(ရန်ကုန်၊ စက်တင်ဘာ ၇)
ခဲသတ္တု ထုတ်လုပ်သည့် လုပ်ငန်းတွင် လုပ်ကိုင်သော လုပ်သားများ ရေရှည်တွင် ခဲဆိပ်သင့်ကာ ဦးနှောက်နှင့် အာရုံကြော ထိခိုက်မှု များနိုင်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာသောင်းထိုက် က ပြောသည်။
ခဲဆိပ်သင့်မှုသည် ဘက်ထရီ အသစ် ထုတ်လုပ်သည့် စက်ရုံများ အပါအဝင် ဘက်ထရီအိုးများ ပြုပြင် ထုတ်လုပ်ခြင်း၊ ခဲသတ္တု တူးဖော်ခြင်း၊ သန့်စင် ကျိုချက်ခြင်း ၊ ကြေး နှင့်ကြေးနီ ကျိုချက် ထုတ်လုပ်ခြင်း၊ စဥ့်အိုး လုပ်ငန်းများတွင် ခဲတုံးများကို ထုထောင်း အမှုန့်ကြိတ်၊ ခဲရည် ဖျော်၍ အိုးများတွင် ခဲရည်သုတ်ခြင်း လုပ်ငန်း များ၌ အများဆုံး တွေ့ကြုံ နေရခြင်း ဖြစ်သည်ဟု သိရသည်။
”ခဲဆိပ်သင့်တာက ကိုင်တွယ် လုပ်ကိုင်ကြတဲ့ သူတွေသာမက အတူနေ ကလေးနဲ့ ကိုယ်ဝန်ဆောင် တွေ၊ မိသားစုတွေ မှာလည်း ခဲဆိပ်သင့်မှု ဖြစ်နိုင်တယ်။ ကလေး ငယ် တွေဆိုရင် ကိုယ်ခန္ဓာ ကြီးထွားမှု နဲ့ ဥာဏ်ရည် ဖွံ့ဖြိုးမှု နှေးကွေးမယ်၊ လူကြီးတွေက မောပန်း လွယ်မယ်။ အဆစ်တွေ၊ ကြွက်သားတွေ နာကျင် ကိုက်ခဲမယ်။ ဦးနှောက်ရောင်ခြင်း၊ မေ့မြော သတိလစ်ခြင်း၊ သေဆုံးခြင်း တို့ဖြစ်စေတယ်။ ကိုယ်ဝန်ဆောင် တွေမှာတော့ မကြာခဏ သားလျှော၊ သားပျက်ခြင်း၊ ကလေး အသေမွေး ခြင်း ဆိုတဲ့ ခဲဆိပ်သင့်မှု ဆိုးကျိုးတွေ အများကြီး ဖြစ်စေတယ်”ဟု အထက်ပါ ဆရာဝန်က ပြောသည်။
ခန္ဓာကိုယ် တွင်းသို့ ခဲမှုန့်၊ ခဲငွေ့များ ဝင်ရောက်နိုင်သည့် နည်းလမ်းများမှာ အသက်ရှူ လမ်းကြောင်းနှင့် အစာအိမ် လမ်းကြောင်း တို့မှတစ်ဆင့် ဝင်ရောက်ခြင်း တို့ပင် ဖြစ်ကြောင်း သိရသည်။
”ခဲအသုံးပြုတဲ့ လုပ်ငန်းတွေ မှာ လုပ်ကိုင်တဲ့ လုပ်သားတွေ အနေ နဲ့ ကိုယ်ခန္ဓာ အတွင်းကို ခဲဆိပ် ဝင်ရောက်မှု လျော့နည်းစေဖို့ ငါး ကလေး၊ ဗာဒံစေ့၊ သံဓာတ် ပါဝင်တဲ့ ကြက်ဥ၊ အသား၊ ငါးမျိုးစုံ၊ ပဲမျိုးစုံ ကန်စွန်းရွက်တို့၊ ဇင့်ပါတဲ့ အမဲသား၊ ကဏန်းစတဲ့ အစားအစာ တွေ နေ့စဉ် မှန်မှန်စားပေးဖို့ လိုအပ် တယ်”ဟု ၄င်းကဆက်ပြောသည်။
ခဲကို အသုံးပြု၍ လုပ်ငန်း လုပ်ကိုင်ကြသော လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့ကိုယ်တိုင် သော်လည်းကောင်း၊ မိမိတို့၏ လုပ်သားများအား လည်းကောင်း၊ လုပ်သားများမှ တစ်ဆင့် ၄င်းတို့၏ မိသားစု များအား လည်းကောင်း ခဲဆိပ်သင့်ခြင်း အန္တရာယ်များ မဖြစ်စေရန် အတွက် သက်ဆိုင်ရာမှ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်း များ ကို တိတိကျကျ လိုက်နာဆောင် ရွက်သင့်ကြောင်း လုပ်ငန်းခွင် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လုပ်ငန်းခွင် များတွင် ခဲနှင့် ပတ်သက်သည့် ပြုလုပ်မှုလုပ်ငန်းစဉ် အားလုံးအား အဆောက်အအုံ တစ်ခုတည်းတွင် လုပ်ကိုင်ခြင်း မရှိ ခြင်း၊ လုပ်ငန်း လုပ်ကိုင်ရာ အဆောက်အအုံ များတွင် လေဝင်လေထွက် မကောင်းခြင်း၊ လုပ်သားများ အနေနှင့် တစ်ကိုယ်ရည် အကာ အကွယ်သုံး ပစ္စည်းများ အသုံးပြုမှု မရှိခြင်း၊ တာဝန် ရှိသူများ ၏ ကြီးကြပ်မှု အားနည်းခြင်းတို့ကို လေ့ လာတွေ့ရှိရကြောင်း လုပ်ငန်းခွင် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ခဲဆိပ်သင့်မှု အန္တရာယ် ကြီးထွားမှု မဖြစ်ပွားရအောင် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အတူ လုပ်ငန်းရှင်များ၊ လုပ်သား များ ကပါ ဝိုင်းဝန်း ပူးပေါင်း ပါဝင်ဆောင် ရွက်သွားကြရန် သက်ဆိုင်ရာ ဌာန မှ တိုက်တွန်းထားကြောင်း သိရသည်။

ချစ်ဆုဆွေ
ref: Popular new