Wednesday, September 12, 2012

တရုတ်သင်္ဘောများ ၀င်မလာရန် ဂျပန်အစိုးရ သတိပေး

0 comments
ဂျပန်အစိုးရက ၀ယ်ယူလိုက်တဲ့ အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းတွေ အနီးကို တရုတ်ကင်းလှည့်သင်္ဘော ၂ စီး စေလွှတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာ ဂျပန်က တရုတ်ကို သူ့ရေပိုင်နက်ထဲမ၀င်ဖို့ သတိပေး ပြောကြားလိုက်ပါတယ်။
ဆန်ကကုကျွန်း
ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဆန်ကကု ကျွန်း ၃ ခုကို တရုတ်က သတိပေးနေတဲ့ကြားက ဂျပန်အစိုးရက အမေရိကန် ဒေါ်လာ ၂၆ သန်းကျော်နဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၂ ဘီလီယံကျော်နဲ့ ပုဂ္ဂလိကလက်က ၀ယ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ မနေ့က ထုတ်ဖော်ပြောကြားလိုက်တာပါ။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ အဆိုပါကျွန်းတွေ ပတ်ဝန်းကျင်ကို တရုတ်အစိုးရက ကင်းသင်္ဘော ၂ စင်း စေလွှတ်လိုက်ပြီဆိုပြီး တရုတ်အစိုးရပိုင် မီဒီယာတွေက သတင်းထုတ်ပြန်ခဲ့ပြီး ဂျပန်ဟာ မီးနဲ့ကစားနေတယ်ဆိုပြီး တရုတ်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ဂျပန်အစိုးရကတော့ တရုတ်သင်္ဘောတွေလာနေတဲ့ သတင်းကို အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် နီးလာရင်တော့ သင့်တင့်လျောက်ပတ်စွာ တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် အိုဆာမူ ဖူဂျီမူရာက “ဆန်ကကု ကျွန်းပတ်ဝန်းကျင် ရေပြင်ကို သူတို့ ၀င်လာရင် ကျော်မလာဖို့နဲ့ ကျနော်တို့ရဲ့ ရေပိုင်နက်ထဲ ၀င်မလာဖို့ တောင်းဆိုသွားမယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဂျပန်သံရုံးရှေ့မှာ ရာနဲ့ချီတဲ့ တရုတ်နဲ့ ထိုင်း တက်ကြွလှုပ်ရှားသူတွေက ဂျပန်က ကျွန်းတွေ ၀ယ်ယူမှုနဲ့ ပတ်သက်ပြီး ဒီကျွန်းတွေဟာ တရုတ်ပိုင်နက် ဖြစ်တယ်ဆိုပြီး တရုတ်အလံတွေ ကိုင်ဆွဲ ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိခိုနိုဒက စစ်တပ်ရဲ့ အရေးပါမှုကို အလေးပေး ပြောဆိုပြီး တရုတ်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို ၀ယ်ဖို့ ဂျပန်အစိုးရ အဖွဲ့က အတည်ပြုခဲ့ပြီးတဲ့နောက် ဒီနေ့ စစ်တပ်ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ စစ်သည်အင်အား ၂ သိန်း ၂ သောင်းခွဲလောက်ရှိပြီး တရုတ်စစ်သည် အင်အားရဲ့ ၁၀ ပုံ ၁ ပုံ ရှိပါတယ်။ ကာကွယ်ရေး အသုံးစရိတ်ကတော့  ၁၀ နှစ် ဆက်တိုက် လျော့နည်းလာပြီး လက်ရှိဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၅၉ ဘီလီယံနဲ့ ညီမျှတဲ့ ဂျပန်ယမ်းငွေ ၄ ဒဿမ ၆၅ ထရီလီယံ ရှိပါတယ်။
ref: DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here