မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မှန်တန်းရပ်ကွက်တွင် ဟိုတယ်တည်ဆောက်လုပ်ကိုင်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုတင်ပြထားကြောင်း သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော အပတ်စဉ်ကော်မရှင် အစည်းအဝေးမှ သိရသည်။ အဆိုပါ ဟိုတယ်တည်ဆောက်ရန်အတွက် မူလကကုမ္ပဏီနှစ်ခု အဆိုတင်သွင်းထားရာမှ ကုမ္ပဏီတစ်ခုမှာ လုပ်ငန်းနှင့်ပတ်သက်၍ ကော်မရှင်သို့ လာရောက်ရှင်းလင်းတင်ပြခြင်းမရှိသည့်အတွက် လာရောက်တင်ပြသည့် Win & Win ကုမ္ပဏီလီမိတက်မှာ လုပ်ကိုင်ခွင့်ရရှိရန် နီးစပ်နေကြောင်းလည်း သိရသည်။
ထို့အပြင် Win & Win ကုမ္ပဏီလီ မိတက်မှာ မူလ Proosal လျှောက်ထားသည့် ဈေးနှုန်းနှစ် ၆၀ မြေငှားရမ်းခြင်းအတွက် ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၁၅၀၀ သို့လည်းကောင်း၊ ငှားရမ်းခ တစ်နှစ်လျှင် သိန်း ၅၀၀ မှ နှစ်စဉ် ဝင်ငွေစုစု ပေါင်း၏ ငါးရာခိုင်နှုန်းသို့ တိုးမြှင့်လျှောက်ထားခဲ့ကြောင်းလည်း သိရသည်။ ဟိုတယ်တည်ဆောက် လုပ်ကိုင်မည့် မြေနေရာမှာ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မှန်တန်းရပ်ကွက်၊ အမှတ်(၆၁၃) နန်းတော်ရာကွင်းရှိ ဧက ၁၇ ဒသမ ၁၇၀ ကျယ်ဝန်းသော ထီးအမိုးများ၊ ရွှေဝါစက်ပြာထည့်သည့် ထင်းရှူးပုံးများပြုလုပ်သော ယခင်စက်မှု(၁) ဝန်ကြီးဌာနပိုင် ထုတ်ပိုးစက်ရုံဟောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
ထိုသို့ ဟိုတယ်တည်ဆောက်ရန် အဆိုပြုတင်သွင်းမှုနှင့်ပတ်သက်၍ ကော်မရှင်မှ မှတ်တမ်းတင်၊ မှတ်ချက်ရေးသား၍ နိုင်ငံတော်သမ္မထံ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောပါသည်။ ''ဟိုတယ်တည်ဆောက်မယ့်နေရာက နန်းတော်ဟောင်း မဟုတ်ဘူး။ စက်ရုံ၊ အရင်က ထီးအမိုးတွေလုပ်တဲ့ စက်ရုံ၊ ရွှေဝါစက်ပြာထည့်တဲ့ပုံးတွေလုပ်တဲ့ စက်ရုံ။ မန္တလေးအမရပူရမှာ ဟိုတယ်တွေ ဘာတွေဖြစ်တယ်ဆိုရင်တော့ ကောင်းပါတယ်။ မန္တလေးရယ်၊ အမရပူရရယ်။ တံတားဦးတို့ ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာရင် ဟိုတယ်တွေလည်း အဆင်ပြေလာမှာပါ''ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အပတ်စဉ်အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း (ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)နှင့် ဦးလှထွန်း (ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးဇော်မင်း၊ ပြည်ထောင်စုဝန်ကြီး၊ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊ ဦးအောင်မင်း(ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)၊ သူရဦးသောင်းလွင်(ဒုတိယဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Ref: Weekly Eleven