Friday, August 24, 2012

ဆင်းရဲမှုလျော့ချရေး သမ၀ါယမက ဆောင်ရွက်ပေး (ဆောင်းပါး)

0 comments
ဒီဘက်ခေတ် သမဝါယမများ လူမှုစီးပွား ဆောင်ရွက်မှု၊ အသင်းသား အကျိုးပြု မှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်၏ ကဏ္ဍတစ်ရပ် ကို အောင်မြင်စွာ အကောင်အ ထည် ဖော်ရေးတို့တွင် အားသွန်ခွန်စိုက် စွမ်းစွမ်းတမံ ဆောင်ရွက် နေမှုတွေက မြန်မာ့ သမဝါယမ အစဉ်ရှင်သန် ဖွံ့ဖြိုးရေးကို ဆောင်ရွက် နေသည်ဟု ဆိုချင်ပါသည်။ ကမ္ဘာတွင် သမဝါယမများ ရှင်သန် ဖွံ့ဖြိုးနေသလို ၁၉ဝ၄ ခုနှစ်တွင် စတင် သန္ဓေ တည်ခဲ့သည့် မြန်မာ့ သမဝါယမသည် (၁ဝ၈)နှစ် အတွင်း မြန်မာ့ မြေပေါ်တွင် ရှင်သန် ရပ်တည် နေနိုင်ခဲ့ပါသည်။ ၁၉ဝ၄ ခုနှစ် ဒီဇင်ဘာလတွင် သမဝါယမ ဌာနကို ပြင်ဦးလွင်(ယခင်မေမြို့)မြို့၌ တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး သမဝါယမမင်းကြီး မှာMr.Fielding Hallဖြစ်သည်။ ၁၉ဝ၅ ခုနှစ် ဇန်နဝါရီ ၃ ရက် စစ်ကိုင်းခရိုင် မြင်းမူ ငွေစုငွေချေး သမဝါယမ အသင်းကို စတင်ဖွဲ့စည်းခဲ့ပြီး ကိုလိုနီခေတ် အရင်းရှင် လက်ဝါးကြီးအုပ် စီးပွား ရှာလိုသူများ၏ ဖိနှိပ်မှုဒဏ်မှ လွတ်မြောက် နိုင်ရေးနှင့် ချွေတာ စုဆောင်းတတ်သည့် အလေ့အကျင့် ကောင်းများရရှိ အောင် ၁၉၁ဝ ပြည့်နှစ်ထိ သမဝါယမ အသင်း အမျိုးအစားသုံးမျိုး၊ အသင်း ၂၅၂ သင်းဖွဲ့စည်းပြီး အသင်းသား ၆၁၁၆ ဦးတို့၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံနှင့်  လိုက်လျော ညီထွေ ရှိစေမည့်  မြန်မာ့ သမဝါယမ အသင်းအက် ဥပဒေကို ၁၉၁၂ ခုနှစ် တွင် ပြင်ဆင်ပြဋ္ဌာန်း ထုတ်ပြန်ခဲ့ရာ ၁၉၁၅ ခုနှစ်တွင် သမဝါယမ အသင်း ၁၂၅၂ သင်း၊ ၁၉၂ဝ ပြည့်နှစ်တွင် သမဝါယမ အသင်း ၃၃၁၉ သင်း၊ ၁၉၂၅ ခုနှစ်တွင် သမဝါယမ အသင်း ၄ဝ၅၇ သင်းထိ တိုးတက်ဖွဲ့စည်း ဆောင်ရွက်ပြီး အခြေခံ လူတန်းစားတွေရဲ့ အကျိုး၊ တောင်သူများ အတွက် ကျွဲ၊ နွား အာမခံ သမဝါယမ အသင်းများ ၊မြန်မာနိုင်ငံ အနှံ့ သမဝါယမ ဗဟိုဘဏ်များ ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ ထိုစဉ်က ပခုက္ကူ ခရိုင် ဗဟိုဘဏ်နှင့် မန္တလေးမြို့ရှိ အထက် မြန်မာပြည်  သမဝါယမ ဗဟိုဘဏ်တို့ မှာ အောင်မြင် ကျော်ကြား လူသိများပြီး အသင်းသားများအကျိုး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သူ့ခေတ် သူ့အခါတွင် ကောင်းမွန် စွာ ဆောင်ရွက် နိုင်ခဲ့၍ မြန်မာ့သမဝါယမ ၏ ပြုံးမျက်နှာက လန်းဆန်း ပျော်ရွှင် ရှင်သန် ခဲ့ဖူးပါသည်။ ၁၉၂၆-၁၉၂၇ ခုနှစ်ထိ သမဝါယမအသင်း ၄ဝ၅၇ သင်း ဖွဲ့စည်း မှတ်ပုံတင် နိုင်ခဲ့ပြီး အသင်းသား များ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက် ခဲ့သော်လည်း သမဝါယမ ဌာန၏ လုံလောက်စွာ ကြီးကြပ်နိုင်မည့် သမဝါယမ ဝန်ထောက်မင်း များနှင့် ဌာန ဝန်ထမ်းများ နည်းပါးမှု၊ အသင်းBOD များသည် အတ္တဆန်ပြီး အရည်အချင်း ယုတ်လျော့လာမှု၊ အသင်းသားများက ပေးဆပ်ရ မည့် ချေးငွေများကို အချိန်မှန် ပေးဆပ်ရန် ပျက်ကွက်မှု၊ သမဝါယမ အသင်းများကို စနစ်တကျ စစ်ဆေးမှု မရှိခဲ့ခြင်းကြောင့် ၁၉၂၇ မှ ၁၉၃၅ ခုနှစ်အတွင်း မန္တလေး အထက်မြန်မာပြည် သမဝါယမ ဗဟိုဘဏ်ကြီး အပါအဝင် သမဝါယမ အသင်း ၃၆၈၆ သင်းအား စာရင်းရှင်းလင်း ဖျက်သိမ်း ခဲ့ရဖူးပါသည်။
သမဝါယမ အသင်းပေါင်း ၃၆ဝဝ ကျော် စာရင်း ရှင်းလင်း ဖျက်သိမ်း ခဲ့ရသည့် အခြေအနေကို ပြန်လည် သုံးသပ်ကြည့်လျှင် အဓိက အချက်သည် သမဝါယမ အသင်း၊ BOD နှင့် အသင်းသား များသည် သမဝါယမ သဘောတရား များနှင့် ရည်မှန်းချက်များကို အမှန်တကယ် သိနားလည်ရန် လိုအပ် နေခြင်းကြောင့် ဟု လေ့လာသိ ရှိခဲ့ရ ပါသည်။ ကမ္ဘာ့စီးပွားရေး ကျဆင်းခဲ့သည့် ဒဏ်ကိုမြန်မာ့ သမဝါယမ အသင်းများ ကြံ့ကြံ့ မခံနိုင်ခဲ့ကြပါ။ သမဝါယမများသည် အခြေခံ အကျဆုံး လူအများ စုနေထိုင်ရာ ကျေး လက်နေတာင် သူဦး ကြီးများနှင့် ခေါင်းရွက် ဗျပ်ထိုး လက်လုပ် လက်စားများ အတွက် အမှန်တကယ် ရှိသင့်သည့် အားဆေး တစ်ခွက်လည်း ဖြစ်နေ ပါသည်။ သမဝါယမများ အောင်မြင်မှု၊ ဖွံ့ဖြိုးမှု၊ တိုးတက် ရှင်သန်မှု တို့သည် သမဝါ ယမဌာနနှင့် အသင်းတို့၏ ပူးပေါင်း ဆောင်ရွက်မှု၊ ဦးဆောင် ဦးရွက်ပြုမှုတို့ပေါ် မူတည် နေသည်ဟု ဆိုချင်ပါသည်။ ၂ဝ၁၂ ခုနှစ် မေ ၃၁  ရက်ထိ  ဖွဲ့စည်း မှတ်ပုံတင် ပြီး သမဝါယမ အသင်း ၁၁၄၈၁ သင်း ယိုင်လဲ မသွားနိုင်ရေးနှင့် အသင်းသစ်များ တိုးမြှင့်ဖွဲ့စည်းပြီး သမဝါယမ ပညာရပ်များကို အသင်းသား ပြည်သူများ သိရှိ လေ့လာခွင့် ရနိုင်ရေး သမဝါယမ ဌာနနှင့် အသင်းတို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင် ရွက်ရမည့် အချိန်အခါလည်း ရောက်နေပြီဖြစ်ပါသည်။
ကိုလိုနီခေတ် ၁၉၂၇-၁၉၂၈ ခုနှစ်ဝန်းကျင် သမဝါယမ အသင်းများ ဆုတ်ယုတ် ကျဆင်း ခဲ့ရမှု အပေါ် ပန်ဂျပ်ပြည်နယ် သမဝါယမ မင်းကြီးဟောင်း H Calvert ခေါင်းဆောင်သော စုံစမ်း စစ်ဆေးရေး ကော် မတီ၏ သုံးသပ် တင်ပြ ချက်များကို ဖော်ပြ ပါအတိုင်း လေ့လာ သိရှိခဲ့ဖူးပါသည်-
          (၁)     သမဝါယမဌာနက ကြီးကြပ် ကွပ်ကဲနိုင်စွမ်း ရှိသည့် အရေအတွက်ထက် အသင်းများကို ပို၍ဖွဲ့စည်းခြင်း၊
