Friday, August 24, 2012

ပုရိသတို့ အိမ်နိမ့်စံရတော့မည်လော

1 comments

   ၂ဝ၁၁ ခုနှစ် ဦးပိုင်းမှစ၍ အမျိုးသမီးများ သည် အမေရိကန် လုပ်သားထု၏ အများစုဖြစ်လာ သည်။ အမျိုးသမီး ဝန်ထမ်းဦးရေ သည် အမျိုးသား များထက်ပိုလာသည်။ သမိုင်းတွင် ပထမဆုံး အကြိမ် အမျိုးသမီးဝန်ထမ်းဦးရေက ပိုလာခြင်း ဖြစ်သည်။ မန်နေဂျာ အများစုသည် အမျိုးသမီး များဖြစ်သည်။ ဘွဲ့ရအမျိုးသားနှစ်ဦးရှိတိုင်း အမျိုး သမီးဘွဲ့ရသုံးဦး ရှိနေ သည်။ လွန်ခဲ့သော နှစ်အနည်း ငယ်ကဆိုလျှင် အမျိုးသမီးများသည် အမျိုးသား များနှင့်တန်းတူ အခွင့်အရေးရရှိရန် ရုန်းကန်လှုပ် ရှားခဲ့ရသည်။ စက်မှုခေတ်လွန် လူ့အဖွဲ့အစည်း- post industrial society   သည် အမျိုးသမီးများနှင့် ပိုမိုသင့်တော်သည်ဟု ဆိုရမလိုပင် ဖြစ်လာသည်။
    ၁၉၇ဝ ပြည့်နှစ်တွင် ယောက်ျားလေးသန္ဓေ ကို ဖြစ်စေမည့် ဝိုင်ခရိုမိုဆုမ်းနှင့် မိန်းကလေး သန္ဓေဖြစ်စေသည့် အိတ်စ်ခရိုမိုဆုမ်း တို့ကို ခွဲခြားပေးနိုင်သည့်နည်းကို ဇီဝဗေဒပညာရှင် ရော်နယ်အဲရစ်ဆင် - Ronald Ericss-on  ကတွေ့ရှိခဲ့သည်။ ထိုနည်းဖြင့် ဇနီးမောင်နှံတို့သည် ယောက်ျားလေး၊ မိန်းကလေး ရွေးချယ်သန္ဓေယူလာကြသည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုတိုင်းလို သားယောက်ျားလေးကို သမီးမိန်းကလေးထက် ပိုမိုလိုလား ကြသည်။ လယ်ယာကို အမှီပြုရသောခေတ်ကို လူ့ယဉ်ကျေးမှု များ ဖြတ်သန်းရှင်သန်ခဲ့ရသည်။ လယ်ယာလုပ်ငန်းလုပ်နိုင်ရန်အတွက် အားကောင်းမောင်းသန် ယောက်ျားလေးများကိုလိုအပ်သည်။ ယင်းမှအစပြု၍ မိဘများသည် ဖို-မ ခွဲခြား၍ လိုလားမှု၊ ဦးစားပေးမှုများဖြစ်လာရသည်ဟုဆိုသည်။
    အဖို၊ အမ ခွဲခြားရွေးချယ်၍ သန္ဓေယူကြလျင် ဤကမ္ဘာကြီးသည် မဟာဖိုဝါဒီတို့ လွှမ်းမိုးကြီးစိုးရာအရပ် ဖြစ်တော့မည်ဟု စိုးရိမ်မှုများ တစ်ခေတ်တစ်ခါက ပေါ်လာဖူးသည်။ လွန်လေပြီးသော ကာလများတွင် အမျိုးသမီးများသည် သားရေးသမီးရေး၊ ချက်ပြုတ်ရေးတို့ဖြင့် အိမ်တွင်ပိတ်မိနေကာ ဒုတိယတန်းစား နိုင်ငံသားများဖြစ်နေခဲ့ရသည်။
    အဖအုပ်စိုးသော ဂရိစ်ယဉ်ကျေးမှုခေတ်ကာလတွင် အမျိုးသမီးများသည် သားယောက်ျား မမွေးနိုင်သည့်အတွက် ကိုယ့်ကိုယ် ကိုယ် သတ်သေကြရသလို၊ အသတ်လည်း ခံကြရသည်။ ထိုစဉ်က အမျိုးသမီးများသည် ယင်းတို့ကိုယ်တိုင် အမျိုးသမီး ဖြစ်နေ ရခြင်းကို ရွံရှာမုန်းတီးမိကြ သည်။ ယောက်ျားဘဝဆုပန်သည်ဆိုသည့် အလေ့အထပင်ထွန်းကားခဲ့သည်။   စက်မှုခေတ်လွန် ကာလ တွင် နည်းပညာတို့ ထွန်းကာလာသည်နှင့် အမျှ စက်မှုလုပ်ငန်းများ အပါအဝင် လုပ်ငန်းခွင်တွင် ခွန်အားအသုံးဝင် မှု လျော့ ကျလာသည်။ အရာရာတွင် စက်အင်အား အသုံးပြုလာသဖြင့် ကြွက်သားကို အသုံးချရန် မလိုတော့ ချေ။ အိုင်တီခေတ်၏ စီးပွားရေး တွင် လူမှုဆက်ဆံရေးသည် အရေးပါလာ သည်။ အမျိုးသမီးများသည်  လူမှု ဆက်ဆံရေးတွင် အမျိုးသားများ ထက် ပိုမိုကျွမ်းကျင် သည်။ အရိပ် အကဲကို ပိုမိုအာရုံသိလွယ်သည်။ အပြောအဆို ပါးနပ်သွက်လက်သည်။ ထို့ပြင် အမျိုးသမီးများသည် သဘာဝ အားဖြင့် အလုပ်နှစ်ခု၊ သုံးခုကို တစ်ပြိုင်တည်းလုပ်နိုင်ကြသည်။ ထမင်းအိုးတည်ရင်း၊ ကလေးကြည့် ရင်း အဝတ်လျှော်ခြင်း စသည် တို့ တွင် ကျင့်သားရနေသော မိန်းမသား များသည်လုပ်ငန်း ခွင်တွင်လည်း အလုပ်အများအပြား တစ်ပြိုင်တည်း လုပ်နိုင်စွမ်းရှိသည် ကို သုတေသနများ က တွေ့ရှိလာသည်။ အမျိုးသားများ မှာမူ တစ်ခုပြီးသည့်အခါ နောက်တစ်ခု ကို လုပ်ကိုင်သည့် သဘာဝမျိုးလွန် ကဲ ကြသည်ဟုဆိုသည်။
    ဘာသာစကားအရာတွင်လည်း အမျိုးသမီးက ပိုမိုကျွမ်းကျင်ကြသည်။ အိန္ဒိယပြည် ဆင်းရဲသောကျေးရွာများမှ အမျိုးသမီးများ သည် အင်္ဂလိပ်ဘာသာ သင်ယူရာတွင် အမျိုးသားများထက် ပိုမိုအတတ်မြန်သည်ကို တွေ့ရသည်။ တရုတ်ပြည်တွင် လုပ်ငန်း ၄ဝ ရာခိုင်နှုန်း ကို အမျိုးသမီးများက ပိုင်ဆိုင်ကြသည်။ အမျိုးသမီးလုပ်ငန်းရှင်များသည် ဖရာ ရေပြိုင်ကားအနီ တဝီဝီဖြင့် တရုတ်မြို့ကြီး များတွင် လမ်းသလားနေကြသည်။
    အိုက်စလန်ဝန်ကြီးချုပ် ဂျိုဟာ နာ ဆစ်ဂါဒတ်တိုတာသည် ကမ္ဘာ့ ပထမဆုံး ယောက်ျားလျာ ဝန်ကြီးချုပ် ဖြစ်သည်။ သူမသည် မိန်းမချင်း တိမ်းညွှတ်သူဖြစ်ကြောင်း အတိ အလင်း ကြေညာထားသည်။ နိုင်ငံ၏ ဘဏ်စနစ်ကို ယောက်ျားသားများ ဖျက်ဆီးပစ် ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် ပုရိသတို့၏ခေတ်ကို အဆုံး သတ်ရမည်ဟုြေ<ွကးကြော်ထားသည်။ 
    အမေရိကန်တွင် အမျိုးသားများ ကြီးစိုးနေဆဲဖြစ်သည်။ သို့သော် အမျိုးသမီးများ နေရာရလာမှုသည် မြင်သာထင်သာ ရှိနေပြီဖြစ် သည်။ အိမ်ထောင်စုတွင် ဖခင်ဖြစ်သူက အလုပ်ရှာနေပြီး မိခင်က ဝင်ငွေရှာရ သော မိသားစုများ တဖြည်းဖြည်းတိုး ပွားလာနေသည်။ ဖခင် တစ်ယောက် သည် မိသားစုအပေါ် သြဇာညောင်း ရန်  ယေဘုယျအားဖြင့် အချက်ငါး ချက် လိုအပ်သည်ဟု လူမှုရေးပညာရှင် များကဆိုသည်။ ဝင်ငွေရှာနိုင်မှု၊ အကျင့်သိက္ခာရှိမှု၊ လူမှုရေးအရမားမား ရပ်တည်နိုင်မှု၊ ကာယအစွမ်းဖြင့် မိသားစု အား ထောက် ကူပေးနိုင်မှု၊ အကာအကွယ်ပေးနိုင်မှုတို့ ဖြစ်သည်။ ထိုအချက်များသည် လွန်ခဲ့သော နှစ် ငါးဆယ်ခန့်က အရေးပါသော်လည်း ယခု အခါ မစပ်ဟပ်တော့သော အချက်များရှိလာသည်။ 
    တစ်ချိန်က ကားထုတ်လုပ် သောလုပ်ငန်းကဲ့သို့ လုပ်ငန်းများသည် လစာကောင်းကောင်းပေး၍ သန်စွမ်း သော အမျိုးသားများကို ငှားရမ်းခဲ့ သည်။ ယခုအခါ  ကားလုပ်ငန်းတွင် စက်များဖြင့် အစားထိုးထုတ်လုပ်လာ သဖြင့် အမျိုးသားအများအပြား အလုပ် လက်မဲ့ဖြစ်ရသည်။ ၂ဝဝဝ ပြည့် နှစ်မှစလျက် ယခုအချိန်အထိ စက်မှု ထုတ်ကုန်လုပ်ငန်းများမှ ကာယလုပ် သား ခြောက်သန်းကျော် ၏ အလုပ် အကိုင်များ ပျောက်ကွယ်သွားခဲ့သည်။ စီးပွားရေးပုံသဏ္ဌာန်ပြောင်းလဲမှု သည် ယောက်ျားသား များအပေါ် အညှာ အတာ ကင်းသည်ဟု ဆိုရမည်။ 
