ဖော့ (ခေါ်) ပလိုင်း
ပအိုဝ်းအမျိုးသမီးတို့ အများဆုံးအသုံးပြုသော ရိုးရာလက်မှုပညာ ၀ါးနှီးဖြင့် ယက်လုပ်ထားသည့် မြန်မာအခေါ် ပလိုင်း အမျိုးအစားဝင် ခြင်းတောင်းတစ်မျိုး ဖြစ်ပါသည်။ ရိုးရိုးတောင်းမဟုတ်ဘဲ အမျိုးသမီးများနှင့် လိုက်ဖက်စွာ သေသေသပ်သပ် အထူးယက်လုပ်ထားသော လွယ်ကြိုးတပ်လှပသော တောင်းတစ်မျိုး ဖြစ်လေသည်။ ထိုဖော့အမျိုးအစားများကို ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲတွင် ပါဝင်သော ပက်ကော်ရွာနှင့် ဆောင်းနဲင်းရွာများတွင် အများဆုံးထွက်ရှိသော ရိုးရာလက်မှုပညာ အသုံးအဆောင်ပစ္စည်း တစ်မျိုးဖြစ်လေသည်။
အင်းလေးဒေသ၀န်းကျင်ရှိ ပအိုဝ်းကျေးရွာတစ်ရွာမှ ရရှိသော စစ်စေးသုတ် ရှေးဟောင်းလက်ရာ ဖော့ခေါ် အဖုံးပါ ပလိုင်းသည် လက်ရာသေသပ်လှပသည့်အပြင် ထမင်းဟင်းထည့်ပြီး လုံခြုံစွာ ပိတ်ထားပါက တစ်နေကုန် ထားသည့်တိုင် ထမင်းဟင်းများ အေးသွားခြင်း မရှိကြောင်း ထူးဆန်းစွာ တွေ့ရှိရပါသည်။ ရှေးဟောင်း အမွေအနှစ် ပစ္စည်းအဖြစ် ရေရည်ခံအောင် ထိန်းသိမ်းထားသင့်သော လက်ရာမြောက်ပစ္စည်း တစ်ခုဖြစ်ပါသည်။
တောင်းပျာ, (ခေါ်) ပလိုင်း
ပအိုဝ်းအမျိုးသားတို့၏ အသုံးအဆောင်တစ်ခု ဖြစ်သည်။ ဓားထည့်ရန် ရည်ရွယ်ကာ ပြုလုပ်ထားသော ခါးပတ်တွင် ချိတ်တွဲယူဆောင်နိုင်သော အရာမျိုးဖြစ်သည်။ အထူးသဖြင့် လက်သမားဆရာများအတွက် စူး၊ ဆောက်၊ တူ၊ သံထည့်သွင်း ယူဆောင်ရန် ပိုမိုအသုံးတည့်သော ပစ္စည်းမျိုးဖြစ်ပါသည်။ နှီးဝါးဖြင့် ယက်လုပ်ထားသော လက်မှုပညာ ပစ္စည်းမျိုးဖြစ်လေသည်။ ပအိုဝ်းလို တောင်းပျာ, ဟုခေါ်၍ မြန်မာလို ပလိုင်းဟုခေါ်ပါသည်။ ပလိုင်းအပြားပုံစံမျိုး ဖြစ်ပါသည်။
ပအိုဝ်းတို့၏ အနုပညာဗီဇဓာတ်ခံသည် ပျောက်ကင်းသွားခြင်းမရှိဘဲ အခြေအနေ အချိန်အခါ ပေးသည်နှင့် ရုန်းထရှင်သန်နိုင်ရန် အားအင်အပြည့် ရှိနေသည့်အဖြစ်ကို တွေ့မြင်နိုင်ပါသည်။ မြေတောင်မြှောက် ပေးနိုင်ရန်သာ လိုအပ်ပါသည်။ “ပေါ်ဦးလူ”ဟု အဓိပ္ပာယ် ရသော ပျူ (ပအိုဝ်း) လူမျိုးတို့သည် ဘာသာဘာဝ နေထိုင်ကျက်စားရင်း ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်း၊ ကြေးခေတ်၊ သံခေတ်၊ သမိုင်းတင်ခေတ်အထိ ယဉ်ကျေးမှုအတတ်ပညာများကို စွန့်ဦးတီထွင် ဖန်တီးခဲ့ လုပ်ကိုင်နိုင်ခဲ့ကြသည် ဖြစ်ပါသည်။ ပအိုဝ်းတို့၏ လက်ရာပစ္စည်းများသည် စားဝတ်နေရေးဆိုင်ရာ တောင်သူလယ်လုပ် ဓားမခုတ်ခြင်းအတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ပြုလုပ်ခဲ့ကြသည်။