          (၂)     ဘဏ်များက ချေးငှားနိုင်စွမ်း မရှိသည့် ငွေအင်အားကို ကျော်လွန်၍ အသင်း များကို ဖွဲ့စည်းခြင်း၊
          (၃)     အသင်းများကို သမဝါယမ ဌာနက ကြီးကြပ်ကွပ်ကဲခြင်းမပြုဘဲ ယူနီယံ အသင်းစုများအား ကြီးကြပ် ကွပ်ကဲရေး တာဝန်ကို လွှဲပြောင်းခဲ့ခြင်း၊
          (၄)     ယူနီယံ အသင်းစုများသည် မိမိတို့အပေါ် ကျရောက်လာသည့် တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင် နိုင်စွမ်းမရှိခြင်း၊
          (၅)     အသင်းစု ဥက္ကဋ္ဌများအား လေ့ကျင့်ပ ညာပေးမှု မရှိခြင်း၊
          (၆)     အရည်အချင်း မရှိသော အသင်းစု ဥက္ကဋ္ဌများ၏နေရာတွင် အစားထိုးရန် ဥက္ကဋ္ဌသစ်များ ရှာ၍မရခြင်း၊
          (၇)     အသင်း၏ စည်းကမ်း ဥပဒေပါ သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း အမှန်တကယ် ပြန်လည် ပေးဆပ်နိုင်မည့် ငွေပမာဏထက် ပိုသော ချေးငွေ များကို အသင်းသားများသို့ ထုတ်ချေးခဲ့ခြင်း၊
          (၈)     ချေးငွေများကို အမှန်တကယ် ငွေသားဖြင့် ပြန်လည်ပေးဆပ်ခြင်းမပြုဘဲ စာရင်းပြောင်း(ဆပ်-ထုတ်)ပြုလုပ်နေခြင်း၊
          (၉)     သမဝါယမ ဌာန ဝန်ထမ်းများအား ထိရောက်သော လေ့ကျင့်ပညာပေးမှု မပြုလုပ်ခြင်း၊
          (၁ဝ)    ကမ္ဘာနှင့်အဝှမ်း  စီးပွားရေး ကပ်ဆိုက်နေသဖြင့်  စပါးဈေး၊  ဆန်ဈေး၊        အင်မတန် ကျဆင်းနေခြင်း၊
          (၁၁)    သမဝါယမ အသင်းများ၊  အမှုဆောင်များနှင့်  အသင်းသားများသည် သမဝါယမ သဘော                     တရား များနှင့် ရည်မှန်းချက်များ ကို အမှန်တကယ် သိနား လည်ရန်လိုအပ်ခြင်း 
          (၁၂)    အသင်းများ၏ စာရင်းများကို အချိန်မှန်မှန် စစ်ဆေးမှုမရှိခြင်း။      
ဖော်ပြပါ စုံစမ်း စစ်ဆေးရေး ကော်မတီ၏ တင်ပြချက်များသည်မြန်မာ့သမဝါ ယမ ထာဝစဉ် ရှင်သန် ဖွံ့ဖြိုးရေးကို မီးမောင်းထိုးပြ နေမည်သာဖြစ်ပါသည်။ မြန်မာ့ သမဝါယမ အစဉ်ရှင်သန်ဖွံ့ဖြိုးဖို့ သမဝါယမ အသင်းချည်း ထီးတည်းရပ်တည်၍ မရနိုင်သလို သမဝါယမ ဌာနက ကြီးကြပ် ကွပ်ကဲနိုင်မှုထက် ပိုမို၍လည်း အသင်း များကို ဖောင်းပွလာအောင် မဖွဲ့စည်းသင့်ပါ။ သမဝါယမ၏ ပကတိအလှတရား သည်မြင့်မြတ်သိမ်မွေ့လှပါသည်။ စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒ တူသူများဖြင့်ဖွဲ့စည်းပြီး အများ၏ စီမံခန့်ခွဲမှုဖြင့် ဒီမိုကရေစီ နည်းလမ်းကျ လွတ်လပ်ပွင့်လင်းစွာ လူမှုစီးပွား ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် သမဝါယမ အသင်းများသည် နိုင်ငံတော်၏ အားပေး ကူညီ ထောက်ပံ့မှု  လိုအပ်နေမည် ဖြစ်ပါသည်။ ယနေ့ နိုင်ငံတော်က ချမှတ် အကောင်အထည်ဖော်ဆာင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်မှာ သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုး လာသည်နှင့် အမျှ ကျေး လက်နေ ပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မား လာမည်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ သမဝါယမနှစ် ၂ဝ၁၂ ခုနှစ်၏ အပြည်ပြည် ဆိုင်ရာ သမဝါယမ နေ့ ၂ဝ၁၂ ခုနှစ် ဇူလိုင် ၇ ရက် (စနေနေ့)တွင် နိုင်ငံတော်သမ္မတကြီးမှ ''သမဝါယမ ဝန်ကြီးဌာနမှလည်း တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ် လိုအပ်ချက် များ ကိုဖြည့်ဆည်း  ပေးနိုင်ရန် ကျေးလက် ငွေစုငွေချေး အသင်းများ ထူထောင်၍ ငွေချေးပေးနေကြောင်း'' ဟု နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်မှ တောင်သူ လယ်သမားများနှင့် တွေ့ဆုံအားပေး အမှာစကား ပြောကြားခဲ့စဉ် ထည့် သွင်း ပြောကြားခဲ့ပါသည်။ 
သမဝါယမ ဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာနသည် သမဝါယမ အသင်းများကို စည်းရုံး ဖွဲ့စည်းခြင်း၊ အသင်းသားများနှင့် ပြည်သူ များအား သမဝါယမ အခြေခံမူ၊ အနှစ်သာရ၊ ကျင့်ဝတ်နှင့် သမဝါယမ စိတ်ဓာတ် ခိုင်မာရေးတို့ကို ပညာပေး ဆောင် ရွက်ခြင်း၊ သမဝါယမ ဦးစီးဌာန အဆင့်ဆင့်တွင် ဖွဲ့စည်း မှတ်ပုံတင်ထားသည့် သမ ဝါယမ အသင်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြား ချက်များ နှင့်အညီ လူမှု စီးပွားရေး လုပ်ငန်းများကို လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်မှုရှိ၊ မရှိ တို့ကို ထိန်းကျောင်း တည့်မတ် ဆောင်ရွက် ပေးလျက်ရှိပါသည်။ သမဝါယမ ဝန်ကြီး ဌာန၏ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ ထိုက်သင့်သည့် ရင်းနှီး ငွေအမှန်လိုအပ်မည် ဖြစ်ပါသည်။ လိုအပ်သည့် ရင်းနှီးငွေကို နိုင်ငံတော်မှ မတည်ပေး ပြီး အသင်းသား ပြည်သူများအကျိုး၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို သမဝါယမ ဌာနနှင့် အသင်းတို့မှ ဟန်ချက်ညီညီ အတူယှဉ်ကာတွဲပြီး မြန်မာ့ သမဝါယမ ထာဝစဉ် ရှင်သန်ဖွံ့ဖြိုးရေး တစိုက် မတ်မတ် ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း ရေးသား လိုက်ရပါသည်။
K ဇင်သစ် (မန်းတက္ကသိုလ်)
ref: Myawaddy 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here