    နှစ်ဆယ်ရာစုနှောင်းပိုင်း လုပ်ငန်း များသည် ကာယစွမ်းအားထက် ဦး နှောက်စွမ်းအားကို ပိုမိုအလိုရှိသည်။  ကင်းဆပ်မြို့သည် ယခင်က သံမဏိ ထုတ်လုပ်ရာ အချက်အချာဖြစ်ခဲ့သော် လည်း ယခုအခါ ဆေးဝါးထုတ်လုပ် ရေးနှင့် သတင်းအချက်အလက်နည်း ပညာ လုပ်ငန်းများသို့ ကူးပြောင်းလုပ် ကိုင်ကြသဖြင့် သံမဏိလုပ်ငန်းတွင် လုပ်ကိုင်ခဲ့သော ကာယလုပ်သားကြီး များသည် အခြေအနေသစ်တွင် အံမဝင်တော့။
    ဆောက်လုပ်ရေး လုပ်ငန်းများ စခန်းထလာသည့်အချိန်တွင် ကာယ လုပ်သားများ အခြေအနေ ပြန်ကောင်း လာသော်လည်း၊ အိမ်ခြံမြေ ဈေးကွက် ပြိုလဲမှုကြောင့် အလုပ်လက်မဲ့ဖြစ် ကြရပြန်သည်။ ၁၉၅ဝ ပြည့်နှစ်တွင် အလုပ်လုပ်နိုင်သည့် အမျိုးသား အရွယ်ကောင်းများအနက် အယောက် နှစ်ဆယ်လျှင် တစ်ယောက်မှာ အလုပ် လက်မဲ့ဖြစ်သည်။ ယခုအခါ ငါး ယောက်လျှင် တစ်ယောက်မှာ အလုပ်လက်မဲ့ဖြစ်နေသည်။ စီးပွားရေး အတက်အကျဖြစ်တိုင်း အလုပ်လက် မဲ့ ဖြစ်ကြရသည်မှာ အမျိုးသားအများ စုဖြစ်သည်။ ကာယစွမ်းအားကို အား ပြုရသည့် လုပ်ငန်းများဖြစ်သော စက်မှု ထုတ်ကုန်နှင့် ဆောက်လုပ်ရေးလုပ် ငန်းတွင် လုပ်သားကိုးဆယ်ရာနှုန်း ကျော်မှာ အမျိုးသားများဖြစ်သည်။ ထိုလုပ်ငန်းများသည် အတက်အကျ မကြာခဏဖြစ်တတ်သော လုပ်ငန်း ဖြစ်သဖြင့် အလုပ်လက်မဲ့ဖြစ်သောအခါ အမျိုးသားအများစု ဖြစ်နေသည်။ 
    လာမည့်ဆယ်စုနှစ်တွင် တိုးပွား စည်ပင်လာမည့် အလုပ်အကိုင် ၁၅ မျိုးရှိသည်။ ထိုအလုပ်အကိုင်များ အနက် အမျိုးသားဦးရေက ဦးဆောင် နေသည့် အလုပ်နှစ်မျိုးသာ ရှိတော့ သည်။ အဆောက်အအုံထိန်းနှင့် ကွန်ပျူတာအင်ဂျင်နီယာ ဖြစ်သည်။ သူနာပြု၊  ကျန်းမာရေးလက်ထောက်၊ ကလေးထိန်း၊ အစားအသောက်ပြင် ဆင် ချက်ပြုတ်ခြင်း အလုပ်တို့တွင် အမျိုးသမီးများက ပြိုင်ဘက်မရှိ ဦးဆောင်နေသည်။ ထိုအလုပ်များကို ယခင်က အိမ်တွင် အမျိုးသမီးများက အခမဲ့ လုပ်ပေးနေရသော အလုပ်များ ဖြစ်သည်။ ယခုအခါ ထိုအလုပ်များ သည်  ဝင်ငွေကောင်းသော အလုပ် အကိုင်များ ဖြစ်လာသည်။ 
    အမျိုးသမီးများ၏ သဘာဝနှင့် ဗီဇအရ ထိုအလုပ်များသည် အမျိုး သမီးများနှင့် အသင့်တော်ဆုံး ဖြစ်နေ သည်။ ထိုအလုပ်များကို အမျိုးသား များ မလုပ်နိုင်သည်တော့ မဟုတ်ပေ။ အမျိုးသားများသည် ထိုလုပ်ငန်းများ တွင် အံဝင်ခွင်ကျရန် စရိုက်ကို ပြင် ကြရ မည်။ အမျိုးသားများသည် ပြောင်းလဲရန် ခက်နေကြသည်။ သူနာ ပြုသင်တန်းများသည် အမျိုးသားများ ကို လမ်းဖွင့်ပေးသော် လည်း များများ စားစားမရခဲ့။ အမျိုးသားများသည် သမားရိုးကျ ကန့်သတ်ထားမှုထဲတွင် အကျဉ်းကျနေကြသည်။
    လွန်ခဲ့သော နှစ်တစ်ရာကျော်က အမျိုးသမီးများနှင့် ကိုက်ညီခြင်းမရှိ သည့်အပြင် သူတို့၏သဘာဝနှင့် လိုက်လျောညီထွေမရှိဟု ယူဆရသော စက်ရုံအလုပ်ရုံများတွင် အခြေအနေ ရ  မတတ်သာဘဲ ဝင်ရောက်လုပ်ကိုင် ခဲ့ကြရသည်။ သူတို့သည် အပျိုဘဝ၊ အိမ်ထောင်သည်ဘဝ၊ သားသည်မိခင် ဘဝသို့တိုင်အောင် လုပ်ကိုင်ကြရ သည်။
    အချို့သော အသက်မွေးမှုများ သည် ယောက်ျားသားများ အတွက် သီးသန့်လိုဖြစ်ခဲ့သော်လည်း ထိုလုပ် ငန်းခွင်များတွင် ယခုအခါ အမျိုးသမီး အများအပြား လုပ်ကိုင်နေကြသည်ကို မြင်တွေ့ရသည်။
