Monday, August 12, 2013

လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံနှင့် အစိုးရ ပါဝင်သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံသော လွှတ်တော်ပြင်ပ ညီလာခံ ပြုလုပ်ရန် လိုအပ်ဟု PNLO ဥက္ကဋ္ဌပြောကြား

0 comments


သြဂုတ်လ(၁၂)ရက်

လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံနှင့် အစိုးရ ပါဝင်သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံသော လွှတ်တော်ပြင်ပ ညီလာခံ ပြုလုပ်ရန် လိုအပ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
အဆိုပါ ညီလာခံကို ကျင်းပနိုင်မှသာ ဥပဒေဘောင် အတွင်းမှ ဖြေရှင်း၍ မရသည့် ကိစ္စရပ်များကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု သြဂုတ် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ငွေရတု အခမ်းအနား၏ တိုင်းရင်းသားရေး၊ ပြည်တွင်းရေးနှင့် အနာဂတ် ပြည်ထောင်စုရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားသည်။

PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ''ကျွန်တော်တို့က ဒီပြည်ထောင်စု ညီလာခံကြီးကို ဘာလို့ကျင်းပ ချင်တာလဲ ဆိုတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းချင်လို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေဘောင်နဲ့ ရှင်းလို့မရတာကို နိုင်ငံရေးနဲ့ ရှင်းမှရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်တယ်ဆိုရင် တပ်မတော်က ရှိတယ်။ သူက အထိမခံဘူး။၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ်ရမယ့် တာဝန်သူ့မှာရှိတယ်။ အဲဒီလို ဥပဒေဘောင်နဲ့ ရှင်းလို့မရတာကို နိုင်ငံရေးနဲ့ ရှင်းရ မယ်'' ဟု ပြောကြားသည်။

''အဲဒီလို နိုင်ငံရေးနည်းနဲ့ ရှင်းရမှာ ဖြစ်တဲ့အတွက် တရားဝင်ဖြစ်တဲ့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခံထားရတဲ့ သူတွေကို ကြိုက်ကြိုက် မကြိုက်ကြိုက် ပါဝင်ခွင့် ပေးရမယ်။ ဒါကြောင့်မို့ အမြင့်ဆုံးလုပ်တဲ့ ပြည်ထောင်စု ညီလာခံကြီးကို အစိုးရလည်း ပါရမယ်။ ပြည်ထောင်စု ညီလာခံကြီး ကျင်းပတဲ့ အခါမှာ အားလုံး တရားဝင်မှု ရှိအောင် လုပ်ပိုင်ခွင့် အာဏာအပ်နှင်းခြင်း ခံထားတဲ့သူတွေနဲ့ ကျင်းပရမှာ ဖြစ်ပါတယ်။ ဒီညီလာခံကို လွှတ်တော်ထဲမှာ သွားမလုပ်ပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါဖို့လိုတယ်'' ဟု ၎င်းကဆိုသည်။

ထိုသို့ ပြည်ထောင်စု ညီလာခံကြီး မပြုလုပ်မီ တိုင်းရင်းသားလူမျိုး အလိုက်သော် လည်းကောင်း၊ အလွှာအလိုက် သော်လည်းကောင်း၊ ဒေသအလိုက် သော်လည်းကောင်း ညီလာခံများ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ပအို့အမျိုးသား ညီလာခံပြုလုပ်ရန် အတွက် အစိုးရနှင့် သဘောတူညီ ထားကြောင်း ၎င်းကဆိုသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှပြုလုပ်သော တိုင်းရင်းသား ညီလာခံများတွင် အစိုးရနှင့် တပ်မတော်ကတစ်စု၊ တိုင်းရင်းသား လက်နက်ကိုင်များကတစ်စု၊ ဒီမိုကရေစီ အင်အားစုများနှင့် နိုင်ငံရေးပါတီများကတစ်စု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများက တစ်စုပါဝင်သော ပြည်ထောင်စု ညီလာခံကြီး ကျင်းပနိုင်မှသာ ဥပဒေအရ ရှင်းမရသည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ဆွေးနွေးထားသည်။

ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် UNFC အဖွဲ့ဝင် ဖြစ်သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here