အုတ်၊ ပြူးအဲပ်၊ တလင်း၊ ကောက်, စသည့်ယွန်းထည်ပစ္စည်းများ
ယွန်းထည်ပစ္စည်းများကို လုပ်ဆောင်နိုင်သော နည်းပညာများကို ပျူခေတ်ဟု ထင်ရှားခဲ့စဉ်ကပင် ပအိုဝ်းလူမျိုးများ တတ်မြောက်ပြီး ဖြစ်ကြောင်းသိရသည်။ တရုတ်တို့နှင့် အဆက်အသွယ်ရှိခဲ့သဖြင့် တရုတ်တို့ထံမှ ရရှိခဲ့ခြင်းဖြစ်မည်ဟု ဆိုသည်။ ရှေးကျလှသော ယွန်းထည်ပြုလုပ်မှု အတတ်ပညာကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသော်လည်း ယနေ့တိုင် ထိန်းသိမ်းလုပ်ဆောင် နိုင်နေသေးသည်မှာ ဂုဏ်ယူစရာ ဖြစ်ပါသည်။ လက်ရာသေသပ်ပြီး ကောင်းမွန်သော အဆင့်မြင့် ယွန်းထည်ပစ္စည်းများကို ကျောက်တစ်လုံး အရှေ့တောင် မကျတကျရှိ ဆောင်းဖိုးရွာ (နောင်ယာသဲုင်,တောင်ဘက်)နေ ဖြားကုဏ္ဏမား၏ သားမြေးများက လုပ်ကိုင်နေသေးကြောင်း သိရပါသည်။
အုတ် (အွုပ်)၊ ပြူးအဲပ် (ကွမ်းအစ်)၊ တလင်း (ဒေါင်းလန်း)၊ ကောက်, (ခွက်)စသည့် ယွန်းထည်ပစ္စည်းများအနက် ပအိုဝ်းတို့ အသုံးပိုမိုများပြားသော ယွန်းထည်ပစ္စည်း တစ်မျိုးမှာ ဒေါင်းလန်းခေါ် တလင်းသည် ဖြားကုဏ္ဏမား၏ သားမြေးများ လက်ရာက နာမည်ကြီးလေသည်။
မေနော်
ကျေးလက်နေ တောင်သူလယ်သမားများ၏ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သော ‘မေနော်’ သည် အသီးအရွက် ထည့်စရာတောင်းဟု အလွယ်ဆိုနိုင်သော်လည်း တောင်းအမျိုးမျိုးထဲမှ ကြက်သွန်ဖြူ နုတ်ရာတွင် အပင်ပြတ်သွားသော ကြက်သွန်ဥကို ပစ်ထည့်ရန် အသုံးပြုသော တောင်းတစ်မျိုးဖြစ်လေသည်။
ပနော်
ပနော်မှာ လင်ဘန်းကိုပင် ခေါ်ဆိုလေ့ ရှိပါသည်။ လက်မှုအနုပညာဖြင့် အထူးယက်လုပ်သော ကျေးလက်အသုံးအဆောင် တစ်မျိုး ဖြစ်သည်။ အချို့ဒေသတွင် ဘန်းဟုပင် ခေါ်ပါသည်။