    ယခုအခါ အမျိုးသမီးများသည် အလယ်အလတ် စီမံခန့်ခွဲရေးရာထူး များကို အုပ်စီးမိထားသည်။ ပရော် ဖက်ရှင်နယ် အလုပ်များတွင်လည်း အမျိုးသမီးများ တဖြည်းဖြည်းနေရာ ရလာသည်။ အမေရိကန် အလုပ် သမား ဝန်ကြီးဌာန၏ စာရင်းဇယား များအရ  စီမံခန့်ခွဲရေးနှင့် ပရော် ဖက်ရှင်နယ် ရာထူးနေရာများ၏ ၅၁.၄ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သည်။ ၁၉၈ဝ ခုနှစ်က ထိုရာထူး နေရာများတွင် အမျိုးသမီး ၂၆.၁  ရာခိုင်နှုန်းသာရှိခဲ့သည်။ စာရင်းကိုင်၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းများ တွင် အမျိုးသမီးဦးရေသည် ၅၄ ရာခိုင်နှုန်းရှိသည်။ ထိုလုပ်ငန်းများ တွင် အမျိုးသမီးဦးရေ  တရိပ်ရိပ်တိုး ပွားလျက်ရှိသည်။
    အမေရိကန်တွင် ဆရာဝန် သုံးပုံ တစ်ပုံမှာ အမျိုးသမီးများဖြစ်ကြသည်။ အမျိုးသမီးလုပ်သားထု ၏ ၄၅ရာနှုန်း သည် ဥပဒေအတိုင်ပင်ခံ လုပ်ငန်းတွင် လုပ်ကိုင်နေကြသည်။ ဆက်ဆံပြောဆို မှု၊ လူမှုရေးတတ်သိလိမ္မာမှုနှင့် အကင်းပါးမှုတွင် အမျိုးသမီး များသည် အမျိုးသားများထက် နှတစ်ဖျားသာသည်ဟု သုတေသီများကဆို သည်။ ယနေ့ခေတ် အလုပ်အကိုင် များတွင် အဆင့်မြင့် ပညာနှင့် ဘွဲ့များ အထူးလိုအပ်လာသည်။ လေ့လာ ကျက်မှတ်မှုတွင် အမျိုးသမီးများသည် အမျိုးသားများထက် သာလွန်သည့် အတွက် အလုပ်အကိုင်များတွင် အမျိုးသမီးဦးရေတိုးတက်ပွားများလာသည် မှာ မဆန်းလှပေ။ သင်္ဘောကျင်း၊ အိမ် ခြံမြေ၊ ကျောက် မီးသွေး၊ သံမဏိနှင့် စက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း များတွင် အမျိုးသမီးဝန်ထမ်းဦးရေ နည်းပါးသည်။ 
    မြို့ကြီးပြကြီးများတွင် မြေနေရာ ဈေးအဆမတန် ကြီးမြင့်လာသည့် အတွက် လုပ်ငန်းရှင်များသည် ဈေးချို သော၊ ပညာတတ် အမျိုးသမီးလုပ် သားများ အလွယ်တကူ သွားလာနိုင် သည့် လူလတ်တန်းစားများ နေထိုင် ရာ ဆင်ခြေဖုံးဒေသများသို့ အလုပ်ဌာ နများကို ရွှေ့လာကြသည်။
    ခွန်အားဗလ မလိုအပ်သော အလုပ်များ ပေါ်ထွန်းလာသည့်အခါ အလုပ်ရှင်များသည် အမျိုးသားများ ထက် အမျိုးသမီးများကို ပိုမိုခန့်ထား လာသည်။ ယင်းတို့အား လုပ်ငန်းခွင် တွင် သက်သောင့်သက်သာရှိစေရန် ဖန်တီးပေးထားပါက အမျိုးသမီးများ သည် အမျိုးသားများထက် ပါးနပ် သွက်လက်သည်၊ တာဝန်ကျေသည်၊ စိတ်ချရသည်။
    အလယ်အလတ် ရာထူးနေရာ များတွင် အမျိုးသမီးထု တိုးပွားလာ သော်လည်း ထိပ်ဆုံးရာထူးများတွင် မူ အမျိုးသမီး အရေအတွက် နည်းပါး နေဆဲဖြစ်သည်။ ဖော်ကျွန်းမဂ္ဂဇင်း ၏ ထိပ်ဆုံး ကုမ္ပဏီ ငါးရာစာရင်းတွင် အမျိုးသမီးစီအီးအို ၁၈ ယောက်သာ ရှိသဖြင့်၊ စီအီးအို စုစုပေါင်း၏ ၃.၆ ရာခိုင်နှုန်းသာ အမျိုးသမီးများဖြစ်ကြ သည်။ ယင်းသို့ နည်းပါးနေသော် လည်း သူတို့လစာသည် ပျမ်းမျှအား ဖြင့် အမျိုးသားများထက် ၄၃ ရာခိုင် နှုန်း ပိုရသည်ဟုဆိုသည်။
