Thursday, August 16, 2012

တာချီလိတ်မှာကျူရှင်သင်ခွင့်ပေးစေလို

0 comments

တာချီလိတ်မြို့ (အ-ထ-က-တာချီလိတ် )အထက်တန်းကျောင်းမှာ အထက်က လူကြီးများက ဝင်ရောက်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါတယ်။ ဆရာ ဆရာမတွေ အနေနဲ့ ကျူရှင် သင်လားမသင်လားဆိုတဲ့ ကိစ္စ နဲ့ပါ။ ပညာရေးနဲ့ပတ်သက်ပြီး ဆရာ ဆရာမတွေကို ကျူရှင်မသင်ဖို့အတွက် လာရောက်တားမြစ်နေကြတဲ့အပေါ် ကျောင်းသားမိဘဖြစ်တဲ့ ကျွန်မတို့လို လူကတောင် ဘာမှ မပြောတာ သူတို့က ကျူရှင်မသင်ဖို့ သင်ရင် ဖြုတ်မယ် ဘာညာဆိုတော့ စဉ်းစားရခက်နေပါတယ်။

တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်တာကြောင့်မူးယစ်ဆေးဝါးများ အရက်သေစာများ၊ မကောင်းမှုများ ပေါ်များ လွယ်ကူတာကြောင့်ကျောင်းသားတွေကို လမ်းမှားမရောက်စေရန်အတွက် သူတို့တွေရဲ့ ပိုနေတဲ့အချိန်တွေမှာ ကျူရှင်သင်ခွင့်ကို ပေးစေချင်ပါတယ်။

ကျောင်းဆရာ ဆရာမတွေဟာ တခြား ဌာနက ဝန်ထမ်းတွေလို လိမ်စား ညာစား ခိုးစား ဝှက်စား လို့ မရပါဘူး။ သူတို့တွေရဲ့ လစာဟာ သူတို့တွေရဲ့ မိသားစု စားဝတ်နေရေးအတွက် လုံလောက်ပါ့မလား ဆိုတာ စဉ်းစားဖို့လိုပါတယ်။ ဆရာ ဆရာမတွေရဲ့ ဝင်ငွေဟာ လစာအပြင် တခြားအနေနဲ့ ကျူရှင် သင်လို့ရတာပဲ ရှိပါတယ်။ ကျူရှင်သင်တာ လိမ်စား ညာစားတာ မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ပိုနေတဲ့အချိန်မှာ စာပြပေးတယ် ဒါကို အချိန်ပိုင်းပြတော့ ဉာဏ်ပူဇော်ခ အနေနဲ့ ကျောင်းသားတွေဆီက ရပါတယ်။

ကျောင်းသားတစ်ယောက်ဟာ ကျောင်းတွင်းစာသင်ချိန်ပြီးလို့ ကျူရှင်ခေါ်ရင် ကျူရှင်ကို ရောက်ပါတယ်။ ကျူရှင် မသင်ရတော့ဘူးလို့ ပြောလာတဲ့အခါ ကလေးတွေဟာ ကျောင်းတက်ချိန်ပြီးရင် ဂိမ်းဆိုင်တွေဆီကို ခြေဦးလှည့်နေတာတွေ့ရပါတယ်။ ကျူရှင် သင်ခွင့်ပေးခြင်းဟာ ကျွန်မတို့ သားသမီးတွေအတွက် စာသင်ချိန်ပိုတိုးပြီး ဂိမ်းဆိုင်တွေ တခြားနေရာတွေကို မရောက်စေတဲ့အပြင် လမ်းမှားကိုလည်း မရောက်စေပါဘူး။ အခုတော့ ကျူရှင်မသွားရတော့ပဲ ဂိမ်းဆိုင်တွေ တခြားနေရာတွေ ကို ရောက်နေကြပါတယ်။ ကျွန်မတို့မှာလည်း ဝမ်းရေးအတွက် အလုပ်လုပ်နေကြ ရတော့ သားသမီးတွေကို နေ့ဘက် ပြန်မကြည့်နိုင်ပါဘူး။ ကလေးတွေလည်း ကျူရှင်သွားနေရတော့ ကျွန်မတို့အနနဲ့ စိတ်ဖြောင့်ဖြောင့် အလုပ်လုပ်လို့ရပါတယ်။ အခုတော့ ကျူရှင်မသင်ရဘူးလို့ ကြားတော့ ကလေးတွေလည်း ဂိမ်းဆိုင်တွေကို ရောက်နေကြပါပြီ။

အခု ကျူရှင် မသင်ရဘူးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားမိဘဖြစ်တဲ့ ကျွန်မတို့အနေနဲ့ ပြောရရင်တော့ ကျူရှင်သင်ခွင့်ပေးစေချင်ပါတယ်။ အခုခေတ်ဟာ ဘာဖြစ်ဖြစ် ဆန္ဒထုတ်ဖော်ပြသတဲ့ ခေတ်ကို ရောက်နေပါပြီ။ ဆရာ ဆရာမတွေ စုပြီး ဆိုင်းဘုတ်တွေကိုင် ဆန္ဒတွေပြကြရင်တော့ ကျောင်းသားအရေးအခင်း ဆရာ ဆရာမ အရေးခင် ဖြစ်မလာဘူးလို့ ပြောလို့မရပါဘူး။ အဲ့ဒီအတွက် ဆရာ ဆရာမတွေရဲ့ စားဝတ်နေရေး လူမှုရေးကိစ္စအဝဝကို စာနာ နားလည်ထောက်ထားမယ်ဆိုရင်ဖြင့် အထက်လူကြီးမင်းများ စဉ်းစားချင့်ချိန်ကြပါလို့ အကြံပြုလိုက်ပါတယ်ရှင်။

ဒေါ်ဧပရယ်မျိုးဝင်း ( ပုန်းထွန် )
 
ref: 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here