Monday, August 13, 2012

Call Waiting ကဲ့သို့ GSM ၀န်ဆောင်မှုများအား နောက်ပိုင်းတွင် ပြုလုပ်ပေးသွားမည်ဟုဆို

0 comments
Call Waiting, Call Forwarding အစရှိသော GSM ဖုန်းဝန်ဆောင်မှုများအား ယခုလက်ရှိအချိန်တွင် အသုံးပြုခွင့်ပေးနိုင်ခြင်း မရှိသေးသော်လည်း နောက်ပိုင်းတွင် ပြုလုပ်ပေးသွားနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျီအက်စ်အမ်ဖုန်းဝန်ဆောင်မှုများဖြစ်သော Call Waiting, Call Forwarding အစရှိသောစနစ်များအား


ယခင်က မြန်မာ့ဆက်သွယ်ရေးတွင် လျှောက်ထားအသုံးပြုနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အသုံးပြုခွင့်ပေးခဲ့သော ကျပ်ငါးသိန်းဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲ၊ ကျပ်နှစ်သိန်းဖုန်းအစရှိသော ကြိုတင်ငွေဖြည့်ကတ်စနစ်သုံး Prepaid ဖုန်းများတွင် ယင်းစနစ်များအား အသုံးပြုခွင့်ပေးထားခြင်း မရှိသေးကြောင်း သိရသည်။ ထိုသို့ Prepaid ဖုန်းများအား ၀န်ဆောင်မှုစနစ်များ အသုံးပြုခွင့်မပေးရခြင်းမှာ ၎င်းဖုန်းများအတွက် ၀န်ဆောင်ခငွေ ဖြတ်ကောက်ခံခြင်းနှင့် ၀န်ဆောင်ခငွေအား ငွေဖြည့်ကတ်မှ ဖြတ်တောက်ခြင်းများအား ပြုလုပ်ရန်အတွက် အခက်အခဲရှိသောကြောင့်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောပြရာတွင် “အရင်တုန်းက ဂျီအက်စ်အမ်ဝန်ဆောင်မှုတွေကို Postpaid ဖုန်းလို့ခေါ်တဲ့ ဘီလ်ဆောင်တဲ့ဖုန်းတွေမှာ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာထွက်လာခဲ့တဲ့ ကြိုတင်ငွေဖြည့်ကတ်စနစ်သုံး ဖုန်းတွေဖြစ်တဲ့ Prepaid ဖုန်းတွေမှာကျတော့ ဒီလိုမျိုးဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ပေးဖို့ အခက်အခဲရှိလာခဲ့ပါတယ်။ အဲဒါကတော့ ၀န်ဆောင်မှုတွေအတွက် ကျသင့်တဲ့ဝန်ဆောင်ခငွေကို ပေးသွင်းတဲ့နေရာမှာ ကြိုတင်ငွေဖြည့်ကတ်သုံးဖုန်းတွေက ငွေဖြည့်ကတ်ကနေ ငွေကို တစ်ခါတည်းဖြတ်ယူနိုင်ဖို့ သိပ်အဆင်မပြေပါဘူး။ ဘီလ်ဆောင်တဲ့ဖုန်းတွေကျတော့ ရုံးမှာ ဘီလ်လာဆောင်တဲ့အချိန်မှာ တစ်ပါတည်းကောက်ခံလို့ရပါတယ်။ ကြိုတင်ငွေဖြည့်ကတ်သုံးဖုန်းတွေကျတော့ ၀န်ဆောင်ခငွေကို
ငွေဖြည့်ကတ်ကနေ ဖြတ်ယူလိုက်ရင် ငွေဖြည့်တဲ့သူက၀န်ဆောင်ခအတွက် ငွေဖြတ်တယ်လို့မသိပဲ ငွေဖြည့်ကတ်က ငွေအပြည့်မ၀င်ဘူး၊ ငွေဖြည့်ကတ်ဖြည့်တဲ့အချိန်မှာ မြန်မာ့ဆက်သွယ်ရေးက
ငွေဖြတ်သွားတယ် အစရှိတဲ့ အထင်အမြင်လွဲမှားခြင်းတွေ ရှိလာနိုင်တဲ့အတွက်ကြောင့်ပါ။ ခုလက်ရှိအချိန်မှာတောင် Call Back Ring လို့ခေါ်တဲ့ My Ringtune ၀န်ဆောင်မှုကို အသုံးပြုထားတဲ့သူတွေက ဖုန်းငွေဖြည့်တဲ့အချိန်မှာ My Ringtune ၀န်ဆောင်ခအတွက် လစဉ်ကြေးငွေကို ဖြတ်သွားတဲ့အခါမှာ မြန်မာ့ဆက်သွယ်ရေးကငွေဖြတ်တယ်လို့ အထင်မှားတာမျိုးလေးတွေ ရှိပါတယ်” ဟုပြောသည်။ နောက်ပိုင်းတွင် အဆိုပါ ဂျီအက်စ်အမ်ဝန်ဆောင်မှု စနစ်များအတွက် အသုံးပြုခွင့်ပေးနိုင်ရန်နှင့် ယင်းစနစ်များအတွက် ၀န်ဆောင်ခပေးသွင်းခြင်းစနစ်များအား ဆောင်ရွက်ပြီးစီးပါက အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Ref;Internet

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here