    အမျိုးသမီးဝန်ထမ်းများ မရှောင် သာဘဲ တွေ့ရသော အခက်အခဲမှာ နို့စို့ အရွယ်ကလေး၏ မိခင်ဘဝဖြစ်သည်။ ဝန်ထမ်းများ၏ ဘဝအပိုင်းအခြားများ ၏ ဖြစ်စဉ်များနှင့် လိုက်ဖက်ညီထွေ ဖြစ်စေမည့် အလုပ်ချိန်ဇယား- flexi time programme  ကို အလုပ်ရှင် များကတီထွင်ပေးထားသည်။ အလုပ် ချိန်နှင့် မိခင်တာဝန် ထမ်းဆောင်ရသည့်အချိန်ကို ညှိပေးသော အစီအစဉ်ဖြစ်သည်။ အလုပ်ရှင် များသည် အရည်အချင်းရှိသော မိခင် ဝန်ထမ်း များကို မဆုံးရှုံးလိုသည့်အတွက် ယင်းသို့ စီစဉ်ပေးခြင်းဖြစ်သည်။ 
    လုပ်ငန်းတစ်ခု၏ ခေါင်းဆောင် ဖြစ်ရန် လိုအပ်သည့် အရည်အချင်းမှာ တွန်းတွန်းတိုက်တိုက်နှင့် အပြိုင်အဆိုင် လုပ်နိုင် စွမ်းရှိရမည်၊  ထိုအရည်အချင်း မှာ ယောက်ျားသားအများစုတွင် သဘာ ဝအရရှိနှင့်နေပြီး ဖြစ်သည်ဟု အစဉ် အလာအရ ယုံကြည် ကြသည်။  စမ်းသပ်ခန်းများတွင် ဆန်းစစ်ချက်အရ ယင်းအရည်အချင်းများတွင် မိန်းမနှင့် ယောက်ျား သူမသာကိုယ်မသာ ဖြစ်သည် ဟုသိရသည်။ 
    အဖို-အမ ဟိုမုန်းတို့သည် လူ သား၏ ဆုံးဖြတ်ချက်အပေါ်တွင် မည်သို့သက်ရောက်မှုရှိသည်ကို မသိရသေးပေ။ အမျိုးသမီးဦးဆောင်သည့် လုပ်ငန်းသည် တီထွင်ဖန်တီးမှုကို ဗဟိုပြုလုပ်ကိုင်သည်ဆိုပါလျှင် အမျိုး သားဦးဆောင်သော လုပ်ငန်း ထက် ပိုမို အောင်မြင်သည်ကို မေရီလင်နှင့် ကိုလံ ဘီယာတက္ကသိုလ် သုတေသနပြု ချက်များအရ သိရသည်။
    အမျိုးသမီး ဦးဆောင်သည့် လုပ်ငန်းများသည် ဟရဟိတကို အားပေးသည်။ အချို့လုပ်ငန်းရှင် အမျိုးသမီးများသည် ဝန်ထမ်းများ အား လစာပြည့်ဖြင့် စေတနာ့ဝန်ထမ်းလုပ်ငန်းတွင် ပါဝင်ရန်စီစဉ်ပေးသည်။ ကုမ္ပဏီဝင်ငွေမှ အချိုးကျရာခိုင်နှုန်းကို လူမှုရေးလုပ်ငန်း များသို့ လှူဒါန်းသည်။ အမျိုးသမီးများသည် လုပ်ငန်းဆောင် ရွက်ရာတွင် အထက်အောက် အမိန့် ပေးသည့် သဘောမျိုးမဟုတ်ဘဲ တက်ညီလက်ညီ၊ ဒိုးတူပေါင်ဖက် အလုပ်လုပ်သည်။ လုပ်ပိုင်ခွင့်ကိုမျှပေး သည်။ ဆက်သွယ်လုပ်ကိုင်ရာတွင် အထက်အောက် မဟုတ်ဘဲ၊ ဝဲယာ လမ်းကြောင်းများကိုလည်း အသုံးပြု သည်။ သတင်းအချက်အလက်ကို ဝန်ထမ်းများအကြား ကျယ် ကျယ်ပြန့် ပြန့်သိရှိစေရန် မျှဝေပေးခြင်းဖြစ် သည်။
    အချို့အမျိုးသမီး လုပ်ငန်းရှင်များ သည် လစာပေးမည့်အစား လုပ်အားခ ကို နာရီဖြင့်တွက်၍ပေးသည်။ သာမန် အားဖြင့်ဆိုလျှင် တစ်ပတ်လျှင် နာရီ လေးဆယ်ထက် ပိုအလုပ်လုပ်ရသဖြင့် ရရှိလာသော အကျိုးအမြတ်သည် အလုပ်ရှင်အဖို့ သပိတ်ဝင် အိတ်ဝင် ဖြစ်သည်။ အလုပ်လာအပ်သူအတွက် အလုပ်ပိုလုပ်ပေးရသဖြင့် အခကြေးငွေ ပိုမို တောင်းခံသည့်အခါ အမျိုးသမီး အလုပ်ရှင်များသည် ရရှိသောအပိုကြေး ကို လုပ်သားများအား ခွဲဝေပေးလေ့ရှိ သည်။ အမျိုးသမီးများသည် အမျိုး သားများထက် မျှတမှုကို ပိုမိုအလေး ထားကြသည်။
    လူလတ်တန်းစားနှင့် လူလတ် တန်းစားအပေါ်လွှာတို့သို့ ဝင်ရောက် နိုင်ရန်မှာ ကောလိပ်ဟူသည့် ဂိတ် တံခါးကို ဖြတ်သန်း ဝင်ရောက်ရမည် ကို လူတိုင်းသိရှိ နားလည်လာကြ သည်။ လူလတ်တန်းစားသည် အမေ ရိကန်တွင် အများဆုံးဖြစ်ပြီး၊ ထိုလူ လတ် တန်းစားကပင်လျှင် အမေရိ ကန် လူ့အဖွဲ့အစည်းကို ပုံဖော်နေခြင်း ဖြစ်သည်။ လာမည့် ဆယ်စုနှစ်များ တွင် လူလတ်တန်းစား ကို အမျိုးသမီး ထုက လွှမ်းမိုးထားလိမ့်မည်။
