![]() ထိုင်း ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြနေစဉ် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် ဒေသတွင်းနိုင်ငံများမှ စိတ်ဝင်စားမှု တိုးတက်လာသည်နှင့်အညီ ထိုင်းခရီသွားလုပ်ငန်းကုမ္ပဏီများ မြန်မာနိုင်ငံအတွင်းသို့ လာရောက်ကာ ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းရှင်များနှင့် ချိတ်ဆက်မှုများကို သြဂုတ်လ ၂၇ ရက်က Chatrium Hotel တွင် ပြုလုပ်ခဲ့သည်။ ''ဒီလို မြန်မာပြည်တွင်းကို စိတ်ဝင်စားပြီး တိုက်ရိုက်လာချိတ်ဆက်တဲ့အတွက် ပြည်တွင်းကုမ္ပဏီတွေလည်း အကျိုးရှိတာပေါ့။ နှစ်ဘက်ကုမ္ပဏီတွေ အချင်းချင်း မိတ်ဆက်ကြ၊ ယုံကြည်မှုတည်ဆောက်ကြတဲ့ သဘောပါ။ နောင်မှာ ပူးပေါင်းချင်တဲ့ ကုမ္ပဏီတွေအချင်းချင်း ပူးပေါင်းလို့ ရတာပေါ့''ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမောင်မောင်ဆွေက ပြောကြားခဲ့သည်။ ထိုင်းခရီးသွားကုမ္ပဏီများက မြန်မာနိုင်ငံအတွင်းသို့ နှစ်စဉ်လာရောက်ကာ စီးပွားရေးချိတ်ဆက်မှုများ ပြုလုပ်သော်လည်း ယခုနှစ်ပိုင်းတွင် စိတ်ဝင်စားမှုပိုလာကြောင်း၊ လာရောက်သည့် ခရီးသွားအဖွဲ့အစည်းများလည်း ပိုများလာကြောင်း ဦးမောင်မောင်ဆွေက ပြောကြားခဲ့သည်။ ယခုနှစ်အတွက် မြန်မာခရီးသွားကုမဏီများနှင့် လာရောက်ချိတ်ဆက်သည့် ထိုင်းခရီးသွားအဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်ပြီး ၄င်းတို့ထဲတွင် ဟိုတယ် ၈ ဖွဲ့၊ ခရီးသွား ၄ ဖွဲ့၊ ဖျော်ဖြေရေး ၂ ဖွဲ့နှင့် လေကြောင်းလိုင်း ၂ ဖွဲ့တို့ ပါဝင်သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံသို့ ထိုင်းခရီးသွားဦးရေ ကိုးသောင်းခန့် ၀င်ရောက်ဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံရှိ Kasikorn Research Center ၏ အချက်အလက်ကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားသည်။ ''ထိုင်းနိုင်ငံလို အာဆီယံမှာ ခရီးသွားဈေးကွက် အကြီးကြီး ရှိထားတဲ့ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံလို ခရီးသွားဈေးကွက် သေချာမှုရှိပြီးသား နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အခွင့်အလမ်း ရှာသင့်ပါတယ်''ဟု အဆိုပါ သုတေသနစင်တာက အကြံပြုထားသည်။ မြန်မာနိုင်ငံသို့ ခရီးသွားအများဆုံး ၀င်ရောက်သည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြောင်း အဆိုပါ သုတေသနစင်တာ၏ အချက်အလက်များက ဆိုထားသည်။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် လေးသိန်းနီးပါးဝင်ရောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ကထက် ၂၅% တိုးတက်ခဲ့သည်။ ခရီးသွားလုပ်ငန်း တိုးတက်လာသော်လည်း သင့်လျော်သည့် အခြေခံအဆောက်အဦများ မပြည့်မီခြင်းကြောင့် ဟိုတယ်အခန်းများ မလောက်ငှမှုများနှင့် ကြုံတွေ့နေရပြီး မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများသို့ တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းလာ ချိန်တွင် ခရီးသွားများအတွက် အခန်းလိုအပ်ချက်များ ပိုမိုမြင့်မားလာနိုင်သည်ဟု ခရီးသွားလုပ်ငန်းလေ့လာသူများက သုံးသပ်သည်။ ref: ELEVEN |
Monday, August 27, 2012
မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စိတ်ဝင်စားမှု မြင့်တက်လာမှုနှင့်အတူ ထိုင်းခရီးသွားလုပ်ငန်းစုများ လာရောက်ပြီး ပြည်တွင်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်
Categories :
Subscribe to:
Post Comments (Atom)
