တရုတ် ၁၃ ဦးအသတ်ခံရမှုမှာ သံသယရှိသူ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းအား စိုင်းနော်ခမ်းနှင့်အတူ ရုံးတင် စစ်ဆေး မည်ဖြစ်ကြောင်း တရုတ်သတင်းများက ဖော်ပြထားသည်။
“တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စု နားဟိုင်းလုံပြည်သူ့စစ်ခေါင်းဆောင်ဟောင်းယီလိုင်ပေါ့။ စိုင်းနော်ခမ်း ကို အမှုစစ်ရင် သူ့ကိုပါ တရုတ်အာဏာပိုင်တွေကခေါ်စစ်မှာ။ သူက မယ်ဆိုင်မှာနေတဲ့ ပူနွတ်နဲ့ပေါင်းတာလေ။ ပူနွတ်နဲ့စိုင်းနော်ခမ်းနဲ့ကလည်း မိတ်ဆွေတွေဆိုတော့ သူ့ကိုပါခေါ်လိုက်တာ။ တရုတ် ၁၃ ဦးကိုလုပ်ကြံသတ်ဖြတ် ပြီးယာဘအပြားပေါင်း ကိုးသိန်းကျော်လှေထဲထဲ့ပေးလိုက်တာဟာ ပူနွတ်နဲ့ယီလိုင်နဲ့ပေါင်းပြီးစီစဉ်တာလို့ သတင်း တွေထွက်နေတာကော်။ သူတို့က Kings Romans Casino ပိုင်ရှင်ကျောက်ဝေ ကိုအမှုဆင်ဖို့ ကျောက်ဝေ နဲ့ပတ်သက်နေတဲ့လှေကို အဲလို လုပ်လိုက်တာလို့ ထိုင်းသတင်းတွေက ထွက်နေတာ” မယ်ဆိုင်မြို့နေ ဒေသခံ တဦး ကပြောသည်။
အသက် ၆၀ ဝန်းကျင်ခန့်ရှိ ယီလိုင်းသည် ခွန်ဆာ၏ မုံးတိုင်းတပ်မတော်တွင်လည်း တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ တဦးဖြစ်ပြီး ခွန်ဆာလက်နက်ချပြီးနောက် သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့နှင့် ပူးပေါင်းခဲ့သည်။
ထိုနောက်ပိုင်း နော်ခမ်းအဖမ်းခံရချိန်အထိ ရွှေတြိဂံဒေသ၌ လှုပ်ရှားကာ ဘိန်းမှောင်ခိုများထံမှ အခွန်ကောက်ခံခဲ့ သည်။
“ ယီလိုင်ဟာ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ခြမ်း ပါမိတ်ရပ်ကွက်မှာ အိမ်ကောင်းကောင်းတလုံးရှိတယ်။ သူဘယ်ကရ တဲ့ပိုက်ဆံနဲ့ဆောက်သလဲဆိုတာတော့ မေးစရာမလိုတော့ပါဘူး” ဟု MTA တပ်၌တာဝန်ထမ်းဆောင် ခဲ့ဖူးသူ တဦးက လည်းပြောသည်။
ယမန်နှစ် စက်တင်ဘာလက လာအိုနိုင်ငံ ဘော်ကျောက်ခရိုင် တုန့်ဖင့်ရွာရှိ ကျောက်ဝေ၏ Kings Romans Casino လောင်းကစားရုံ ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ ယာဘ အိတ် ၂၀ ကျော်ဖမ်းဆီးရမိပြီးနောက်ပိုင်း အောက်တိုဘာလ၌ မဲခေါင်မြစ်၏ ထိုင်းနိုင်ငံပိုင်ရေမျက်နှာပြင်အတွင်း တရုတ်အမျိုးသား ၁၃ ဦး သတ်ဖြတ်ခံခဲ့ရ သည်။ ထိုအခင်းဖြစ်ပွါးပြီးနောက်ပိုင်း လောင်းကစားရုံပိုင်ရှင် ကျောက်ဝေအား ဒေသတွင်းအာဏာပိုင်များက တစုံတရာအရေးယူဆောင်ရွက်သည့်သတင်းများ ထပ်မံမတွေ့ရပေ။
အဆိုပါ တရုတ် ၁၃ ဦးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ထိုင်းစစ်တပ်အရာရှိ ၉ ဦးလည်း တရားစွဲဆိုစစ်ဆေးခြင်းခံခဲ့ရ ဖူးသည်။
ဧပြီလ ၂၅ ရက်က လာအိုနိုင်ငံ၌ အဖမ်းခံရသော စိုင်းနော်ခမ်းအား ယခုရက်ပိုင်းအတွင်း ရုံးတင်အမှုစစ်ရာ၌ ၎င်းနှင့်အတူ ဒု-လက်ထောက်စိုင်းအောင်မြတ်၊ နားဟိုင်းပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ယီလိုင်နှင့် ဧပြီလ ၂၀ ရက်နေ့ ထိုင်းနိုင်ငံတွင်အဖမ်းခံရသည့် စိုင်းဆန် ခမ်း တို့ ပါဝင်မည်ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲအရာရှိ Xian Yanming ကပြောသည်။
ယီလိုင်သည် ဆန်ခမ်းနှင့် နော်ခမ်းအဖမ်းမခံရခင်ကပင် လာအိုနိုင်ငံ၌ အဖမ်းခံခဲ့ရသူဖြစ်သည်။
ref: သျှမ်းသံတော်ဆင့်