ပအိုဝ်းတိုင်းရင်းသားများ၏ လူနေမှုဘ၀သည် သမိုင်းကြောင်း ခိုင်မာထင်ရှားခြင်း ရှိသကဲ့သို့ မှေးမှိန်ခြင်းများဖြင့်လည်း မကင်းနိုင်ခဲ့ပေ။ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ဟူသောစကားသည် ပအိုဝ်းတိုင်းရင်းသားများ၏ ဘ၀အတွက် လုံလောက်သောစကားဟု ဆိုနိုင်ပါသည်။ ပျူခေတ်အခါက အံ့သြဖွယ် ကောင်းသော အနုပညာလက်ရာများကို ရှေးဟောင်း အမွေအနှစ် ပစ္စည်းများအဖြစ် အမွေပေးထား နိုင်ခဲ့ကြလေသည်။ ထိုမျိုးရိုးဗီဇများသည် ပျူအဖြစ်မှ ပအိုဝ်းအဖြစ်သို့ ရွေ့လျောသွားသောအခါ ပျောက်ကွယ် ဆိတ်သုဉ်းသွားခြင်း ရှိမရှိကို စူးစမ်းလေ့လာရန် လိုအပ်မည်ဖြစ်ပါသည်။
ပျူတို့သည် ယဉ်ကျေးသိမ်မွေ့၏။ တီထွင်ကြံဆတတ်သော အသိဉာဏ်ပညာများနှင့် ပြည့်စုံခဲ့ကြပြီး ဖော်ရွေသော လူမျိုးများ အကြင်နာတရား ဂရုဏာတရား များနှင့်လည်း ပြည့်စုံသော လူမျိုးများ ဖြစ်လေသည်။ ပျူတို့၏ ပန်းဆယ်မျိုးဝင် အနုပညာလက်ရာဟောင်းများသည် အံ့မခန်းနိုင်လောက်အောင်ပင် လက်ရာမြောက် အဆင့်အတန်း မြင့်မားခဲ့ကြောင်း ထင်ရှားပါသည်။
ကမ္ဘာ့သမိုင်းမျက်နှာစာတွင် ပျူလူမျိုး၏ ဘ၀သည် စစ်ဘေးစစ်ဒဏ်ကို အလီလီခံစား ရင်ဆိုင်ကြုံတွေ့ ခဲ့ကြရဖူး၏။ ပျူအနုပညာရှင်များ၊ အတတ်ပညာရှင်များကို ဦးစားပေးပြီး မင်းဆွေမင်းမျိုးများနှင့်အတူ စစ်နိုင်ဘုရင်များ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများကို ခံကြရ၏။ ထို့ကြောင့် အတတ်ပညာရှင် အသိပညာရှင် များသည် မိမိတို့၏ အသိပညာ အတတ်ပညာများကို အတတ်နိုင်ဆုံး လျှို့ဝှက် ဖုံးကွယ်ပစ်ခဲ့ကြ၏။ ထင်ပေါ် ကျော်ကြားခြင်းကို မမက်မော မခုံမင်ကြတော့ပေ။
မိမိတို့ရိုးရာ အစဉ်အလာ အသုံးအဆောင်ပစ္စည်းများကိုပင် အမြတ်တနိုး တန်ဖိုးထား သိမ်းဆည်းဝံ့ခြင်း မရှိတော့ဘဲ စွန့်ပယ်ပစ်ခဲ့ကြရသော အဖြစ်များ ရှိခဲ့၏။ စစ်ဘေးသေဘေးနှင့် ကြုံဆုံလာရသောအခါ ပေးဆပ် ခဲ့ရခြင်းများ၏ တန်ဖိုးကို သတ်မှတ်ပြောဆိုနိုင်ရန် ခက်ခဲခဲ့ရလေသည်။
ပျူယဉ်ကျေးမှုသည် အဆက်ပြတ်ခဲ့သလော၊ မျိုးရိုးဗီဇသည်လည်းကောင်း၊ အနုပညာဗီဇတို့သည် လည်းကောင်း၊ မီး၌လှော်သော မျိုးစေ့ကဲ့သို့ လုံးဝပြာကျ ဆုံးရှုံးသွားရခြင်း ရှိလေသလော၊ ပတ္တမြားမှန် နွံမှာ နစ်သော်လည်း ပတ္တမြားအရည်အသွေး မပျက်ယွင်းဘဲ အစဉ်တည်သကဲ့သို့ ပျူတို့၏ အနုပညာဂုဏ်ဒြပ် ‘အမြုတေဓာတ်’သည် ပြာပူမီးရဲရဲ၌ ထူးဆန်းစွာ ရှင်သန်နေခဲ့မည်ဟု ဆိုပါလျှင် - (နောက်ပိုင်းတွင် ဆက်လက် ဖတ်ရှုရန်)