    တက္ကသိုလ်များတွင် မဟာဘွဲ့ ယူမည့်သူ ၆ဝ ရာခိုင်နှုန်းသည် အမျိုး သမီးများဖြစ်ကြသည်။ ယင်းတို့ အနက် တစ်ဝက်သည် ဥပဒေနှင့် ဆေးပညာ မဟာဘွဲ့များဖြစ်ကြသည်။ ၄၂ ရာခိုင်နှုန်းမှာ အမ်ဘီအေဘွဲ့ ယူကြ မည့်သူများဖြစ်သည်။ ယခု အချိန်တွင် ဘွဲ့ရသူ ၆ဝ ရာခိုင်နှုန်းနီးပါးသည် အမျိုးသမီးများဖြစ်ကြသည်။ ထို့ ကြောင့် တက္ကသိုလ်များသည် ကျောင်း သားများ ပိုမိုဝင်ရောက် လာစေရန် နည်းလမ်းများ ကြံဆလျက်ရှိသည်။ 
    အမျိုးသား၊ အမျိုးသမီး ဝင်ငွေ ကွာဟမှု ရှိနေဆဲဖြစ်သည်။ အလုပ်တူ၊ အရည်အချင်းတူ ဖြစ်သော်လည်း အမျိုးသားများသည် အမျိုးသမီးများ ထက် ဝင်ငွေပိုရကြသည်။ အသက် ၂၅ နှစ်မှ ၃၄ နှစ် အတွင်းရှိ အထက် တန်းအောင်လက်မှတ် ရထားသည့် အမျိုးသမီးများ၏ တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ  ဒေါ်လာ ၂၅၄၇၄ ဖြစ်ပြီး အသက်တူ၊ အရည်ချင်းတူ အမျိုး သားများ၏ တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ ဒေါ်လာ ၃၂၄၆၉ ဖြစ်သည်။
    ပညာခေတ်ဖြစ်သည်နှင့် အညီ ပညာမတတ်လျှင် လုပ်ငန်းခွင် မဝင် နိုင်တော့သည့် အခြေအနေမျိုးဖြစ်လာ သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်၊  သုံးဆယ်ကဆိုလျှင် ပညာမပြည့်စုံ သည့်တိုင် အမေရိကန်တွင် အလုပ် အကိုင်ကပေါများသည်။ ပရင်စတန် တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဟင်နရီဖါဗာ- Henry Farber  က ''လွန်ခဲ့တဲ့အနှစ်သုံးဆယ် လေးဆယ် ကဆိုရင် အထက်တန်း ပညာမတတ် ဦးတော့၊ အလုပ်ရဖို့လွယ်တယ်။ တစ်ရေးနိုးထရှာ အလုပ်ကရတာပဲ။ စက်မှုလုပ်ငန်းတွေမှာ အလုပ်တွေပေါမှ ပေါ။ အခုတော့ အဲဒီလို အလုပ်မျိုး တွေ မရှိတော့ဘူး''ဟု ပြောသည်။
    ၁၉၈ဝ ပြည့်လွန်နှစ်များမှစ လျက် ပညာရေးအဆင့်တိုင်းတွင် ယောက်ျားဦးရေ ကျဆင်းလာခြင်းကို ပညာရှင်များက အထိတ် တလန့် အဖြေရှာကြသည်။ ဦးနှောက်အနေ အထားမတူခြင်းကြောင့်၊ စာရေးစာ ကျက်လုပ်ရခြင်းကို ယောက်ျားလေး များ စိတ်မဝင် စားခြင်းကြောင့် စသဖြင့် အမျိုးမျိုး ကောက်ချက်ချကြသည်။
    အလုပ်အကိုင်ဈေးကွက်၏ လို အပ်ချက်စံများအတိုင်း ကျောင်းများ၏ စံများကလည်း ပြောင်းလာကြသည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ အာရုံ စူးစိုက်မှု၊ အရေးအသား အပြောဆို ကျွမ်းကျင်မှုနှင့် ကျက်မှတ်မှုတို့ကို ကျောင်းများက အလေးထားလာကြ သည်။ ထိုနေရာများတွင် မိန်းကလေး များက ယောက်ျားလေးများထက် ပိုမို ထူးချွန်ကြသည်။
    ယောက်ျားလေးများကို ဆွဲ ဆောင်နိုင်ရန် ယောက်ျားလေး သီး သန့်ကျောင်းများ တည်ထောင်ခြင်း၊ ကျောင်းသားများကို စာသင်ခန်းအတွင်း လွတ်လပ်စွာသွားလာခွင့်ပြုခြင်း၊ စာမေးပွဲခွင့်ပြုချိန်ပိုပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်နှင့်မေးခွန်းများအားယောက်ျားလေး များ စိတ် ဝင်စားအောင် ဖန်တီးပေးခြင်းတို့ လုပ်ဆောင်ပေး သည်။ တစ်ချိန်က မိန်းကလေးများ ကျောင်းတက်လာစေရန် အလားတူ ဆွဲဆောင်မှုများ ပြုလုပ်ခဲ့ရဖူးသည်။ 
