တူသော ဓာတ်ပစ္စည်းများ ထွက်လာပါသည်။ ၎င်း β-endorphin နှင့် တူသော ဓာတ်ပစ္စည်းများသည် သွေးကြောနံရံများမှ nitric oxide (နိုက်ထရစ်အောက်ဆိုက်) ဓာတ်ပစ္စည်းများထွက်စေပြီး ၎င်းတို့က သွေးကြောများကို ကျယ်ပြန့်စေပါသည်။ ထို့ပြင် nitric oxide ဓာတ်ပေါင်းများသည် platelet စုပုံခြင်းနှင့် ရောင်ရမ်းခြင်းကို လျော့ကျစေသည့်ဂုဏ် သတိ္တရှိသောကြောင့် နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်ပေးသည်ဟု ဆိုနိုင်ပါသည်။
ထို့ပြင် ရယ်မောခြင်းသည် စိတ်ဖိစီးမှုဖြစ်ပေါ်စေသော cortisol (ကော်တီစော) နှင့် epinephrine (အပီနပ်ဖရင်း) ဟော်မုန်းဓာတ်များကို လျော့ကျစေပါသည်။ ရယ်မောလိုက်သောအခါ ဦးနှောက်အတွင်းမှ endorphin (အင်ဒေါ်ဖင်) ဟုခေါ်သော ဓာတ်ပစ္စည်းများထွက်လာပြီး အချို့သောနာကျင်မှုဝေဒနာများကို သက်သာစေ ပါသည်။
ကလိထိုးခံရသောကြောင့် ရယ်မောခြင်းကိုမူ အချို့သောသူများက နှစ်သက်မှုမရှိကြပါ။ ကလိထိုးခံရပါက အူ လှိုက်သည်းလှိုက် ရယ်မောတတ်ကြပြီး ထိုသို့ရယ်မောခြင်းသည် ထိန်းချုပ်၍ မရသော၊ ခန္ဓာကိုယ်မှ အလိုအလျောက် တုန့်ပြန်သည့် တုန့်ပြန်မှုတစ်ခုဖြစ်ပါသည်။
လူတစ်ယောက် ရယ်မောသောအခါ ပုံမှန်အားဖြင့် “ဟား..ဟား..ဟား” သို့မဟုတ် “ဟိုး..ဟိုး..ဟိုး” ဟု ရယ်မောတတ်ကြပါသည်။ လူတစ်ယောက်သည် “ဟား..ဟိုး.. ဟား..ဟိုး” ဟု ရယ်မောရန်မှာ မဖြစ်နိုင်ပါ။ ထိုသို့ ရယ်မောနေပါက ပုံမှန်မဟုတ်ဟု ဆိုနိုင် ပါသည်။ “ဟိုး..ဟား..ဟား” သို့မဟုတ် “ဟား..ဟား..ဟိုး” ဟု ရယ်ခြင်းမှာမူ ဖြစ်နိုင်ပါသည်။
ရယ်မောလိုက်သောအခါ မျက်ရည်ထွက်ခြင်းသည် မျက်ရည်အိတ်များ၏ အလို အလျောက် တုန့်ပြန်မှု (reflex) ကြောင့် ဖြစ်ပါသည်။
အလွန်အမင်း ရယ်မောသောအခါ တချို့ သည် “တက်” တတ်ပါသည်။ အလွန်အကျူး ရယ်မောခြင်းကို manic-depressive ဟုခေါ် သော စိတ်ကျဝေဒနာရှိသူများတွင်လည်း တွေ့ရတတ်ပါသည်။
အနှစ်ချုပ်ဆိုရသော် ရယ်မောခြင်းသည် ဆေးတစ်ခွက်ဖြစ်သည်ဟု ဆိုရလောက်အောင် ကျန်းမာရေးအတွက် ကောင်းမွန်သော အကျိုးကျေးဇူးများများစွာ ရရှိစေပါသည်။
အကောင်းမြင်ခြင်း၊ ပျော်ပျော်နေခြင်း၊ ဟာသကို ခံစားခြင်းတို့ဖြင့် တစ်နေ့တာအချိန်များအတွင်း ရယ်မောရသည့် အချိန်ပမာဏကို တိုးပွားအောင် လုပ်ဆောင်သင့်ပါသည်။ တခစ်ခစ်ရယ်ခြင်း၊ တခိခိရယ်ခြင်း၊ တသိမ့်သိမ့်ရယ်ခြင်း၊ တ၀ါးဝါးရယ်ခြင်း၊ အူလှိုက်သည်းလှိုက်ရယ်ခြင်း စသည့် ရယ်နည်းမျိုးစုံအနက်မှ ကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် ရယ်မောခြင်း၏ အကျိုးအမြတ်ကို ရယူနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
M.B ဒေါက်တာ