Thursday, August 16, 2012

ဆက်တိုက် ဖြစ်နေသော မြေယာ အငြင်းပွားမှု ရှမ်းနှင့် စစ်ကိုင်းတွင် ထပ်မံဖြစ်ပွား

0 comments
(ရန်ကုန်၊ သြဂုတ် ၁၄)
ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်ရှိ ကြံစိုက်ဧက ငါးသောင်းမြေယာ ပိုင်ဆိုင်မှု အငြင်းပွားမှုကို မြေယာ အငြင်းပွားမှု စုံစမ်း စစ်ဆေးရေး ကော်မရှင် သို့ တင်ပြမည် ဖြစ်ကြောင်း တောင်သူ များထံမှ သိရသည်။
ရှမ်းပြည်နယ် ငါးအိုးသစ်တော ကြိုးဝိုင်း ဧက နှစ်သောင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီး ကသာ မြို့နယ်ရှိ ယင်းခဲသစ်တော ကြိုးဝိုင်းဧက သုံးသောင်း အား ဒေသခံ တောင်သူများ နှင့် ကုမ္ပဏီကြီး တစ်ခုတို့ မြေယာ ပိုင်ဆိုင်ခွင့် အငြင်းပွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်တော ကြိုးဝိုင်းများ တွင် သစ်ပင် မရှိတော့သည်မှာ နှစ်ပေါင်း၂ဝ ကြာမြင့်ခဲ့ပြီး ဒေသခံ တောင်သူများက တစ်ပိုင်တစ်နိုင် ခုတ်ထွင် ရှင်းလင်းမှု များပြုလုပ် ကာ ဝင်ရောက် စိုက်ပျိုးကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ စိုက်ပျိုးခဲ့သည်မှာ ၁ဝ နှစ် ကျော် ၁၅ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း တောင်သူ များထံမှ သိရသည်။
ယင်းမြေဧက များကို ကုမ္ပဏီကြီး တစ်ခုက နိုင်ငံတော်ထံမှ ဂရန် ရရှိပြီ ဖြစ်သောကြောင့် လက်ရှိ လုပ်ကိုင်နေသူများ အနေဖြင့် လုပ်ခစား လုပ်သားအဖြစ် လုပ်ကိုင်ကြ ရန်နှင့် တစ်ဧကလျှင် ကျပ်ငါးသောင်း၊ မြေယာရှင်းလင်း စရိတ်ယူရန် ပြောဆိုလာကြောင်း၊ အချို့ တောင်သူများအား ကုမ္ပဏီနှင့် စပ်တူရှယ်ယာ လုပ်ကိုင်ရန် ကမ်း လှမ်းမှု များ ရှိကြောင်း ဧက ၅ဝ ပိုင်ဆိုင်သူ တောင်သူ တစ်ဦးက ပြောသည်။
”တစ်ဧကကို ငါးသောင်းနှုန်း ပေးတာကို ယူတဲ့သူတွေ ကလည်း ယူကြတယ်၊ မယူတဲ့ သူတွေလည်း မယူဘူး။ ဧက တစ်သောင်းလောက် ကတော့ ငါးသောင်း ပေးတာ ယူပြီးပြီ” ဟု အ ထက်ပါ တောင်သူ ကပြောသည်။
မြေယာ ပိုင်ဆိုင်ခွင့် အငြင်းပွားမှု တွင် မြေလွတ်မြေလတ်နှင့် မြေ ရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅(ခ) အရ လုပ်ပိုင်ခွင့် ရရှိထားသူ သည် ဒေသခံ တောင်သူ များနှင့် အငြင်းပွားမှု ဖြစ်ပေါ်ပါက ဒေသခံ တောင်သူများထံတွင် ပိုင်ဆိုင်မှု သက်သေခံ အထောက်အထား မရှိသော်လည်း တောင်သူများ နစ်နာမှု မရှိစေရန် ညှိနှိုင်း ဆောင်ရွက် ရမည် ဟု ပါရှိသောကြောင့် တောင်သူများ ပိုင်ဆိုင်မှု သက်သေခံ မရှိသော်လည်း အငြင်းပွားမှုတွင် လုပ်ကိုင်ခွင့် ရရှိ နိုင်ကြောင်း ထိုအငြင်းပွား မှုကို လိုက် လံ ဆောင်ရွက် ပေးနေသော မတူကွဲ ပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောသည်။
”ဒီမှာ သစ်တော ကြိုးဝိုင်းထဲ ကို ပြည်သူတွေ ကျူးကျော်လို့ ရလား ဆိုတာမေးစရာ ရှိမယ်၊ သူတို့ဟာ စားဝတ်နေရေး အတွက် ထူထောင်ကြတာ၊ သစ်တော ဧရိယာမို့ သူတို့ကို မပေး ဘူး ဆိုရင် အဲ့ဒီ ကုမ္ပဏီကိုလည်း မပေး ရဘူး၊ အဲ့ဒီ ကုမ္ပဏီက ကြံစိုက်မယ် ဆိုရင် တောင်သူတွေလည်း ကြံစိုက် နေတာပဲ”ဟု ၄င်းက ပြောသည်။
သစ်တော ကြိုးဝိုင်းအား သစ်တော ပြန်လုပ်မည် ဆိုပါက တောင်သူတွေ အနေဖြင့်လည်း သစ်ပင်စိုက် ခွင့်ပြုသင့်ကြောင်း ကုမ္ပဏီ လုပ်ငန်းရှင်ကြီး များသာ လုပ်ကိုင်ခွင့် ရှိမည် ဆိုပါက တောင်သူများ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့မည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
သစ်တောကြိုးဝိုင်းသည် သစ်တောအဖြစ် ပြန်လည် မပြုလုပ်ပါက မြေလွတ်မြေလတ် စာရင်းဝင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်တော ကြိုးဝိုင်း တွင်း ဝင်ရောက် လုပ်ကိုင်ခြင်းကြောင့် တောင်သူများ အနေဖြင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ တစ်နှစ်လျှင် တစ်ဧက ကျပ် ၁ဝဝ အခွန်ပေးဆောင်ရပြီး ၂ဝဝ၄ ခုနှစ်အထိ ပေးဆောင် လုပ်ကိုင်ရကာ ၂ဝဝ၆ ခုနှစ် နောက်ပိုင်း မှ စတင်ကာ အဆိုပါ ကုမ္ပဏီကြီးမှ အခွန် ပေးဆောင်ကြောင်း တောင်သူ များထံမှ သိရသည်။
ကြံစိုက် ဧက ငါးသောင်းအား တောင်သူ ၃ဝဝဝ ကျော်က ရှင်း လင်း လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
ဝေယံမိုးမြင့်
ref: popular news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here