Friday, August 17, 2012

ရှမ်းနှစ်သစ်ကူးပွဲတော်

0 comments
နတ်တော်လ နှစ်သစ်ကူးပွဲတော် ကောက်သစ်စားပွဲတော်

ချယ်ရီပန်းသည် ရှမ်းလူမျိုးတို့၏ အမျိုးသားရေးပန်းဖြစ်သည့်အတွက် ချယ်ရီပန်းသရုပ်ဖေါ်အက
နှစ်သစ်ကူးခြင်းဆိုသည်မှာ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိခြင်းဖြစ်သည်။ နတ်တော်လတွင် ရှမ်းလူမျိုးတို့ နှစ်သစ်ကူးခြင်းကား ရှမ်းလူမျိုးများသည် သီးခြားပြက္ခဒိန် ရှိနေခြင်းကို ဖော်ညွှန်းလျက်ရှိသည်။
ရှမ်းနှစ်သစ်ကူးပွဲတော် သမိုင်းအရ သာသနာတော်နှစ် ၄၅၀ (ဘီစီ ၉၄) တွင် ရှမ်းလူမျိုးများသည် “မူအန်မောဝ်” တိုင်းပြည်ကို တည်ထောင်ခဲ့သည်။ ထိုနှစ်သည် စတုတ္ထသင်္ဂါယနာတင်သော နှစ်လည်း ဖြစ်သည်။ သောဏမထေရ်သည် ရှမ်းဒေသသို့ သာသနာပြု ကြွရောက်တော်မူခဲ့ပြီး မဇ္ဈန္တိကမထေရ်တို့က တရုတ်ပြည်တွင် သာသနာပြုကြွရောက်တော်မူသည်။ မိန်းဆည်ဘုရင်၏ သားတော် အိမ်ရှေ့မင်းသား ခွန်ဟောင်သည် နောက်ပါတပည့်လေးဦးနှင့်အတူ အနောက်နိုင်ငံ (အိန္ဒိယ)သို့ ပိဋကတ်တော်များကို ရေးကူးပြီး နေပြည်တော်သို့ ပြန်ရောက်လာသည်။ ထိုအချိန်သည် ရှမ်းလူမျိုးများ နှစ်သစ်ကူးပွဲတော်အချိန် ကျရောက်နေသဖြင့် အထက်ပါ အကြောင်းကြောင်းတို့ကြောင့် သာသနာတော်နှစ် ၄၅၀ သည် ရှမ်းတို့အတွက် ထူးမြတ်သော နှစ်ဖြစ်သဖြင့် ထိုနှစ်မှ စ၍ ရှမ်းနှစ်ကို စတင်ရေတွက်လာခဲ့သည်။ ထိုကြောင့် ရှမ်းနှစ်သည် သာသနာတော်နှစ်ထက် ၄၅၀ နောက်ကျသည်။ ရှမ်းနှစ်သစ်ကူးပွဲတော်သည် ရှေးခေတ်ကာလမှ စ၍ ယနေ့တိုင် ရှမ်းလူမျိုးများ အမြတ်နိုးဆုံးပွဲတော်အဖြစ် ဆက်လက် ဆင်နွှဲကျင်းပလာခဲ့ကြ၏။
ထိုနှစ်သစ်ကူးပွဲတွင်
(၁) နှစ်သစ်ကူး အစားအစာပေးပို့လှူဒါန်းခြင်း။

လယ်ကွက်သရုပ်ဖေါ်အက (ရှမ်းလူမျိုး၏ လယ်ယာလုပ်ငန်းကို ဂုဏ်ပြုခြင်းဖြစ်သည်)

ရှမ်းရိုးရာ အစားအစာဖြစ်သော မုန်ဖက်ထုပ်၊ မုန့်ပေါင်း စသည်တို့ကို ပြုလုပ်ပြီး ရင်းနီးသော မိတ်ဆွေများထံသို့ ပေးပို့ကြရသည်။ အိမ်ရှင်က ဝမ်းသာစွာ လက်ခံပြီး ဆုမွန်ကောင်းများ ပေးရသည်။
(၂) နှစ်သစ်ကူး စောင့်ကြိုခြင်း။
နတ်တော်လဆန်းတစ်ရက် မရောက်မီ တန်ဆောင်မုန်းလပြည့်ကျော် (၁၄-၁၅) ရက်တို့တွင် ပွဲလမ်းသဘင်များ ကျင်းပခြင်း၊ သီချင်းဆိုခြင်း၊ တရားစာနာယူခြင်း၊ ရှေးခေတ်က ဂုဏ်ယူဖွယ် ကောင်းသော သူရဲကောင်းများ အကြောင်းကို ပြောပြခြင်း၊ သမိုင်းကြောင်းကို ပြောပြခြင်းများ ပြုလုပ်၍ နှစ်သစ်ကူးကို စောင့်ကြိုကြရသည်။
(၃) နှစ်သစ်ကို ကြိုဆိုခြင်း
နှစ်သစ်ကူးအချိန်ဖြစ်သည့် တန်ဆောင်မုန်းလကွယ် (နှစ်ဟောင်းအကုန်) နှင့် နတ်တော်လဆန်း တစ်ရက် (နှစ်သစ်အရောက်) ၀၀း၀၀ နာရီ အချိန်တွင် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ အိုးစည်ဗုံမောင်းများ တီးခတ်ခြင်း၊ ကခုန်မြူးထူးခြင်းများကို ပြုလုပ်၍ နှစ်သစ်ကို ဝမ်းသာစွာ ကြိုဆိုကြလေသည်။ (ရှေးအခါက အရုဏ်တက်ချိန်တွင် နှစ်သစ်ကို ကြိုဆိုကြသည် ဟုဆိုသည်)။
(၄) နှစ်သစ်ဝမ်းမြောက်ခြင်း။

ကြယ်သရုပ်ဖေါ်အက (ရှမ်းလူမျိုးသည် ထင်ရှားသော လူမျိုးဖြစ်ကြောင်း ဖေါ်ညွှန်းသည်)

နှစ်သစ်ကို ကြိုဆိုပြီးနောက် ဝမ်းမြောက်ဝမ်းသာ ပျော်ပျော်ရွှင်ရွှင် အိုးစည်ဗုံမောင်း စသည်တီးခတ်ခြင်း၊ နှစ်သစ်မင်္ဂလာသီချင်း သီဆိုခြင်း၊ ကခုန်ခြင်းများသည် နှစ်သစ်ဝမ်းမြောက်ခြင်းဖြစ်သည်။
(၅) နှစ်သစ်မင်္ဂလာပြုခြင်း။
နတ်တော်လဆန်းတစ်ရက် နှစ်သစ်ကူးနေ့မှ စ၍ နတ်တော်လပြည့်နေ့အထိ (သိုမဟုတ်) နတ်တော်လကုန်အထိ မိတ်ဆွေအိမ်သို့ သွားပြီး “မိုင်ဆုံ = မင်္ဂလာပါ”၊ “ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေ” ဟုဆို၍ နှစ်သစ်မင်္ဂလာကို ယူကြရသည်။
(၆) နှစ်သစ် စီမံခြင်း။
နှစ်သစ်ကူးပွဲတော်အတွက် လိုအပ်သည်များကို စီမံခြင်းဖြစ်သည်။ ဤနှစ်သစ်ကူးနှင့် အတူ မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို စီမံကိန်းချထားခြင်းဖြစ်သည်။ (ရှေးအခါက ရာထူးခန့်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း စသည်တို့ကို ရှင်ဘုရင်က စီမံဆောင်ရွက်ပေးခဲ့သည်။)
(၇) နှစ်သစ်စာ သုံးဆောင်ခြင်း။
ဘုရားရှင်အား ဆွမ်းတော်တင်လှူခြင်း၊ သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ရပ်နီးရပ်ဝေး မိတ်ဆွေများကို ပင့်ဖိတ်၍ စာဂလှူဒါန်းခြင်းများ ပြုလုပ်သည်။ ရင်းရင်းနီးနီး အတူတကွ စားသောက်ခြင်းများ ပြုလုပ်သည်။
(၈) နှစ်သစ်လက်ဆောင်ပေးခြင်း။

ရှမ်းအလံတော်သရုပ်ဖေါ်အက (အ၀ါ=သာသနာ၊ အစိမ်း=တောတောင်သဘာဝ၊ အနီ=ရဲရင့်ခြင်း ဆိုတဲ့ ရှမ်းတို့ရဲ့ Image ကို ဖေါ်ပြခြင်း)

နှစ်သစ်တွင် အမှတ်တရဖြစ်စေရန်အတွက် တစ်ဦကိုတစ်ဦး လက်ဆောင်ပေးခြင်း၊ ရပ်ဝေးမိတ်ဆွေများထံ နှစ်သစ်ဆုတောင်း သဝဏ်လွှာပေးပို့ခြင်း လက်ဆောင်ပေးပို့ခြင်းများ ဖြစ်သည်။
(၉) နှစ်သစ် အားကစားပွဲ ကျင်းပခြင်း။
နတ်တော်လသည် ဆောင်းရာသီဖြစ်သဖြင့် အားကစား ပြိုင်ပွဲများအတွက် အထူးသင့်လျော်သော ကာလဖြစ်သည်။ ထို့ကြောင့် နှစ်သစ်ကူးပွဲတွင် ကိုယ်ကာယ လှုပ်ရှားသည့် အားကစားအမျိုးမျိုးကို ယှဉ်ပြိုင်ခြင်း၊ စကားရည်လုပွဲ ကျင်းပခြင်း၊ စာပေပြိုင်ပွဲ ကျင်းပခြင်းများ ပြုလုပ်ကြသည်။ (ရှေးအခါက သိုင်းပြိုင်ပွဲများ ပြုလုပ်ပြီး အစွမ်းထက်သည့် ပုဂ္ဂိုလ်များကို ရှင်ဘုရင်က သူရဲကောင်းဘွဲ့ ချီးမြှင့်ပြီး စစ်ရာထူး တိုးမြှင့်ပေးခဲ့သည်။ အသက်ကြီးသော ပုဂ္ဂိုလ်တို့သည် တရားစာများ နာယူခြင်း၊ ရှေးသမိုင်းကြောင်းများကို ပြောကြားခြင်း၊ လူပျိုအပျိုများက စကားရည်လုခြင်း ပြုလုပ်သည်။ စကားရည်လုသော အပျိုတော်သည် သိန္နီအပျိုတော်သာ အမည်ခံရပြီး လူပျိုတော်ကား မည်သည့်နိုင်ငံလူပျိုတော်ဖြစ်ဖြစ် အမည်ခံနိုင်သည်။ တစ်ဖွဲ့ တစ်ဖွဲ့ကို ၁၂ ယောက်စီ ပါဝင်သဖြင့် ရှမ်းအခေါ် “လိုင်းလင်မာ့ဆစ်ဆောင် (ခေါ်) မြင်း ၁၂ ကောင် ကစားနည်း” ဟုခေါ်သည်။ စကားထာ စကားဝှက် ကစားနည်းဖြစ်၍ ရှမ်းစကားဝေါဟာရ တိုးပွားရေးအတွက် များစွာ အထောက်အကူ ပြုသည်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here