    သမိုင်းခေတ်ဦးကတည်းက လူ့အဖွဲ့အစည်းကို ယောက်ျားသားတို့ လွှမ်းမိုးချုပ်ကိုင်ခဲ့သည်။ သို့သော် ထို အချင်းအရာသည် ယခုအခါ လျင်မြန် စွာ ပြောင်းလဲစပြုနေပြီဖြစ်သည်။ စီးပွားရေးနှင့် လူမှုရေး အပြောင်းအလဲ များသည် တစ်ခုနှင့်တစ်ခု အပြန် အလှန်အားဖြည့်သော သဘောရှိသည်။  ကမ္ဘာ့စီးပွားရေး အရွှေ့အပြောင်းသည် မိန်းမသားတို့အား အခွင့်သာစေလာ သည်။
    လွန်ခဲ့သော ရာစုနှစ်များစွာက တောင်ကိုးရီးယား လူ့အဖွဲ့အစည်း သည် အဖအုပ်စိုးသော ယဉ်ကျေးမှု လွှမ်းမိုးထွန်းကား ခဲ့သည်။ ယောက်ျား လေးမထွန်းကားနိုင်သော ဇနီးမယား သည် ကျေးကျွန်ကဲ့သို့ ဆက်ဆံခံရ သည်။ မွေးထားသည့် သမီး မိန်းကလေးကို သေပါစေဟု ဆုတောင်းကြ သည်။ မိုးနတ်မင်းက သတ်ပေးပါ ဟု ဆုတောင်းကြသည်။
    ၁၉၇ဝ ပြည့်လွန်နှစ်များမှ စလျက် အစိုးရသည် ခေတ်သစ် စက် မှုတော်လှန်ရေးကို စတင်အကောင် အထည်ဖော်ကာ အမျိုးသမီးများကို လုပ်ငန်းခွင်ဝင်လာစေရန် အားပေး သည်။ မိန်းကလေးများ မြို့ပြသို့ ပြောင်းရွှေ့လာကာ တက္ကသိုလ်တက် ကြသည်။ လုပ်ငန်းခွင်ဝင်ကြသည်။ အမျိုးသမီးများဘဝသည် လျင်မြန်စွာ တိုးတက်လာသည်။ စက်ရုံအလုပ် သမမှ စာရေးစာချီဖြစ် လာသည်။ ထိုမှ တစ်ဆင့် ပရောက်ဖက်ရှင်နယ် အလုပ်များတွင် ဝင်ဆန့်လာသည်။
    ၁၉၉ဝ ပြည့်နှစ်တွင် ပြင်ဆင် လိုက်သော ဥပဒေအရ ကွာရှင်းသည့် အခါ အမျိုးသမီးများသည် ကလေး ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်၊ အမွေ ရပိုင်ခွင့်တို့ ရလာသည်။ ၁၉၈၅ ခု စစ်တမ်းအရ ကိုရီးယားအမျိုးသမီး ငါးဆယ်ရာခိုင်နှုန်းသည် သား ယောက်ျားလေး မွေးဖွားလိုကြသည် ဟုသိရသည်။ ၂ဝဝ၃ ခုနှစ်တွင် ကောက်ယူသောစစ်တမ်းတွင် သား ယောက်ျားလေး လိုချင်သည့် ရာခိုင် နှုန်းမှာ ၁၅ ရာနှုန်းသာ ရှိတော့သည်။
    ကမ္ဘာ့ လူဦးရေကျွမ်းကျင်ပညာရှင် မော်နီကာဂုပတားက ''အပြောင်း အလဲကမြန်လွန်းတော့ ယုံတောင်မယုံ နိုင်ဘူး'' ဟုပြော သည်။ တရုတ်နှင့် အိန္ဒိယတို့တွင် ယင်းကဲ့သို့ပြောင်းလဲ လာနေသည်ကိုတွေ့ရသည်။
    ယနေ့ခေတ် စီးပွားရေးတွင် ခွန်အားဗလထက်၊ တွေးခေါ်မြော်မြင် နိုင်မှု၊ အကင်းပါးမှု၊ ပြေပြစ်စွာဆက်ဆံ ပြောဆိုနိုင်မှုတို့က ပိုမိုအရေးပါလာ သည့်အတွက် ယောက်ျားသားတို့ အခန်းကဏ္ဍ မှေးမှိန်လာရသည်ဟု ယူဆဖွယ်ရာဖြစ်သည်။ စီးပွာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်ရေး အဖွဲ့- Organization for Economic Cooperation and Development- OECD  က ၂ဝဝ၆ ခုနှစ်တွင် နိုင်ငံ ပေါင်း ၁၆၂ နိုင်ငံတွင် အမျိုးသမီးများ ၏ စီးပွားရေးနှင့် နိုင်ငံရေးအခွင့် အာဏာနှင့်ပတ်သက်သော သုတေသ န စစ်တမ်းများကောက်ယူခဲ့သည်။ ခြွင်းချက်အချို့မှလွဲ၍ အမျိုးသမီးများ တွင် လုပ်ပိုင်ခွင့်ပိုရှိသော တိုင်းပြည် များသည် ပိုမိုတိုး တက်သည်ကိုတွေ့ရ သည်။
    အကူအညီပေးရေး အေဂျင်စီ များသည် ထိုအချက်ကိုသဘော ပေါက်လာသည့်အတွက် အမျိုးသမီး များ နိုင်ငံရေးကဏ္ဍတွင် ပါဝင်လာနိုင် ရန် အကူအညီများပေးသည်။
    ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ စိတ်ပညာ ရှင်များအဆိုအရ  ယောက်ျားသားများ ကို ခွန်အားဗလရှိရန်၊ လျင်မြန်စွာလှုပ် ရှားနိုင်ရန် သဘာဝတရားက ဖန်တီး ပေးထားသည်။ သို့မှသာ ကျောက် ခေတ်တွင်ရှားပါးလှသော အစာရေစာ ကို အပြိုင်အဆိုင် လုယူ စားသောက် နိုင်မည်။ မိသားစုအား ဝလင်စွာ ကျွေး မွေးနိုင်မည်သည်။ ထို့ကြောင့် အပြိုင် အဆိုင် ကြီးမားပြင်းထန်သော ဝေါစ ထရီကဲ့သို့ စတော့ဈေးကွက် စီးပွား ရေးလုပ်ငန်းတွင် ယောက်ျားသားတို့ လွှမ်းမိုးကြီးစိုးထားခြင်းဖြစ်သည် ဟု ထောက်ပြကြသည်။ 
    မိန်းမသားများမှာမူ အစာရေစာ ကို ဖူလုံစွာရှာဖွေပေးနိုင်မည့် အဖော်ကို ရှာဖွေနိုင်ရန်၊ ကိုယ်ဝန်ဆောင်ရန်၊ သားသမီးများကို ပြုစုစောင့်ရှောက်ရန် ဗီဇကို သဘာဝတရားက ပေးအပ် ထားသည်။ ယင်းသို့ဖြင့် အဖိုနှင့် အမ တို့သည် ဇီဝဗေဒက ပြဋ္ဌာန်းထား သော တာဝန်များကို သမိုင်းတစ် လျှောက် ထမ်းဆောင်ခဲ့ကြရသည်။ ထိုကဲ့သို့ ထမ်းဆောင်နေရခြင်းသည် ယခုအခါ နိဋ္ဌိတံသွားပြီဆိုလျှင်၊ စက်မှု ခေတ်လွန် စီးပွားရေးအနေအထား သည် အမျိုးသမီးများနှင့် ပိုမိုအံဝင် ခွင်ကျဖြစ်သည်ဆိုလျှင် အကျိုးဆက် များသည် မည်သို့ရှိမည်ကို ပညာရှင် များ မှန်းဆတွေးခေါ်နေကြသည်။
    လုပ်ငန်းခွင်တွင် အမျိုးသားနှင့် အမျိုးသမီး အချိုးအစားသာ ပြောင်းလဲ လာသည်မဟုတ်။ အမျိုးသမီးများ သည် ပိုမို အမျိုးသား ဆန်လာသည် ကိုတွေ့နေရသည်။ တစ်ချိန်ကဆို လျှင် ဟောလီဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာတို့သည် ဆယ်ကျော်သက် ရွယ် မိန်းကလေးများနှင့် ပလူးခဲ့ကြ သည်။  ယခုအခါ ဟောလီဝုဒ်ရုပ်ရှင် မင်းသမီးတို့သည် ယင်းတို့ထက် အနှစ်အစိတ်ငယ်သော လူငယ်လေး များကို ထည်လဲတွဲနေကြသည်။ 
    သက်လတ်ပိုင်း အမျိုးသမီးများ ရာဇဝတ်မှုကျူးလွန်ခြင်းသည် ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်းတွင် အဆမတန် များပြားလာသည် ကို တွေ့ရသည်။ အသေခံဗုံးခွဲသူများတွင် အမျိုးသမီးဦးရေများလာသည်။ အကောင်းအဆိုးဒွန်တွဲနေတတ်သည့်သဘာဝကြောင်   လောမသိ။ အမျိုးသမီးများ၏ အနုတ် လက္ခဏာ အပိုင်းသည်လည်း တိုးပွား လာသည်။
    အမျိုးသားနှင့် အမျိုးသမီးများ နေရာ အပြောင်းအလဲဖြစ်ခြင်းသည် ယာယီမျှသာဖြစ်သည်ဟု အချို့ လူမှု ရေးသိပ္ပံပညာရှင်များက ဆိုသည်။ လုပ်ငန်းခွင်တွင် အမျိုးသမီးများ တိုး ပွားနေသည် ဆိုဦးတော့ တစ်ချိန်ချိန် တွင် ထိုဖြစ်စဉ်သည် တုံ့ဆိုင်း ပြီး နောက်သို့ ပင် ပြန်ဆုတ်သွားနိုင်သည် ဟုဆိုသည်။  ဤသည်မှာ မှန်းဆ တွေးတောချက်သာဖြစ်ပြီး ကံသေ ကံမ မပြောနိုင်ပေ။
ayetunmin@gmail.com
Ref: The End of Men
အေးထွန်းမင်း

One Response so far.

  1. Unknown says:

    ကျယ်ပြန့် တဲ့ ပရိသတ်ဖတ်ရှုနိုင်စေဖို့ တင်ပြပေး တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    အေးထွန်းမင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here