Monday, August 27, 2012

မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှ ပင်လယ်ဖျံနှစ်စုံတို့အား နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်မည်

0 comments
မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှပင်လယ် ဖျံနှစ်စုံတို့ကို နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်သွားမည်ဖြစ်ကြောင်း ထူး (Zoo & Gardens Business Unit) မှ သိရသည်။ အဆိုပါ ပင်လယ်ဖျံ(Sea Lion) နှစ်စုံကို နေပြည်တော် တိရစ္ဆာန် ဥယျာဉ်တွင် ပြသသွားမည်ဖြစ်ပြီး ယင်းအားထားရှိရန် အတွက် အဆောက်အအုံများ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။ “ဒီပင်လယ်ဖျံတွေကို အရင် သစ်တောဦးစီးဌာနလက်အောက်မှာ ရှိစဉ်ကတည်းက လဲလှယ်ဖို့စီစဉ် ထားတာပါ။ ပင်လယ်ဖျံ ပြသဖို့ကိုလည်း နည်းစနစ်ပိုင်းတွေကိုအကုန် ပြင်ဆင်ထားပြီးသားပါ။
သူတို့ကို ဘောလုံးပစ်ပြီး ကစားတာတို့၊ ရေပေါ်မှာ ကျွမ်းထိုးတာတို့စတဲ့ ပြကွက်တွေကို ဟိုမှာလေ့ကျင့်ထားပြီးသား ဖြစ်ပေမယ့် ဒီကိုရွှေ့ပြောင်းလာပြီ ဆိုရင် ဒီကနေရာ အနေအထားအရ နည်းနည်းတော့ ပြန်လေ့ကျင့်ပေးရမယ်။ သူတို့ကိုစောင့်ရှောက်မယ့် ဆရာဝန်တွေကိုလည်း တရုတ်ပြည်ကိုလွှတ်ပြီး အနီးကပ်လေ့လာမှုတွေ လုပ်ထားပါတယ်”ဟု ထူး(Zoo & Gardens Business Unit) မှ အမူဆောင် ဒါရိုက်တာဦးဝေမျိုးအောင်က ပြောပါသည်။ အဆိုပါ ပင်လယ်ဖျံသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ရောက်ရှိလာသော မျိုးစိတ်သစ် ဖြစ်ပြီးလာမည့် ပွင့်လင်းရာသီတွင် စတင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ ဆင်ရှစ်ကောင်၊ ကျား ၁၁ ကောင်၊ ခြင်္သေ့သုံးကောင်၊ ကျားသစ် တစ်ကောင်၊ သစ်ကုလားအုတ်တစ်ကောင် တစ်ကောင်၊ ချင်ပန်ဇီမျောက်ဝံတစ်ကောင်၊ ဟိမဝန္တာဝက်ဝံ အကောင် ၂၀ စသဖြင့် နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၄၆ မျိုး၊ ငှက်မျိုးစိတ်ပေါင်း ၆၈ မျိုး၊လိပ်ခုနစ်မျိုး၊ မိချောင်း ၁၀ မျိုးနှင့်မြွေမျိုးရှိကြောင်း သိရသည်။ “လောလောဆယ်တော့ ရန်ကုန် တိရစ္ဆာန်ရုံမှာအကောင်သစ်ဝယ်ဖို့ မရှိသေးပါဘူး။ လက်ရှိမြေနေရာ အနေအထားနဲ့ တိရစ္ဆာန်တွေကလည်း လုံလောက်မှုရှိတယ်လို့ ထင်ပါတယ်။ အခုလာမယ့် ပွင့်လင်းရာသီမှာတော့ အာဖရိကမျိုး ကျားဖြူ တစ်ကောင်နှင့် သစ်ကုလားအုတ်တို့ ကို နေပြည်တော်ကနေ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပြောင်းရွှေ့ပြသ သွားဖို့ စီစဉ်နေပါတယ်။
အခုရာသီ မိုးရာသီဖြစ်တဲ့အတွက် အကောင်ပြောင်းရွှေ့ဖို့ အဆင်မပြေတဲ့အတွက် လာမယ့် ပွင့်လင်းရာသီမှာပဲ အကောင် ပြောင်းရွှေ့မှုတွေ ပြုလုပ်သွားမှာပါ။ အခုလက်ရှိမှာတော့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို အကောင်သစ်ထပ်ထည့်ဖို့ထက် အရင်ကအားနည်းချက်ဖြစ်တဲ့ သန့်ရှင်းရေးကို အဓိကအလေး ထားလုပ်နေပါတယ်”ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တဝါ ၂၃၁ မျိုး၊ တွားသွားသတ္တဝါ ၇၀ မျိုး၊ ကျေးငှက် ၂၉၁ မျိုး စုစုပေါင်းမျိုးစိတ် ၅၉၂ မျိုးခန့်ရှိပြီး ဆင် ၁၁ ကောင်၊ ခြင်္သေ့လေးကောင်၊ ခြင်္သေ့ဖြူ ခြောက်ကောင်၊ ကျားဝါလေးကောင်၊ ကျား ဖြူနှစ်ကောင်၊ ကျားသစ် နှစ်ကောင်၊ ရေမြင်းလေးကောင်၊ ပင်ဂွင်း ၁၀ ကောင်၊ ပန်ဒါနီလေးကောင် စသည်ဖြင့် စုစုပေါင်းပြကွက် ၁၈ကွက်ကို ပြသထားကြောင်းသိရသည်။
နေပြည်တော် ဆာဖာရီ ဥယျာဉ်တွင်မူ ကျားဝါခြောက်ကောင်၊ ခြင်္သေ့ရှစ်ကောင်၊ ကြံ့ဖြူခြောက်ကောင်၊ ဆိတ်သမင်ရှစ်ကောင်၊ သစ်ကုလား အုတ်ခုနစ်ကောင်၊ မြင်းကျား ၁၂ ကောင်၊ ဘို့တစ်လုံးကုလားအုတ်ခြောက် ကောင်၊ သမင် ၂၂ကောင် စသည်ဖြင့် နို့တိုက်သတ္တဝါ ၂၀၆ မျိုးရှိပြီး အာရှဇုန်သုံးခု၊ သြစတေးလျဇုန်တစ် ခု၊ အာဖရိကဇုန် ၁၀ ခုစသည်ဖြင့် ပြသထားကြောင်း သိရသည်။ ထူးကုမ္ပဏီသည် မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ လှော်ကားဥယျာဉ်(ရန်ကုန်)၊ ဆာဖာရီ ဥယျာဉ်(နေပြည်တော်)၊ တိရစ္ဆာန် ဥယျာဉ်(နေပြည်တော်)၊ နက္ခတ်တာရာပြခန်း(နေပြည်တော်)၊ အမျိုးသား ကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (ပြင်ဦးလွင်)၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (မန္တလေး) စသည် တို့အား ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ BOT စနစ်ဖြင့် ငှားရမ်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
Ref: Weekly Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here