သြဂုတ်လ(၁၉)ရက်
ရှမ်းပြည်နယ် ပင်လုံမြို့နယ်ခွဲရှိ ဟဲနန်းကျေးရွာအုပ်စုနှင့်ဆဟောင်း ကျေးရွာအုပ်စုများ၌ ဒေသခံလူငယ်များ
အား ရှမ်းပြည်ပြန်လည်ထူထောင်ရေး
ကောင်စီနှင့် ရှမ်းပြည်တပ်မတော် RCSS/SSA
အဖွဲ့တစ်ဖွဲ့က လူသစ်အဖြစ်စုဆောင်းရန် သြဂုတ် (၁၈) ရက်နေ့မနက်ပိုင်းတွင်
ဟဲနန်းကျေးရွာသို့ ၀င်ရောက်လာခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
“ မနေ့က ရွာထဲကို ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့တွေ လာတာတွေ့တယ်၊ အုပ်ချုပ်ရေးမှူးအိမ်ကို ၀င်သွားတာတွေ့တယ်၊ ၁ နာရီလောက်ကြာတော့ ရွာသားတွေကို အဲဒီအိမ်မှာစုခိုင်းတယ်၊ လူသစ်ပေးဖို့ ကိစ္စပဲ ပြောတာပေါ့ဗျာ ” ဟု ဟဲနန်းရွာသားတစ်ဦးက ပြောပြသည်။
“ အိမ်ထောင်စု စာရင်းတွေလည်းပြခိုင်းတယ်၊ အိမ်ထောင်စုတစ်စုကို အရွယ်ရောက်တဲ့ ယောင်္ကျားလေးတစ်ဦး ပေးရမယ်လို့ ပြောတယ်၊ လူမပေးနိုင်ရင်တော့ ဒဏ်ငွေဆောင်ရမယ်လို့ ပြောသွားတာပဲ ၊ ဒီရွာတွေထဲမှာ အရွယ်ရောက်တဲ့လူငယ်တွေကိုလည်း လူသစ်ခဏခဏလာစုနေလို့ အခြားမြို့ရွာတွေမှာ သွားပြီးအလုပ်လုပ် ခိုင်းထားရတယ် ” ဟု သူက ဆက်လက်ပြောပြသွားသည်။
အဆိုပါ ကျေးရွာအုပ်စုများ၌ RCSS/SSA အဖွဲ့မှ လူသစ်အဖြစ်တောင်းထားသော လူငယ်များကို သြဂုတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး အပ်နှံရမည်ဖြစ်ကြောင်း၊ လူသစ်တစ်ဦးလျှင် ဒဏ်ငွေ (၅) သိန်းပေးသွင်းရန် သတ်မှတ်ထားကြောင်း၊ ဒေသခံများမှာ စိုက်ပျိုးရာသီဖြစ်၍ လယ်ယာလုပ်ငန်းများလုပ်ကိုင်နေချိန်တွင် ယခုကဲ့သို့ လူသစ်လာရောက်စုဆောင်းနေမှုများ၊ ဒဏ်ငွေဆောင်ခိုင်းနေမှုများကြောင့် လုပ်ငန်းခွင်မှာ အနှောင့် အယှက် ဖြစ်နေကြရကြောင်း ၊ သြဂုတ်လကုန်တွင် ပေးရမည့်လူသစ်နှင့် လူသစ်မပေးနိုင်ပါက ဆောင်ရမည့် ဒဏ်ငွေအတွက် မည်ကဲ့သို့ ဖြေရှင်းရမည်ကို မသိရသေးကြောင်း ၊ အဆိုပါကိစ္စအား အစိုးရဌာနဆိုင်ရာ အဖွဲ့ အစည်းများမှ ဖြေရှင်းပေးရန် လိုလားနေကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
စိုင်းလှမြင့်