Tuesday, August 21, 2012

အပစ်ရပ်အဖွဲ့များနဲ့ တိုက်ပွဲဆက်ဖြစ်ရတဲ့ အကြောင်း ဦးအောင်မင်း လွှတ်တော်မှာ ဖြေကြား

0 comments
ရှမ်းပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သည့် ထိထွေ့မှုဖြစ်စဉ်များ၌ လုပ်ငန်းစဉ်တွင် ပါရှိသည့် နှစ်ဖက်တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင် သေးခြင်း၊ ဆက်ဆံ ရေးရုံး မဖွင့် လှစ်နိုင်သေးခြင်း တို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်းသုံးသပ် ရရှိပါကြောင်း ဩဂုတ်လ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အ စည်းအဝေးမှာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ပြောဆိုလိုက်ပါတယ်။

မိုင်းရယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် (ခ) စိုင်းဟတ် က “လက် နက်ကိုင် အဖွဲ့အစည်းများ အကြား အပစ်အခတ်ရပ်စဲ ရေး သဘောတူညီမှု ရရှိပြီးနောက် မည်သည့်အတွက်ကြောင့် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေခြင်းကို သိရှိလို ကြောင်း” မေးမြန်းတဲ့အခါမှာ ဦးအောင် မင်း က အခုလို ဖြေကြားခဲ့တာဖြစ်တယ်လို့ ကြေးမုံ သတင်းစာမှာ ဖော်ပြ ထားပါ တယ်။

နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ပြဿနာများကို တစ်ရက်တည်း တစ်ထိုင်တည်း ဖြေရှင်းရန် မလွယ်ကူသည့် ကိစ္စဖြစ်ပါ ကြောင်း၊ နိုင်ငံတော် သမ္မတက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တိုင်းဒေ သကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် နှင့် ပြည်ထောင်စုလွှတ်တော်အဆင့် ဟူ၍ အဆင့်(၃)ဆင့် ပိုင်းခြားသုံးသပ်ပြီး ဆောင်ရွက်သွားကြရန် လမ်းညွှန်ထားကြောင်း ကိုလည်း ဦးအောင်မင်းက ပြောကြားသွားပါတယ်။

ယခုအခါ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ညှိနှိုင်းရရှိထားတဲ့ သတ်မှတ်နေရာများမှာ နေထိုင်ရန် ကိစ္စ၊ သတ်မှတ်နေရာမှ အပ အခြားဒေသ သို့ လက်နက်ဖြင့် သွားလာခြင်း မပြုရန်ကိစ္စနှင့် ဆက်ဆံရေး စခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်တဲ့နေရာ၌(လက်နက်မပါ) ထားရှိရန် ကိစ္စရပ်များ ဆောင်ရွက်ဆဲဖြစ်တယ်လို့လည်း ဦးအောင်မင်းက ဖြေကြားသွားကြောင်း သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေနဲ့လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အမြန်ဆုံး ကြိုး ပမ်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ဖြေကြားသွားပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ဝမ်ဟိုင်း အရှေ့တောင်ဘက်ရှိ မိုင်းရှူးမြို့နယ် အတွင်းရှိ တာဆမ်ပူး ကူးတို့ဆိပ်က ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်း ပြည်တပ်မတော် (SSPP/SSA) တပ်များကို ရုတ်သိမ်းပေးရန် အစိုးရတပ်က အကြောင်းကြား လာကြောင်းကို ရှမ်းပြည်တိုးတက်ရေး ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလကို ကိုးကားပြီး သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြ ထား ပါတယ်။

အပစ်အခတ်ရပ်စဲရန် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် အကြား ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ဖြစ် ပွားခဲ့ ပါတယ်။
 
ref: ကော့လိ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here